www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ရေကာတာကြောင့် ရှမ်းပြည်သူများ ဒုက္ခတွေ့ဟု အစီရင်ခံစာ ထုတ်ပြန်

ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ရိုးပေါ်တွင် တည်ဆောက်မည့် တာဆန်း ရေကာတာ စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ ညှင်းဆဲနှိပ်စက် ခံနေရသည်ဟု ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် ရေးသား ဖော်ပြထားသည်။


တာဆန်း ရေကာတာကို ကန့်ကွက်ကြောင်း ရေးသားထားသည့် အစီရင်ခံစာ စာအုပ် မျက်နှာဖုံး

တာဆန်း ရေကာတာကြောင့် ဒေသခံ သုံးထောင် ခန့်သည် မြန်မာ စစ်အစိုးရ တပ်များ၏ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရကြောင်း ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ “ဘဝဇစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” (Roots and Resilience) အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ၁ဝ နှစ်ကပင် လူဦးရေ တသောင်းခွဲခန့်သည် ၎င်းဒေသမှ ဖယ်ပေးခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

“တာဆန်း ရေကာတာ ဖြစ်ပေါ်လာမယ် ဆိုရင် ဒီနေရာဒေသမှာ လူဦးရေ သုံးထောင် မကဘူး၊ အရင်တုန်းက ရွှေ့ပြောင်းခံရတဲ့ လူတွေ သူတို့ရဲ့ နေရပ်ဒေသကို မပြန်နိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းက ဧရာဝတီသို့ ပြောသည်။

ရေကာတာ စီမံကိန်း အတွက် ၁၉၈၁ ခုနှစ် ကတည်းက ဂျပန်နှင့် ထိုင်းမှ ပုဂ္ဂလိက ကုမ္ပဏီများ နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းတို့က ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။ စီမံကိန်းသည် မိုင်းပန်မြို့ နှင့် မိုင်းတုံမြို့နယ် ကြားတွင် တည်ရှိသည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းသည် ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိပြီး မြန်မာ့ တပ်မတော်၏ ကိုယ်ပိုင် စက်မှုလုပ်ငန်း၊ နည်းပညာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု တပ်မတော်ရေးရာ ကျွမ်းကျင်သူ မောင်အောင်မျိုးက တပ်မတော်ကို တည်ဆောက်ခြင်း (Building the Tatmadaw) အမည်ရှိ စာအုပ်တွင် ရေးသားထားသည်။ နိုင်ငံအနှံ့တွင် အကြီးစား စက်မှု လုပ်ငန်းပေါင်း အနည်းဆုံး ၂၁ ခုကို လုပ်ကိုင်နေသည်ဟု ဆိုသည်။

၎င်းစီမံကိန်း ရေကာတာ ဆောက်လုပ်ရေး နှင့် ရေအားလျှပ် စစ်စက်ရုံ တည်ဆောက်ရေး အတွက် အနည်းဆုံး ဒေါ်လာ သန်း ၆၀၀၀ ကုန်ကျမည်ဟု ဆိုသည်။ ရေကာတာ၏ အမြင့်သည် ၂၂၈ မီတာ ဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးရေကာတာ ဖြစ်လာမည်ဟု အင်္ဂလိပ် နှင့် ထိုင်း နှစ်ဘာသာဖြင့် ရေးသားထားသည့် အစီရင်ခံစာတွင် ရေးထားသည်။

မြန်မာပြည်တွင် နာမည်ကြီးသော ဘီလူးချောင်း ရေအားလျှပ်စစ် စက်ရုံအမှတ် ၁ မှ ၂၈ မဂ္ဂါဝပ်၊ စက်ရုံအမှတ် ၂ မှ ၁၆၈ မဂ္ဂါဝပ် ထွက်ရှိသော်လည်း တာဆန်း စီမံကိန်းက မဂ္ဂါဝပ် ထောင်နှင့်ချီပြီး ထွက်ရှိမည်ဟု ဆိုသည်။

“တာဆန်း(သံလွင်) အမည် တွင်မည့် အဆိုပါ မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီးမှ ထုတ်ယူရရှိမည့် လျှပ်စစ် ဓာတ်အား ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ် ဖြစ်ပေသည်” ဟု ၂၀၀၅ ခုနှစ်က အာဏာပိုင်တို့ ထုတ်ဝေသည့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု မှတ်တမ်း စာအုပ်တွင် ဖော်ပြထားသည်။

“သံလွင်မြစ်၏ စွမ်းအားကို အသုံးချ၍ ပြည်ထောင်စုကြီး ထွန်းကားအောင် နိုင်ငံတော်က စွမ်းဆောင်ပေးမည့် မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီး ဖြစ်သည်” ဟု စာအုပ်တွင် ရေးထားသည်။

လျှပ်စစ်ဓာတ်အားကို ၎င်းဒေသအတွင်း အခမဲ့ သုံးစွဲ ခွင့်ပြုကာ ထိုင်းနိုင်ငံသို့လည်း ရောင်းချမည်ဟု ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီတခု နှင့် စစ်အစိုးရတို့ အကြား ၂ဝဝ၆ ခုနှစ် ဧပြီလ အတွင်းက သဘော တူထားကြသည်။

ဤစီမံကိန်းသည် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် ဒေသတွင် တည်ရှိသောကြောင့် ဒေသခံများအတွက် ပိုမို ခက်ခဲစေသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းက ပြောသည်။

“ဒီရေကာတာဟာ စစ်ဇုံထဲမှာ ရှိတယ်၊ စစ်အစိုးရ တပ်တွေကလည်း ရွာသားတွေကို အဲဒီ နယ်မြေအတွင်းက ထွက်သွားအောင် အတင်း အဓမ္မ မောင်းထုတ်နေတယ်၊ ရွာသားတွေ ထိုင်းနိုင်ငံကို ထွက် ပြေးလာကြတယ်၊ အကယ်၍ တာဆန်း ရေကာတာကြီး ဆောက်လုပ် ဖြစ်သွားရင် ရွာသားတွေ သူတို့ရဲ့ ဌာနေရင်း ကို ဘယ်တော့မှ ပြန်နိုင်တော့မှာ မဟုတ်ဘူး” ဟု ကိုစိုင်းစိုင်းက ပြောသည်။

ထို တာဆန်း ရေကာတာ စီမံကိန်းအား ထိုင်းနိုင်ငံ၏ အမျိုးသား စွမ်းအင် ဖွံ့ဖြိုးရေး စီမံကိန်း အတွင်း ထည့်သွင်းထားသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ထိုင်းအစိုးရက ရေကာတာ ဖြစ်မြောက်ရေး အတွက် ထောက်ခံ အားပေးမှုကို ထပ် လောင်း အတည်ပြုလိုက်ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရေကာတာ စီမံကိန်းသည် ၂၀၁၁ ခုနှစ်တွင် ပြီးစီးမည်ဟု ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ခန့်မှန်းထားသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

Followers