KIA တပ်ရင်း (၆) မှတည်ဆာက်ပေးသော တံတားသစ်တစ်စင်းဖွင့်ပွဲလုပ်
သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် ဆိုင်းတောင်မှ ဖားကန့်သို့သွားရာတံတားကြီးတစ်စင်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါသည်။ တံတားသစ်ဖွင့်ပွဲကို ဆိုင်းတောင်ကချင်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာကြီးများ၊ ရိုမန်ကာသိုလစ်အသင်းတော်မှ အသင်းတော်လူကြီးများမှ ဆုတောင်းခြင်းဖြင့်အစပြုပြီး ကောင်းချီးပေးကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရိုးရာယဉ်ကျေးမှု လူမျိုးစု ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုများနှင့် စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ပါသည်။
ထိုဆိုင်းတောင်တံတားကြီးမှာ လွန်ခဲ့သော ဇွန်လအတွင်း ရေကြီးမှုကြောင့် ရေထဲမျှောပါ သွားခဲ့ပါသည်။ ပြည်သူလူထုများသည် ထိုတံတားမရှိတော့သဖြင့် အလွန်ဒုက္ခရောက်နေကြသော်လည်း အာဏာပိုင်များက တံတားပြန်လည်ဆောက်ပေးခြင်းမရှိဘဲ ကုတို့သာ ကူးစား နေခဲ့ ပါသည်။ ဆိုင်ကယ်တစ်စီး လူတစ်ဦးလျှင် ၁၅၀၀ ကျပ်ပေးရပါသည်။ ဌာနဆိုင်ရာအဆင့်ဆင့်သို့ တံတားပြန်လည် တည်ဆောက်ရေး အတွက် တောင်းဆိုခဲ့သော်လည်း ရန်ပုံငွေမရှိကြောင်းသာအကြောင်းပြန်ခဲ့ပါသည်။ ထို့ကြောင့် KIA တပ်ရင်း (၆)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကိုခေါ်ကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူလူထုများ အဆင်ပြေရေးအတွက် အလေးထားလုပ်ဆောင်ရန် ခေါ်ယူသတိပေးခဲ့ကြောင်း၊ လိုအပ်လျှက်ရှိသော တံတားတည်ဆောက်ရေး ရန်ပုံငွေကိုလည်း ချက်ချင်းထုတ်ပေးခဲ့ကြောင်း၊ ခိုင်လုံသော သတင်းရပ်ကွက်မှ ဆိုပါသည်။
အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးက “KIA ရဲ့လုပ်ဆောင်ချက်ကိုကြိုဆိုပါတယ်ဗျာ၊ အစိုးရကိုယ်စား အလွန်ရှက်မိပါတယ်ဗျာ၊ ဖားကန့်ဒေသမှာ တံတားတစ်စင်းဆောက်ဖို့ အစိုးရမှာ ရန်ပုံငွေမရှိဘူး ဆိုတာသိရလို့အလွန်အံ့သြမိပါတယ်။ တံတားအဟောင်းကလည်း အစိုးရဌာနဆိုင်ရာက အိတ်ထဲ ထည့်တာများသွားလို့ ဆောက်ပြီးတစ်ပတ်တောင်မပြည့်ဘဲ ရေထဲပါသွားတာပါ၊ ဒါတောင် ရေအရမ်း မကြီးသေးဘူးနော်၊ အခုက KIA ရဲ့ရန်ပုံငွေနဲ့ဆောက်မယ်ဆိုတော့ ဒီကောင်တွေမလုပ်ရဲလောက်ဘူးလေ၊ ဟိုတလောကမှ KIA တွေထောင်းထားတယ်လေ” ဟုမှတ်ချက်ပြုသွားပါသည်။
စာရေးသ၏အမြင်အားဖြင့်လည်း လက်ရှိအစိုးရမှာ အစိုးရတစ်ရပ်၏ ဂုဏ်အင်လက္ခဏာများ ပိုကင်းမဲ့လာ သလို KIO အစိုးရသည် အစိုးရပို၍ဆန်လာကြောင်း၊ ပြည်သူလူထုအရေးကို ပို၍အလေးထားကြောင်း မြင်တွေ့လာရပါသည်။ အပြန်အလှန်အားဖြင့် ပြည်သူလူထုသည်လည်း KIO အစိုးရအား ပို၍ ယုံကြည်လာပြီး ပူးပေါင်းလုပ်ဆောင်ထောက်ခံလာသည်မှာလည်းငြင်း၍မရနိုင်ပါ။ သို့ဖြစ်၍ အစိုးရနှစ်ရပ် ယှဉ်လာချိန်တွင် မည်သူအစိုးရနည်းဟုမေးလာပါက ပြည်သူ့အရေးကိုအလေးထားသော၊ ပြည်သူ့မျက်နှာကို ကြည့်သောသူသည်သာလျှင်စစ်မှန်သော အစိုးရဖြစ်ကြောင်း ဟုသာဆိုချင်ပါတော့သည်။


