www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
K.I.O/K.I.A နှင့် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ လေ့လာတင်ပြချက် Thursday, December 13, 2012

K.I.O/K.I.A နှင့် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ လေ့လာတင်ပြချက်

K.I.O/K.I.A နှင့် အစိုးရအကြား၊ ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ K.I.O လူကြီးတဦးကို မေးမြန်းကြည့်ရာ အောက်ပါအတိုင်း ဖြေကြားသည်ကို တင်ပြအပ်ပါသည်။ ယခုလက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ၉/၆/၂၀၁၁ နေ့မှာစတင်ခဲ့တဲ့ တာပိန်မြစ် ရေအားလျှက်စစ်စက်ရုံ လုံခြုံရေးကို အကြောင်းပြုပြီး ဖြစ်ခဲ့သည့် စစ်ပွဲဟာ ယခင်တိုက်ပွဲများနှင့်၎င်း၊ အခြားသော တိုင်းရင်းသားဒေသများမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်၎င်း မတူခြားနားကြောင်း၊ တာပိန်ရေးအားလျှက်စစ်စက်ရုံ မတည်ဆောက်မီ ချဉ်းကပ်လမ်းကြောင်း ရှာဖွေချိန်ကစပြီး စက်ရုံပြီးစီး၍ လျှက်စစ်မီးရရှိသည်အထိ (စက်ရုံပြီးစီးသည်အထိ) K.I.O/K.I.A လုံခြုံရေးအောက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံမှာလည်း K.I.O/K.I.A ထိန်းချူပ်နယ်မြေအတွင်းတွင် တည်ဆောက်ထားသော စက်ရုံဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန်(ထိုစဉ်က ဝန်ကြီးချူပ်) ကိုယ်တိုင်လာရောက် ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုစဉ်ကဘာလုံခြုံရေး ပြဿနာမျှ မရှိခဲ့ကြောင်း၊ စက်ရုံဖွင့်ပြီး တစ်နှစ်နှီးပါး ကြာလာသည့်အခါမှ စက်ရုံလုံခြုံခြင်းစကားပြောလာခြင်း ဖြစ်ကြောင်း၊ ဝင်တိုက်တာလည်း ရှမ်းပြည်နယ် မိုးမိတ်ဗျူဟာမှဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၉/၆/၂၀၁၁ ရက်နေ့မှာ K.I.O ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း၊ မပခ တိုင်းမှူးအပြောတွင် အင်အားသုံးမည့် အသုံးအနှုန်းမျိုး ပါရှိနေသဖြင့် အင်အားမသုံးရန်နှင့် အကယ်၍အင်အားသုံးလာပါက ကချင်ပြည်နယ် တခုလုံးသို့ စစ်မီးပျံ့နှံ့သွားနိုင်ကြောင်း၊ ဒီလိုဖြစ်လာပါက တိုင်းမှူး၏ တာဝန်သာဖြစ်မည်ဖြစ်ကြောင်း၊ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ အင်းအားသုံးလာပါက ခုခံကာကွယ်စစ်ဆင်နွဲရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း၊ သိရှိရပါသည်။

ထို K.I.O လူကြီးကဆက်ပြောသည်မှာ ၁၀/၆/၂၀၁၁ ရက်တွင် K.I.A ထုံဖိုစခန်း (ဘွမ်ဆင်စခန်း) ကိုစတင် ထိုးစစ်ဆင် တိုက်ခိုက်ခံရကြောင်း၊ ဒါကြောင့်ထိုနေ့မှာဘဲ K.I.O ဗဟိုကော်မီတီက ခုခံကာကွယ်စစ်ဆင်နွဲဘို့ အမိန့်ပေးခဲ့ရကြောင်း သိရှိရပါသည်။ ဒီနေရာမှာ လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်ရန်လိုအပ်လျက်ရှိပါတယ်။ လုံခြုံရေးယိုယွင်းနေတယ်ဆိုတာဟာ ဘယ်လောက်ခိုင်လုံမှုရှိသလဲ၊ ဘာအထောက်အထားပေါ်အခြေခံပြီး ပြောတာလဲ၊ လုံခြုံရေးလိုအပ်ကြောင်း တိုင်ကြားချက်ရှိပါသလား၊ မည်သူမည်ဝါက တိုင်ကြားသလဲ၊ အကယ်၍ လုံခြုံရေး အမှန်တကယ်လိုအပ်တယ်ဆိုလျင် အင်အားမသုံးဘဲ အချင်းချင်း ညှိနှိုင်းပြောဆို၍မရနိုင်ဘူးလား၊ ဘာကြောင့် အင်အားသုံးဝင်ရောက် တိုက်ခိုက်ပြီးမှ ငြိမ်းချမ်းရေးစကား ပြောရသလဲ၊ ဒီလိုဝင်တိုက်မဲ့ကိစ္စကို ကချင်ပြည်နယ်အစိုရနှင့် ကြိုတင်ညှိနှိုင်း အသိပေးမှုကောရှိခဲ့ပါသလား၊ ကချင်ပြည်နယ် အစိုးရကလည်း မိမိအုပ်ချူပ်နယ်မြေထဲကို တိုက်ခိုက်လာတာကို ဘာဖြစ်လို့ ငြိမ်နေသလဲ၊ သမ္မတကြီးကိုကော ဒီကိစ္စတင်ပြခဲ့ဘူးတာရှိသလား ဆိုသည့် မေးခွန်းများစွာပေါ်ထွက်နေတာ တွေ့ရှိရပါတယ်။

K.I.O လူကြီးက ဆက်လက်ပြောပြရာမှာ ၁၉၉၄ ခုနှစ်တုန်းက အပစ်အခတ်ရပ်ဆိုင်းခဲ့တာလည်း BGF ဖွဲ့ဘို့၊ ရွေးကောက်ပွဲဝင်ဘို့မဟုတ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးဘို့ဘဲဖြစ်ကြောင်း၊ ဆက်ဆံရေးရုံုးလည်း (၃၀) ခန့်ဖွင့်ထားပြီး ဖြစ်ကြောင်း၊ ဒါအပေါ်သူတို့ကဘယ်လိုမြင်သလဲ၊ ဘယ်လိုသဘောထားသလဲမသိဘူး၊ စစ်ပြန်တိုက်ပြီးမှ အပစ်အခတ်ရပ်စဲရအောင်၊ ငြိမ်ချမ်းရေးလုပ်ရအောင်ဆိုလာတယ်၊ ဒါကို နှုတ်သာပွင့်လင်းပြီး၊ အတွင်းစိတ်မပွင့်လင်းဘူး၊ ပါးစပ်သာပွင့်လင်းပြီး အတွင်းစိတ်မပွင့်လင်းရင် မဖြစ်ဘူးလို့ K.I.O ဖက်ကမြင်ကြောင်း ရှင်းပြပါသည်။

ဒါကိုထောက်ရင် ယခုလက်တလောဖြစ်ပျက်နေတဲ့ ပြဿနာဟာ မည်သူတွေတာဝန်ရှိသလဲဆိုတာကို ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးသင့်သည်ဟု စာရေးသူကသုံးသပ်အပ်ပါသည်။ နောက်တခုက မပခ တိုင်းမှူးရဲ့ ၁၇/၉/၂၀၁၁ ရက်နေ့စွဲပါ စာကိုလည်းထုတ်ပြပါတယ်။ ဒီစာကို မူရင်းစာသားအတိုင်း တင်ပြအပ်ပါသည်။

တဖက်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံတော်စီမံကိန်းကြီးများ၏ လုံခြုံရေးနှင့် အောက်ခြေအတွင်း ပဋ္ဋိပက္ခများကြောင့်ဖြစ်ပေါ်လာသော ပြဿနာဖြေရှင်းမှုများမှအပ မိမိတို့အနေဖြင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ယခုလည်းဆောင်ရွက်နေခြင်းမဟုတ်ကြောင်း အသိပေးအပ်ပါသည်။

ထာဝရငြိမ်းချမ်းရေးကို လိုလားကြောင်း နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လမ်းစလိုအပ်ပါကြောင်း ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး၏ နိုင်ငံတော် အခြေပြုမိန့်ခွန်းတွင်လည်း ပါရှိပြီးဖြစ်သဖြင့် ကြိုဆိုပါသည်။ အခိုင်အမာ အပစ်အခတ်ရပ်ဆဲရေးလိုအပ်ပါကြောင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။ (ပုံxxx) ဤတိုင်းမှူးရဲ့စာအရဆိုရင် နိုင်ငံတော်ဆိုတာဘာလဲ ဆိုတာစဉ်းစားရပါမယ်။ နိုင်ငံတော်ဆိုတာ ကျေးရွာ၊ ရပ်ကွက် မှစပြီး အဆင့်ဆင့်စုဖွဲ့ထားခြင်းဖြစ်ကြောင်း အခြေခံဥပဒေမှာ အခိုင်အမာဆိုထားပါတယ်။

ဒါကြောင့်နိုင်ငံတော်စီမံကိန်းဆိုတာလဲ ဒေသခံပြည်သူတွေ၊ အောက်ခြေပြည်သူလူထုတွေ အကျိုးခံစားခွင့်ရှိမှ၊ ခံစားနိုင်မှ နိုင်ငံတော်စီမံကိန်း မည်မှာဖြစ်ပါတယ်။ အထက်ကိုသာ သို့မဟုတ် တဖက်သားအကျိုးခံစားခွင့် ရှိမယ်ဆိုရင် နိုင်ငံတော်စီမံကိန်းမည်မှာ မဟုတ်ဘူးလို့ယူဆရပါတယ်။ ဒီလို အချင်းချင်း ပဋ္ဋိပက္ခဖြစ်မယ့်၊ အချင်းချင်းတိုက်ခိုက်ကြမယ့် နိုင်ငံတော် စီမံကိန်းမျိုးကိုတော့ ရပ်တန်းကရပ်သင့်ပြီလို့လဲ ယူဆရပါတယ်။ ဒီစီမံကိန်းဟာ တဖက်နိုင်ငံကို (တာထန်းကို) ၉၀% အကျိုးခံစားခွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခု K.I.O/K.I.A နှင့် တိုက်နေတဲ့ တိုက်ပွဲတွေဟာ ၉၀% သောတဖက်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေးဘို့ တိုက်နေတဲ့တိုက်ပွဲတွေဘဲ ဖြစ်ပါတယ်။ ကောင်းကောင်းမမြင်တတ်ရင် (အပြင်ကကြည့်ရင်) တော့ K.I.O/K.I.A နှင့် အစိုးရတပ်တို့ တိုက်နေကြတယ်လို့ဘဲမြင်မှာပါ။ အမှန်တကယ်တွင် သုံးပွင့်ဆိုင်ဖြစ်နေပါတယ်။ တဖက်နိုင်ငံကနောက် ကွယ်မှာရှိနေတယ် ဆိုတာကိုမြင်ဘို့ လိုပါတယ်။ ညီအစ်ကို အချင်းချင်းပြေလည်အောင် ဖြေရှင်းယူတတ်ရင်တော့ အကြောင်းမဟုတ်ပေမဲ့၊ ထိုသို့မဖြေရှင်းနိုင်ရင်တတိယ ပုဂ္ဂိုလ်ပါ၊ ပါလာမှာဖြစ်ပါတယ်။ အဲဒီတတိယ ပုဂ္ဂိုလ်ဟာ ဒီတိုက်ပွဲတွေမှာ သေကြေ/ပျက်စီးဆုံးရှုံးမှုတွေအတွက် နောင်တနေ့နေ့တွင် တာဝန်ယူရပါလိမ့်မယ်။

ဒီတိုက်ပွဲဟာဘာနှင့် နှိုင်းလို့ရမလဲဆိုရင် ဆဒ္ဒန်ဆင်မင်း ဝတ္ထုနှင့် နှိုင်း၍ရမယ်ထင်ပါတယ်။ အစွယ်လိုသူကမိဖုရား၊ စေခိုင်းသူက ဘုရင်မင်းမြတ် မျှားပစ်သူက တောနုတ်ဒရမုဆိုး၊ အပစ်ခံရသူက ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း၊ အခုလည်း အစွယ်လိုသူက တဖက်နိုင်ငံ (တာထန်းကုမ္ပဏီ) စေခိုင်းသူကအစိုးရ (ကာ/လုံ)၊ သွားပစ်သူက ရဲဘော်တပ်မတော်သား တွေဖြစ်ပါတယ်။ ဒီမှာမတူတာတခုရှိတာက ဆဒ္ဒန်မင်းက ဘုရားလောင်းဆိုတော့ အစွယ်ကို ကြည်ကြည်ဖြူဖြူ၊ လိုလိုလားလား ဖြတ်ယူခွင့်ပြုပြီး အသေခံတိုက်တယ်၊ K.I.O/K.I.A ကျတော့ ဘုရားလောင်းတွေ မဟုတ်ဘူး၊ ပုထုစဉ်လူသားတွေဆိုတော့ လွယ်လွယ်နဲ့ အသေမခံချင်ကြဘူး၊ မိမိကိုယ်ကို ခုခံကာကွယ်လာရတယ်ဆိုတော့ တိုက်ပွဲကရှည်နေတယ်။ နေ့စဉ် သေကြေပျက်စီးနေရတာ ခုအချိန်အထိပါဘဲ။ ဒီလိုပစ်ခတ်ကြတော့ ပြည်သူလူထုလည်း အတိဒုက္ခရောက်ခဲ့ရပါတယ်၊ ဒါကမည်သူ့မှာ တာဝန်ရှိသလဲစဉ်းစားဘို့လို ပါပြီ။

ဆဒ္ဒန်ဆင်မင်းကိစ္စက ဆဒ္ဒန်ရေအိုင်မှာ ရေကစားရင်း မိဖုရားကြီးကိုခါချဉ်ကောင်ခါချ ကြည်စားရာက စခဲ့တာပါ။ ဆဒ္ဒန်ဆင်မင်းကကြည်စားပေမဲ့ မိဖုရားက မခံမရပ်နိုင်ဖြစ်တော့ နောင်ဘဝတပါး ပြောင်းတဲ့အထိ အခဲမကြေဖြစ်ကာ ဆဒ္ဒန်ဆင်မင်း ဇီဝိန်ချုပ်သည်ထိ လက်စားချေခဲ့ပါတယ်။ ယခုလည်းအထောက်အထား ခိုင်လုံမှုမရှိ၊ အတိအကျ ပြောလို့မရတဲ့ လုံခြုံရေးကိစ္စကစခဲ့တာပါ။ ယခုသမ္မတကြီးဦးသိန်းစိန်ကလည်း K.I.O/K.I.A ကိုနိုင်ငံတော် စေတနာအပြည့်နဲ့ အမြောက်လက်နက်တွေနှင့် ကြည်စားတာလားတော့မသိဘူး K.I.O/K.I.A ထိန်းချုပ်နယ်မြေထဲမှာ အောက်ပြည်အောက်ရွာကတပ်ရင်း၊ တပ်မတွေကို ၁၀၅/၁၂၀ မမ အမြောက်ကြီးများနှင့် တကွခေတ်မှီလက်နက်မျိုးစုံနှင့် ပို့လွှတ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တယ်ဆိုကာ ပစ်ခတ်ကြည်စားတာတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။ ခါချဉ်ကောင် ကလူကိုမသေစေနိုင်ဘူး၊ အမြောက်လက်နက်တွေက လူကိုသေစေနိုင်ပါတယ်။

နောက်ပြီး K.I.O/K.I.A ထိန်းချုပ်နယ်မြေထဲမှာ နယ်မြေစိုးမိုရေး ယူစေခြင်းဟာ စစ်ရေးအနုကြမ်း စီးခြင်းဘဲလို့ K.I.O/K.I.A ကယူဆနေကြပါတယ်။ ဒီလိုအနုနည်းဖြင့် တိုက်ခိုက်လာခြင်းကို K.I.O/K.I.A  ကခွင့် မပြုနိုင်ဘူး၊ မိမိကိုယ်ကို တိုက်ဘို့ စစ်လက်နက်ခဲယမ်းမီးကျောက်တွေ၊ စစ်အင်အားတွေ၊ စစ်ရိက္ခာတွေကို အသာတကြည်ပို့ဆောင် သိုလှောင်ထားခွင့်၊ ခံကတုတ်ကျင်းတွေ အခိုင်အမာ တည်ဆောက်ခွင့်တို့ကို ခွင့်မပြုနိုင်ဘူး၊ K.I.O/K.I.A အနေနဲ့ ဒီလိုဖြစ်နေတာကို ဟန့်တားပစ်ခတ်ရခြင်း သာဖြစ်တယ်၊ အစိုးရထိန်းချုပ်နယ်မြေထဲဝင် ရောက်တိုက်စစ်ဆင်ခြင်းမဟုတ်ပါ၊ ဒါကြောင့် သမ္မတကြီးရဲ့ ၁၀၅/၁၂၀ မမ အမြောက်တွေနှင့် အောက်ပြည်အောက်ရွာက တပ်ရင်း၊ တပ်မတွေကို K.I.O/K.I.A ထိန်းချုပ်နယ်မြေထဲ ပို့လွှတ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တဲ့ စစ်ဆင်နွဲတာသာ ဖြစ်တယ်ဆိုတဲ့ စကားကိုလုံဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

ဒါအပြင် အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု၊ စီးပွားရေးပိတ်ဆို့မှုတို့ကို ဖယ်ရှားပေးဘို့ အမေရိကန် ကိုတိုးလျိုးတောင်းပန်တောင်းဆိုသလို K.I.O/K.I.A နှင့် တိုင်းရင်းသားများအပေါ် ချမှတ်ထားတဲ့ ဖြတ်(၄) ဖြတ်၊ နေ့စဉ်နှင့် အမျှသေကြေပျက်စီးနေရသော မိမိကိုယ်ကို ခုခံကာကွယ်တယ်ဆိုပြီး ၁၀၅/၁၂၀ မမ အမြောက်ကြီးတွေနှင့် ပို့ထားတဲ့အောက်ပြည် အောက်ရွာကတပ်ရင်း၊ တပ်မတွေကို အမြန်ဆုံးရုပ်သိမ်းပေးဖို့က အဓိကကျတယ်၊ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို သမ္မတ ကခံစားရတာထက် သမ္မတရဲ့ ပိတ်ဆို့မှုကို K.I.O/K.I.A နဲ့ တိုင်းရင်းသားများက အဆ (၁၀၀) မက ခံစားနေရတယ်၊ ဒါကြောင့် အေးဒီလို တပ်စတင်ရုပ်သိမ်းသွားတဲ့နေ့ဟာ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးကို စတင်မြင်ရတဲ့နေဖြစ်ပြီး၊ သမ္မတကြီးရဲ့ သြဇာအာဏာကို စတင်အသိအမှတ်ပြုခံရမယ့်နေ့ လည်းဖြစ်လိမ့်မယ်လို့ K.I.O လူကြီးကပြောပြပါကြောင်း အများပြည်သူသိရှိအောင် ဖွင့်ချတင်ပြအပ်ပါတယ်။

ကချင်ဒူဝါကြီး
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers