www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသားပေးပို့

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်း ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းစာကို ဦးဉာဏ်ဝင်းက ပြုစုခဲ့ပြီး အတည်ပြုချက် ရယူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့ နေ့လယ် ၂း၃၀ နာရီတွင် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုဆိုသည်။

အဆိုပါစာတွင် အရေးယူပိတ်ဆို့မှုများ ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ပတ်သက်၍ ရေးသားထားကြောင်း သိရသည်။

“ဒေါ်အောင်ဆန်း စုကြည်က အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အမြင်သစ်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးချင်တယ်လို့ ပြောလို့ အဲဒီစာကို ကျနော်ပြုစုတယ်၊ ဒီနေ့ သွားအတည်ပြုတယ်၊ သဘော တူတယ်၊ လက်မှတ်ထိုး ပြီးပြီ၊ အရေးယူပိတ်ဆို့မှုတွေကို ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ဖို့နည်းလမ်း တွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်တဲ့ဟာတွေကို အကျိုး အကြောင်းရေးတဲ့စာပါ၊ ကျနော် ဒီနေ့ သွားယူတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

စာတွင်ရေးသားထားသည့် အသေးစိတ် အကြောင်းအရာများကို မပြောဆိုနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အချိန် ၂နာရီ နီးပါး တွေ့ဆုံဆွေးနွေးခဲ့သဖြင့် ပြန်လည် ရောက်ရှိသည့် အချိန်တွင် အဆိုပါစာကို ပေးပို့ရန် အချိန်မမီတော့ကြောင်း၊ သို့သော်လည်း အမြန်ဆုံးပေးပို့နိုင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောဆို သည်။

၎င်းစာတွင် အရေးယူပိတ်ဆို့မှုရုတ်သိမ်းရေး အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရေး စသော အကြောင်းအရာများကိုလည်း ထည့်သွင်း ရေးသားထားနိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။

၂၀၀၇ ခုနှစ်ကလည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် စစ်အစိုးရနှင့်အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုကမ်းလှမ်းခဲ့ဖူးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
အဆိုပါ အရေးယူပိတ်ဆို့မှုများကို ဒီမိုကရေစီရေး ဖိနှိပ်မှုများနှင့် လူအခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာစစ်အစိုးရ အပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအနေနှင့် သမ္မတ ကလင်တန် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများကို တားမြစ်ပိတ်ပင်ခြင်း၊၂၀၀၃ ခုနှစ် သမ္မတ ဂျော့ဘုရှ် လက်ထက်တွင် မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေး ဥပဒေ ပြဌာန်း၍ မြန်မာပြည်မှ အမေရိကန်သို့ ကုန်ပစ္စည်းများ တင်သွင်းခွင့်နှင့် စစ်ခေါင်းဆောင်များ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ ၂၀၀၈ ခုနှစ်တွင် လွှတ်တော် အမတ် တွမ်လန်းတို့စ်၏(Tom Lantos Block Burmese JADE Act 2008) အရ မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်ခြင်း စသည့် ဒဏ်ခတ် အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။

ဥရောပသမဂ္ဂကလည်း ၁၉၉၆ခုနှစ်မှ စတင်၍ မြန်မာစစ်ခေါင်းဆောင် မိသားစုဝင်များ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ မြန်မာပြည်အား လက်နက်ရောင်းချခွင့်ကို တားမြစ်ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။

မစ္စ ဟီလာရီ ကလင်တန်၏ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်း ဆက်ဆံမည် ဟူသောပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် လိုသည်ဟု ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံရန် အာဏာပိုင်များကို မကြာသေးမီက တောင်းဆိုထားကြောင်းလည်း သံတမန် အသိုင်းအ၀န်း၏ အဆိုရ သိရသည်။

ယင်းတောင်းဆိုချက်နှင့် ပတ်သက်၍ တစုံတရာ မသိရှိရကြောင်း ဦးဉာဏ်ဝင်းက ငြင်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထိုအပြစ်ဒဏ်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံ တင်သွင်းခဲ့သည်။ တရားရုံးက လျှောက်လဲချက် ကြားနာရန် စက်တင်ဘာလ ၁၈ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂ရက်နေ့တွင် ကြားနာမည်ဟု ဆိုကာ ထပ်မံ ရုံးချိန်းပေးခဲ့သည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers