www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
KIA တပ်ရင်း ၆ မှ အရေးပေါ်အစည်းအဝေးခေါ်ယူ Wednesday, September 12, 2012

KIA တပ်ရင်း ၆ မှ အရေးပေါ်အစည်းအဝေးခေါ်ယူ

မြေကြီးများဖြင့် တတိုင်း သဖွယ်ကာရံ 
ထားပေးသော ကုမ္မဏီဝင်းတစ်နေရာ
စက်တင်ဘာလ ၃ ရက်နေ့တွင် KIA တပ်မဟာ ၂ လက်အောက်ခံ ဖားကန့်အခြေစိုက် တပ်ရင်း ၆ ကံစီးတွင် ကုမ္မဏီ တာဝန်ခံများ၊ ရ.ယ.က၊ မ.ယ.က တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများနှင့် အသင်းတော်တာဝန်ရှိသူများအား အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်ဟုသိရှိရပါသည်။ အစည်းအဝေးတွင် ကုမ္မဏီများနှင့်  ဗမာစစ်တပ် တို့ဆက်ဆံမှု များနှင့် ပက်သက်၍ ဆောင်ရန်နှင့် ရှောင်ရန်များကို ဦးစားပေးဆွေးနွေးအသိပေးခဲ့ကြောင်းနှင့် တက်ရောက် လာသော တာဝန်ရှိသူများကလည်း သဘောတူခဲ့ကြောင်း သိရှိရပါသည်။

သြဂုတ်လအတွင်းဖြစ်ပွါးခဲ့သောတိုက်များ၏ အဓိကတရားခံမှာ ကျောက်စိမ်းကုမ္မဏီ သဌေးကြီး ၆ ဦးဖြစ်ကြောင်းနှင့် ၎င်းတို့ က ဖားကန့်ပြည်သူတို့ ကုမ္မဏီလုပ်ငန်းနားနေချိန်တွင် တနိုင်တပိုင် ကျောက်တူးခြင်းနှင့် ရေမဆေးရှာခြင်းကို မနာလို မရှုစိမ့်ဖြစ်ကာ နေပြည်တော်သို့သွားရောက်ကာ KIA၏ ပြည်သူအများအား  ကျောက်စိမ်းတူးဖော်ခွင်ပေးနေသဖြင့် ၎င်းတို့ အလွန်ဆုံးရှုံးမှုဖြစ်ကြောင်း၊ KIA အားအမြစ်ပြတ်ချေမှုန်းပေးရန် တောင်းဆိုခဲ့ကြောင်းနှင့် လိုအပ်သော လက်နက်ရိက္ခာ၊ ထောက်ပံ့ကြေးများလည်းပေးမည်ဟု သွားရောက်ညှိနိုင်းခဲ့ကြောင်း တပ်ရင်းမှူးက ရှင်းပြခဲ့ပါသည်။ ထိုကုမ္မဏီ ၆ ခုကိုလည်း နာမည်နှင့်တကွသိရှိထားပြီးဖြစ်သည်ဟု ၎င်း ကဆက်ပြောပါသည်။

ထိုသို့ညှိနှိုင်းပြီးသည့်နောက်တွင် ကုမ္မဏီများသည် ၎င်း တို့၏ ၀င်းအတွင်း ဗမာစစ်တပ်များ ခိုအောင်းနားနေနိုင်ရန် လက်နက်များ၊ ရိက္ခာများနှင့် ဆေးဝါးများကို ကုမ္မဏီကားများဖြင့် သယ်ယူပေးခဲ့သည့် အပြင် ဗမာစစ်သားများကိုလည်း ကုမ္မဏီဝန်ထမ်းများအသွင်ဖြင့် စုဆောင်းထားပေးပါသည်။ KIA က အလွယ်တကူ လာရောက်မတိုက်ခိုက်နိုင်ရန်လည်း ကုမ္မဏီဝင်းအတွင်း ကတုတ်ကျင်းများလည်းတူးထားပေးပါသည်။ KIA ရှေ့တန်းမှ တပ်မှူးတစ်ဦးက “ကုမ္မဏီဝင်းထဲ စစ်သား ၂၀ လောက် ၀င်သွားတာတော့တွေ့လိုက်တယ်၊ ပြန်မထွက်လာတော့ဘဲ တိုက်ပွဲဖြစ်တဲ့အချိန်ကျတော့ ၁၅၀ လောက် ရှိသွားလို့ အရမ်းအံ့သြသွားတယ်။” ဟု သူ၏အတွေ့အကြုံကိုရှင်းပြပါသည်။

KIA တပ်ရင်းမှူးကလည်း “စြီးပွါးရေးသမားဆိုတာ လက်နက်ကိုင် နှစ်ဖွဲ့ကြားမှာ သင့်တင့်မျှတအောင်နေတတ်ရတယ်၊ ကျွန်တော်တို့က ကုမ္မဏီတွေဆီအခွန်ကောက်တဲ့အတွက် ကုမ္မဏီတွေကို အကာအကွယ်ပေးခဲ့ပါတယ်။ စီးပွါးရေးနယ်မြေမှာ တိုက်ပွဲမဖြစ်အောင် အတတ်နိုင်ဆုံးထိန်းပေးခဲ့တယ်။ အခုက ကုမ္မဏီလက်တစ်ဆုပ်စာရဲ့ လုပ်ရပ်ကြောင့် ဖားကန့်ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်လာခဲ့ရတာပါ။ ကျောက်စိမ်းကုမ္မဏီတွေက ဗမာစစ်တပ်ကို ခေါ်ဆောင်လာတဲ့ တရားခံဖြစ်နေတယ်၊ ဒါကယုံကြည်မှုကို အလွှဲသုံးစားလုပ်ပြီး၊ နောက်ကျောကိုဓါးနဲ့ထိုးတာပါ။ ကုမ္မဏီတွေက ဗမာစစ်သားတွေကို ခေါ်ထည့် ထားတဲ့ အတွက် သူတို့ ကုမ္မဏီဝင်းက စစ်မြေပြင်ဖြစ်သွားရတာပါ။ သူတို့ဘဲပိုနစ်နာမှာပေါ့ ဒါကိုသဘောပေါက်ဖို့လိုပြီလေ” ဟု သူ၏အမြင်ကိုပြောပြပါသည်။

ထိုလုပ်ရပ်များအတွက် ယခုအခါ ကုမ္မဏီတစ်ခုအတွက် အစောင့် ၁၀ ဦးထက်မပိုဘဲထားရမည်ဖြစ်ပြီး၊ ထိုသူများအားလုံး KIA တပ်ရင်း ၆ သို့မှတ်ပုံတင်ရတော့မည်ဖြစ်သည်။ ဗမာစစ်သားများဖြစ်နေပါက ကုမ္မဏီက တာဝန်ခံရမည်ဖြစ်ပါသည်။ ထို့အပြင် အများပြည်သူနှင့်သက်ဆိုင်သောနေရာများ (ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်အသင်းတော်၊ စာသင်ကျောင်း၊ ဇရပ်၊ ကင်းတဲ၊ ကုမ္မဏီဝင်းများတွင်လည်း ဗမာစစ်သားများအား ခိုလှုံခွင့်မပေးရန်နှင့် အတင်းအကြပ် ခြိမ်းခြောက်၍ ခိုလှုံခွင့်တောင်းလာပါကလည်း KIA တပ်ရင်း ၆ သို့ သတင်းပို့ရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်နက်ကိုင်နှစ်ဖွဲ့ တိုက်သောတိုက်ပွဲတွင် ပြည်သူလူထု ထိခိုက်မှုနည်းအောင်လုပ်ဆောင်ခြင်းဖြစ်ပါသည်။  “အစိုးရစစ်တပ်ဆိုတာ ပြည်သူကို အကာအကွယ်မလုပ်ရဘူးလေ၊ စစ်သားက စစ်တပ်မှာဘဲနေရမယ်၊ စစ်သားက စစ်ကားဘဲစီးရမယ်၊ စစ်တိုက်ရင်လည်း ပြည်သူတွေမထိခိုက်အောင်ရှောင်ရမယ်၊ ဒါကစစ်ဥပဒေပါ။” ဟု KIA အရာရှိ တစ်ဦး ကပြောကြားလာပါသည်။ 

ယခုအခါ ဖားကန့်ဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်ဆဲဖြစ်ပြီး ကုမ္မဏီအနည်းငယ် စစ်သလင်း ဖြစ်နေကြောင်း၊ ပျက်စီးဆုံးရှုံးမှုလည်းများကြောင်း သိရှိရပါသည်။ ယခုအသစ်ထုတ်ပြန်လိုက်သော စည်းကမ်းကိုလိုက်နာမည်ဆိုပါက နေ့စဉ်ဖြစ်နေသော တိုက်ပွဲများအရှိန်လျော့သွားနိုင်ပြီး၊ ပြန်လည် တည်ငြိမ်လာနိုင်သည်ဟု အများက ထင်မြင်နေကြပါသည်။

မောင်ရှင်းလင်း
၁၂/ ၉/၂၀၁၂ 
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers