www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ခိုးကူးခွေကြောင့် ဂီတလောကသားများ ငွေရှာသည့်ပုံစံပြောင်းရ

ခိုးကူးခွေများကြောင့် စီးရီးအသစ်များ မထွက်နိုင်သဖြင့် အဆိုတော်များ၊ တီးဝိုင်းသမားများသည် စားဝတ်နေရေး အတွက် မင်္ဂလာဧည့်ခံပွဲ၊ မွေးနေ့ပွဲ၊ နှစ်ပတ်လည် အခမ်းအနားနှင့် စားသောက်ဆိုင်များတွင် ဖျော်ဖြေခြင်းဖြင့် ၀င်ငွေရှာနေကြရသည်။


“ရှက်ဖို့လည်းကောင်းတယ်။ နာမည်ရထားပြီးသား၊ အောင်မြင်တဲ့ အဆိုတော်ပေမယ့် မင်္ဂလာ ဧည့်ခံပွဲတွေ၊ မွေးနေ့ပွဲတွေလို ပွဲတွေက သီချင်းဆိုဖို့ ကမ်းလှမ်းလာရင် မငြင်းရဲဘူး၊ ဈေးနှုန်းကို ညှိပြီး မဖြစ် ဖြစ်အောင် ဆိုရတယ်။ ဒါက ဂီတလောကမှာ တကယ်ဖြစ်နေတဲ့ အခြေအနေမှန်ပါ” ဟု အသက် ၄၀ အရွယ် အဆိုတော်ကြီး တဦးက ရှင်းပြသည်။

သီချင်းစီးရီး တခွေလျှင် အနည်းဆုံး ကျပ် သိန်း ၂၀၀ ခန့် အကုန်အကျခံ ထုတ်လုပ်ထားသည်ကို ခိုးကူးခွေ ရောင်းချသူများက အလွယ်တကူ ကူးယူပြီး အဖမ်းအဆီးမရှိ ရောင်းချနိုင်သည့် အတွက် တေးထုတ်လုပ်ရေး လုပ်ငန်းများ အကြီးအကျယ် အရှုံးပေါ်လျက်ရှိကြောင်း ကြားသိရသည်။

တေးစီးရီး ထုတ်လုပ်သူများ လုပ်ငန်းအရှုံးပေါ်သည့် အတွက် အသစ် ထုတ်လုပ်ရန် မ၀ံ့ရဲကြတော့သဖြင့် အဆိုတော်များ၊ သီချင်းရေးဆရာများ၊ တီးဝိုင်းများ အစရှိသည့် ဂီတဖြင့် အသက်မွေးဝမ်းကြောင်း ကြသူ အများ အပြား စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့လာကာ နီးစပ်သည့် ဧည့်ခံပွဲများတွင် ပါဝင် ဖျော်ဖြေနေရ ခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

“အခွေသစ်ထုတ်ချင်တဲ့ ပရိုဂျူဆာကလည်း မရှိသလောက်ဘဲ။ အဲဒီတော့ ပရိသတ်ကို သီချင်းသစ်တွေလည်း မပေးနိုင်ဘူး။ အရင်က နာမည်ကြီးပြီးသား သီချင်းလေးတွေပဲ ပွဲရှိရင် ဆိုရတယ်” ဟု နာမည်ကျော် အဆိုတော် တဦးက ပြောသည်။

ရုပ်ရှင် သရုပ်ဆောင်အလုပ်၊ ကြော်ငြာရိုက်ကူးခြင်းနှင့် တခြားစီးပွားရေး လုပ်ငန်းများကို တွဲဖက် လုပ်ကိုင် ကြသော အဆိုတော်များနှင့် ဂီတသမားများမှာ စားဝတ်နေရေး အခက်အခဲမရှိကြကြောင်း သီချင်းရေးဆရာ တဦးကပြောသည်။

“ကိုလေးဖြူလို အဆိုတော်တွေ၊ သရုပ်ဆောင် အလုပ်ကိုပါ တွဲလုပ်တဲ့ အဆိုတော်တွေနဲ့ Iron Cross လို နာမည်ကြီးတီးဝိုင်းက ဂီတသမားတွေကတော့ စားဝတ်နေရေး ထိခိုက်လောက်တဲ့အထိ ဟန်မပျက်ကြပေမယ့် ဂီတတခုတည်းနဲ့ အသက်မွေးတဲ့ သာမန်နာမည်ရ အဆိုတော်၊ သီချင်းရေးဆရာတွေနဲ့ တီးဝိုင်းသမားတွေ အရမ်းကို အခက်အခဲဖြစ်ပါတယ်” ဟု အသက် ၅၀ ကျော်အရွယ် နာမည်ကြီး သီချင်းရေးဆရာ တဦးက ရှင်းပြသည်။

စီးရီးသစ်များ မထွက်ရှိနိုင်သည့်အတွက် ဂီတဖန်တီးမှု အသစ်များ မပြုလုပ်နိုင်ကြောင်း၊ စားဝတ်နေရေး ကိစ္စ အတွက်သာ အာရုံများနေရသည့် အတွက် အနုပညာဖန်တီး၊ တွေးခေါ်မှု အရည်အသွေးများ လျော့ကျ လာရ ကြောင်းလည်း ဂီတလောကသားများက ပြောကြသည်။

“ဖန်တီးမှုကျလာတယ်။ မိသားစု စားဝတ်နေရေးကို အာရုံစိုက်နေရတော့ အချိန်ပေးပြီး အနုပညာ ဖန်တီးမှု မလုပ်နိုင်ဘူး။ ကိုယ်ချစ်တဲ့ ဂီတက ကိုယ့်မိသားစု စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်တဲ့ အခြေအနေမှာ ဘယ်လိုမှ ဖန်တီးမှုအသစ်ဆိုတာ ထွက်မလာနိုင်ဘူး” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး တာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ခိုးကူးခွေရောင်းချသူများကို ဖမ်းဆီးခြင်းမပြုဘဲ ငွေကြေးယူပြီး ရောင်းချခွင့် ပြုထား သည့်အတွက် ဂီတလောကတွင် သီချင်းခွေ အသစ်ထွက်ရှိမှု အလွန်နည်းပါးလာကာ ဂီတလောက မှေးမှိန်ပျောက်ကွယ် သည်အထိ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး၏ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများ အပါအ၀င် မြန်မာနိုင်ငံ နေရာအနှံ့အပြား ကျေးလက်တောရွာ များပါမကျန် ခိုးကူးခွေရောင်းချသူများ စိုးမိုးလာပြီဖြစ်ကြောင်း၊ ထိုသို့ ခိုးကူးခွေ ပျံ့နှံ့မှုကို ရဲတပ်ဖွဲ့က နှိမ်နင်းခြင်း မပြုသည့် အပြင် ရောင်းချသူများထံမှ လာဘ်ယူကာ အရေးမယူဘဲ နေသည့်အတွက် ခိုးကူးခွေ ရောင်းချသူများက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ပြောင်ပြောင်တင်းတင်း ရောင်းချသည်အထိ အတင့်ရဲ လာခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။

“ဒီခိုးကူးခွေတွေကို နှိမ်နင်းဖို့ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး တွေဆီ စာတွေတင်၊ အစည်း အဝေးတွေ လုပ်တယ်။ ပူးပေါင်းအဖွဲ့ တွေလည်း ဖွဲ့တယ်။ ဒါပေမယ့် ခိုးကူး သမားတွေနဲ့ သူတို့ဆီက ငွေကြေး ယူပြီး ရောင်းချခွင့်ပြုတဲ့ မြို့နယ်ရဲတွေ အပြန်အလှန် ပူးပေါင်းထားတော့ ဘယ်လိုမှ မအောင်မြင်ဘူး” ဟု နာမည် ကြီး တေးထုတ်လုပ်ရေး လုပ်ငန်းရှင် တဦးက ရှင်းပြသည်။

ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာ ရုပ်ရှင်ရုံများ၊ ကားဂိတ်များ အပါအ၀င် အချက်အချာကျသည့် နေရာများ တွင် ခိုးကူးခွေ ရောင်းချသူများသည် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှင့် နယ်ထိန်း ရဲများကို တလလျှင် အနည်းဆုံး ငွေကျပ် ၅ သောင်းမှ ၃ သိန်းထိ လုပ်ငန်းပမာဏအလိုက် လိုင်းကြေးပေးရသည်ဟု သိရှိရသည်။

“အပြာကား ရောင်းတဲ့သူတွေက လိုင်းကြေးပိုများတယ်။ ခိုးကူးခွေတဆိုင်ကို အနည်းဆုံး အသားတင် တလ ကျပ် ၅ သောင်း ရဲကို လိုင်းကြေးပေးရတယ်။ဒီကြားထဲမှာ စည်ပင်ရဲတို့၊ ရယက၊ မယက နဲ့ ကြံ့ဖွံ့တွေက ငွေလာ တောင်းရင်လည်း ပေးရတယ်” ဟု ကျောက်တံတားမြို့နယ်၊ မြို့မ ရုပ်ရှင်ရုံအောက်တွင် ခိုးကူးခွေ ရောင်းနေသူ တဦးက ဆိုသည်။

ခိုးကူးခွေရောင်းချသူများကို စီမံချက်ဖြင့် အဖမ်းအဆီး ပြုလုပ်မည်ဟု သတင်းရရှိပါက မြို့နယ်နှင့် စခန်းရဲများက ၎င်းတို့ကို လိုင်းကြေးပေးထားသည့် ခိုးကူး ရောင်းသူများအား ချက်ချင်းအကြောင်းကြားကာ ဆိုင်ခေတ္တပိတ်ထား ရန် ပြောဆိုသည့်အတွက် အလွယ်တကူပင် ရှောင်ရှားနိုင်ကြသည်ဟု သိရှိရသည်။

ဖမ်းဆီးရရှိသော ခိုးကူးခွေရောင်းချသူများကိုလည်း သက်ဆိုင်ရာမြို့နယ် တရားရုံး တရားသူကြီးများက ထောင်ဒဏ် ချမှတ်ခြင်း မပြုဘဲ လာဘ်ငွေယူကာ ငွေဒဏ်သာ ချမှတ်သည့်အတွက် ထိုအဖမ်းခံရသည့် ခိုးကူး စီးပွားရေး သမားများ ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း ခိုးကူးခွေကိုသာ ပြန်လည်ရောင်းချကြသည်ဟု ရန်ကုန် အထက်တန်း ရှေ့နေတဦးက ဆိုသည်။

“ရုပ်မြင်သံကြားနဲ့ ဗီဒီယို အက်ဥပဒေအရ ခိုးကူးခွေ ရောင်းတဲ့သူတွေကို ထောင်ဒဏ် ၃ နှစ်ထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်လို့ ရပါတယ်။ ဒါပေမယ့် မြို့နယ် တရားသူကြီးတွေ၊ ရဲတွေ ကို လာဘ်ပေးပြီး ငွေဒဏ်လောက်ပဲ အပြစ်ဒဏ် ကျခံရတယ်” ထိုအထက်တန်းရှေ့နေက ရှင်းပြသည်။

ရန်ကုန်မြို့တွင် အသေးစား လမ်းဘေးခိုးကူးခွေအရောင်းဆိုင် တဆိုင်ဖွင့်မည်ဆိုပါက ငွေ ကျပ် ၃ သိန်းခန့် ရင်းနှီးရပြီး နေ့စဉ် ၀င်ငွေ ၃ သောင်း အထက်ရှိကြောင်း၊ ညစ်ညမ်းအခွေများပါ ရောင်းချမည်ဆိုပါက နေ့စဉ် ၀င်ငွေ ကျပ် ၅ သောင်းအထက်ရရှိကြောင်းသိရသည်။

မြန်မာ VCD သီချင်းခွေ တခွေလျှင် ငွေ ၃၀၀ ကျပ်၊ ဟောလိဝုဒ် ရုပ်ရှင်ကား DVD တခွေလျှင် ၅၀၀ ကျပ်၊ မြန်မာ စာတန်းထိုး ကိုရီးယား ဇာတ်လမ်းတွဲ DVD တခွေလျှင် ၇၀၀ ကျပ်၊ မြန်မာညစ်ညမ်း DVD တချပ်လျှင် ၁၂၀၀၊ နိုင်ငံခြား ညစ်ညမ်းခွေ တချပ်လျှင် ၁၅၀၀ ဖြင့် ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers