www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပြည်သူလူထုက ချစ်ခင် လေးစား အားထားသည့် အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာမှ ပြီးခဲ့သည့်လတွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံနေရသည့် အချိန် စုစုပေါင်းမှာ ၁၄ နှစ် ပြည့်တော့မည် ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သည့် ထူးခြား ထင်ရှားသည့်ဖြစ်ရပ်များကို ဖော်ပြလိုက်ပါသည်။ သူနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာ့နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်တချို့၏ ပြောကြားချက်များကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါသည်။

၁၉၈၈ သြဂုတ် ၂၄

ဦးနေဝင်း၏ တပါတီအာဏာရှင်အစိုးရကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆေးရုံကြီးရှေ့တွင် မိန့်ခွန်း ပြောကြားသည်။ လူထုနှင့် ပထမဆုံးအကြိမ် ထိတွေ့မှု ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလားလို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။ တကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံးရွေးချယ်မှု တိကျ မှန်ကန်တယ်” ဟု စာရေးဆရာ မောင်မိုးသူက ပြောသည်။

၁၉၈၈ သြဂုတ် ၂၆
ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ လူထု ပရိသတ် ၅ သိန်းခန့် တက်ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေးကို တောင်းဆိုပြီး ပြည်သူ လူထု ညီညွတ်ကြရန် တိုက်တွန်းသည်။ (စက်တင်ဘာ ၁၈ တွင် မြန်မာ့ တပ်မတော်က ဦးနေဝင်းအစိုးရထံမှ အာဏာ သိမ်းယူလိုက်သည်။)

၁၉၈၈ စက်တင်ဘာ ၂၇
၁၉၈၈ နောက်ပိုင်း အင်အား အကောင်းဆုံး၊ အထင်ရှားဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲ့စည်းသည်။

“အဖွဲ့ချုပ်ကို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဖွဲ့စည်းခဲ့တာပဲ” ဟု အဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

၁၉၈၈ ဒီဇင်ဘာ ၂၇
မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်။ ထောင်သောင်းချီသော လူထုကြီးက ဈာပနအခမ်းအနားကို ငြိမ်းချမ်းစွာ လိုက်ပါ ပို့ဆောင်သည်။ စစ်အစိုးရ ခေါင်းဆောင် တချို့လည်း ဈာပနသို့ တက်ရောက်သည်။

၁၉၈၉ ဧပြီ ၅
ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်စဉ် ဓနုဖြူမြို့ အရောက်တွင် စစ်သားများက တားဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ရန် ဗိုလ်ကြီး မြင့်ဦးက စစ်သား ၆ ယောက်အား အမိန့်ပေးနေစဉ် ဗိုလ်မှူး ၂ ဦးက ဝင်ရောက် တားဆီးခဲ့သဖြင့် အသက် အန္တရာယ်မှ လွတ်မြောက်သွားသည်။

၁၉၈၉ ဇူလိုင် ၂ဝ
နေအိမ်တွင် ၆ နှစ်ကြာ စတင် ထိန်းသိမ်းခံရသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁ဝ လ အကြာတွင် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

၁၉၉ဝ မေ ၂၇
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံအနှံ့တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရသော်လည်း အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။

၁၉၉၁ ဒီဇင်ဘာ ၁ဝ
၁၉၉၁ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည်။ ဆုရရှိခြင်းကို ထောက်ခံသည့် ဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားရာ ကျောင်းသား အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။

“မတရား ဖမ်းဆီးခြင်း ခံထားရတဲ့ ခေါင်းဆောင် တယောက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိတဲ့ဟာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ အဲဒီခေါင်းဆောင် လွတ်မြောက်ဖို့ အတွက် ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသား အယောက် ၂ဝဝ ကျော် မတရား ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးနဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တာ ခုအချိန်အထိ နှစ် ၂ဝ ကျော်ခဲ့ပါပြီ” ဟု ၁၉၉၁ ဒီဇင်ဘာ ၁ဝ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။

၁၉၉၄ စက်တင်ဘာ ၂ဝ

ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။

၁၉၉၅ ဇူလိုင် ၁ဝ
၆ နှစ်ကြာ အကျယ်ချုပ်မှ လွတ်မြောက်သည်။ နေအိမ်ရှေ့သို့ သွားရောက် စုဝေးသော ပြည်သူလူထုကို စနေ တနင်္ဂနွေ ညနေပိုင်းများတွင် မိန့်ခွန်းပြောသည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုတို့ တွေ့ဆုံမှုကို ဟန့်တားရန် ၁၉၉၆ နိုဝင်ဘာလတွင် တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့လိုက်သည်။

၁၉၉၅ ဒီဇင်ဘာ ၂၈
၁၉၉၃ တွင် အစပြုခဲ့သည့် အမျိုးသား ညီလာခံကို လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့် ရသည့်အချိန်မှ ပြန်လည် တက်ရောက်မည်ဟု ဆိုပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များ ညီလာခံမှ ထွက်ခွာကြသည်။

၁၉၉၆ မတ် ၁၃
လူရွှင်တော် ဦးပါပါလေး၏ အမှုတွင် သက်သေ လိုက်ရေး အတွက် မန္တလေးသို့ သွားရန် စီစဉ်ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြပြီး ဖြုတ်သိမ်းကာ ခရီးစဉ်ကို တားဆီးလိုက်သည်။

၁၉၉၆ နိုဝင်ဘာ ၉
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်သည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။

၁၉၉၈ ဇူလိုင် ၂၃
ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြို့များသို့ သွားရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းရာ အာဏာပိုင်တို့က တားဆီးလိုက်သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ တားဆီးခံရသည်။ နောက်ဆုံးတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်လိုက်သည်။

၁၉၉၈ စက်တင်ဘာ ၁၆
တိုင်းရင်းသားပါတီ ၄ ခုနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ပေါ်ပေါက်ရေးအတွက် ဦးဆောင် ပါဝင်သည်။ ဤကော်မတီ ဖြစ်မြောက်ရေးအတွက် လပေါင်း အတန်ကြာ အချိန်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။

“မြန်မာပြည်ကို ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမယ် ဆိုတာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ တကယ်ကို ပကတိ အခြေအနေက ရှိနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ဆွေးနွေး ပြီးတော့ ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ် ဆိုတာ ပြောလည်း ပြောတယ်၊ ယုံလည်း ယုံကြည်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၉ မတ်
ကင်ဆာရောဂါ ဖြစ်ပွားနေသော ခင်ပွန်းသည် မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် စစ်အစိုးရကို မေတ္တာ ရပ်ခံသည်။ စစ်အစိုးရက ပြည်ဝင်ခွင့် မပြုပေ။ ထိုလ ၂၇ ရက်နေ့တွင် မိုက်ကယ်အဲရစ် ကွယ်လွန်သည်။

၂ဝဝဝ သြဂုတ် ၂၄
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ လမ်းတွင် ပိတ်ဆို့ တားဆီးခံရသည်။ ၉ ရက်အကြာတွင် အာဏာပိုင်တို့က လုံထိန်း အင်အား ၂ဝဝ ခန့်ဖြင့် ဝိုင်းဝန်း ဖမ်းဆီးပြီး နေအိမ်သို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။

၂ဝဝဝ စက်တင်ဘာ ၂၁
မန္တလေးသို့ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်ကုန်ဘူတာကြီးတွင် တားဆီးခံရသည်။ နေအိမ်သို့ ကြမ်းကြမ်းတမ်းတမ်း ပို့ဆောင်ခံရပြီး ၂ နှစ် နီးပါး အကျယ်ချုပ် ချခံရသည်။

၂ဝဝ၂ မေ ၆
ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည်။

၂ဝဝ၃ မေ ၃ဝ
မြန်မာပြည်အနှံ့ ခရီးထွက်စဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၅ဝဝဝ ခန့်၏ တိုက်ခိုက်မှုကို ခံရသည်။ ကားမောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်တနေ့တွင် ရေဦးမြို့၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၃ စက်တင်ဘာ
ကျန်းမာရေး ထိခိုက်သဖြင့် အာရှတော်ဝင် ဆေးကုခန်းသို့ တက်ရောက် ကုသမှု ခံယူသည်။ ဆေးရုံမှ ဆင်းပြီးသောအခါ နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခံရသည်။ တတိယအကြိမ် နေအိမ် အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။

၂ဝဝ၇ စက်တင်ဘာ ၂၂
ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့သို့ ရောက်လာသည့် ချီတက် ဆန္ဒပြသူ သံဃာတော်များကို ခြံတခါးဝသို့ ထွက်ပြီး အရိုအသေပေးသည်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူထုနှင့် တွေ့ခွင့် ရလိုက်ခြင်းဖြစ်သည်။

၂ဝဝ၉ မေ ၁၄
နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ နိုင်ငံခြားသား တဦး ဝင်ရောက်ခဲ့သောကြောင့် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၉ မေ ၂ဝ
အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ရန်ကုန် အခြေစိုက် သံတမန်များ ရောက်ရှိသွားသည်။ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ဟု သံတမန်များမှတဆင့် ပြောကြားလိုက်သည်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers