www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၈၇ ဦး လွတ်ဟု AAPP ပြော

စစ်အစိုးရက ယမန်နေ့မှ စတင်၍ အကျဉ်းသား ၇၁၁၄ ဦးကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၈၇ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP)က ယနေ့ ထုတ်ပြန်သည်။

၎င်း ၈၇ ဦး ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင် ၃၆ ဦး၊ လွှတ်တော်အမတ် ၃ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ၆ ဦး၊ သတင်းထောက် ၄ ဦး၊ ရှေ့နေ ၁ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် သံဃာ ၄ ပါး ပါဝင်သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ယခုပြန်လွှတ်ပေးခြင်းသည် စစ်မှန်သည့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းမဟုတ်၊ လက်ရှိ ကျင်းပနေသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတကာဖိအား လျော့ကျစေရန်ဖြစ်ကြောင်း ပြောဆိုသည်။

အဓိကကတော့ အခု ကုလသမဂ္ဂ အထွေထွေညီလာခံ စပြီ၊ လုံခြုံရေးကောင်စီမှာ မြန်မာပြည် အကြောင်း ဆွေးနွေးမယ်၊ စစ်အစိုးရကလည်း လွှတ်ပေးမယ်လို့ ကတိပေးထားတဲ့အတွက် အလွှတ်ပြတာပဲ၊ နိုင်ငံတကာ ဖိအားတွေ လျော့ကျအောင်လုပ်တဲ့ ကိစ္စ၊ လုပ်ရိုးလုပ်စဉ်ပဲ၊ စစ်မှန်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပုံမျိုး မဟုတ်သေးဘူး၊ အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့လို အဓိက ကျတဲ့လူတွေမပါသေးဘူး၊ အဲဒီ အဓိကကျတဲ့လူတွေပါမှ အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးတည်ပြီး လွှတ်တာလို့ ပြောနိုင်မယ်”ဟု ဦးဘိုကြည်က ဆိုသည်။

လွန်ခဲ့သည့် ဇူလိုင်လတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင် နိုင်ရေး အတွက်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ပြောကြားထားသည်။

လက်ရှိကျင်းပနေသော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တက်ရောက်ရန်ရှိကြောင်း သိရသည်။

ယနေ့အထိ ပြန်လွတ်သူများတွင် ထင်ရှားသူများအနေနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ် ခံထားရသော NLD လွှတ်တော်အမတ် ဦးနိုင်းနိုင်း၊ NLD အဖွဲ့ဝင် ကဗျာဆရာ မုံရွာအောင်ရှင် (ခ) ဦးအေးကြူ၊ စာနယ်ဇင်းသမား များဖြစ်သည့် မြန်မာနေးရှင်း အယ်ဒီတာချုပ် ဦးသက်ဇင်၊ အီကိုဗီးရှင်း ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦး၊ သတင်း ထောက် ကိုကျော်ကျော်သန့်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့မှ အရှင်စန္ဒောဘာသ စသည်တို့သာ ပါဝင်သေးသည်။

ယမန်နေ့ကပြန်လွတ်လာသော မြန်မာနေးရှင်း အယ်ဒီတာချုပ် ဦးသက်ဇင်သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အာဏာပိုင်များက အစိုးရဆန့်ကျင်သည့် ကဗျာစာမူများနှင့် ဗီစီဒီ တွေ့ရှိမှုဖြင့် ၂၀၀၈ ခု နိုဝင်ဘာလအတွင်းက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး ကလေးမြို့အကျဉ်းထောင်သို့ ပို့ဆောင် ခံထားရခြင်းဖြစ်သည်။၎င်းသည် ယခု အပြန်လမ်းခုလတ်တွင်ပင် ရှိသေးကြောင်းသိရသည်။

ဦးသက်ဇင်၏မိသားစုဝင် တဦးက“သူအခုလို ပြန်လွတ်လာတယ်လို့ ကြားရတော့ ကျမတို့ အများကြီးဝမ်းသာ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဦးသက်ဇင်တွင် သားတယောက်၊ သမီးတယောက် ရှိသည်ဟု ဆိုသည်။

မန္တလေးမြို့ အကျဉ်းထောင်မှ ပြန်လွတ်လာသည့် တခြားသော နိုင်ငံရေး အကျဉ်းသား ကိုမိုးကျော်သူ ခေါ် ဘိုဘို၏ မိသားစုဝင် တဦးကလည်း“သူပြန်လွတ်ပြီလို့ ကြားလိုက်တဲ့ အချိန်မှာ ဝမ်းသာလို့ တအိမ်လုံး ဆူညံ နေတာပဲ၊ သူ့သားလေးကဆို အဖေလွတ်ပြီဆိုလို့ အရမ်းဝမ်းသာနေတာ”ဟု ပြောပြသည်။

၎င်း ကိုမိုးကျော်သူသည် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ယခု နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ခြင်းနှင့် ပတ်သက်ပြီး NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ယခင်အကြိမ် များကဲ့သို့ လိုအပ်သည့် အချိန်တွင် နှစ်သိမ့်မှုပေးသည့် အနေဖြင့် လွှတ်ခြင်းဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေး ပြဿနာ ပြေလည်စေရန် မဟုတ်ဟု ပြောဆိုသည်။

“ဘာပဲဖြစ်ဖြစ် လွှတ်တာတော့ ကောင်းပါတယ်၊ နိုင်ငံရေး အကျဉ်းသားတွေက အများကြီးကျန်သေးတာပဲ၊ အမျိုးသားရင်ကြားစေ့ရေးအတွက် လိုအပ်တဲ့ခေါင်းဆောင်တွေအများကြီးကျန်သေးတယ်၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင်ပေါ့၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒါတွေ အားလုံးပါမှပဲ ကျေနပ်ရမှာပါ”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

အင်းစိန် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ပုဒ်မ ၁၇/၁ နှင့် အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ည)တို့ဖြင့် ဖမ်း ဆီးထားသူ စုစုပေါင်း ၂၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဟု သတင်းထောက်များကို ယမန်နေ့က ပြောကြားထားသည်။

စစ်အစိုးရ သတင်းစာတွင် ယခုကဲ့သို့ အကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းသည် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူများအား လူသားချင်းစာနာ ထောက်ထားမှု၊ သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့် လည်းကောင်း ၊ ဒေသ အကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ရန်အတွက် နိုင်ငံသား အကျဉ်းသား ၇၁၁၄ ဦးတို့ကို ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် အစိတ်အပိုင်းကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ထုတ် ဖော်ပြထားသည်။

သို့သော် မကြာခင် ရက်ပိုင်းကပင် စစ်အာဏာပိုင်များက ယခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလအတွင်း မန္တလေးတိုင်း မြင်းခြံမြို့မှ သံဃာတော်တပါး အပါအ၀င် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက် ကြောင်းသိရသည်။

အဆိုပါ ၈ ဦးကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့မှ အကြောင်းပြချက် တစုံတရာမရှိဘဲ လာရောက်ခေါ်ဆောင် သွား ခြင်း ဖြစ်ကြောင်း ဒေသခံများအဆိုရ သိရခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်း တိုက်သို့ သွားရောက်ခဲ့သော ရန်ကုန်မြို့ သာကေတမြို့နယ်မှ မလှလှဝင်း အမည်ရှိ အမျိုးသမီး တဦးအပါ အဝင် ပခုက္ကူမှ ကိုစောလင်းနိုင်နှင့် ကိုမြင့်နိုင်တို့ ၃ ဦးကို ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခဲ့သေးသည်။
သြဂုတ်လအတွင်းကလည်း ၎င်း သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟု သိရသည်။

မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦး ရှိကြောင်း AAPP က ထုတ်ပြန် ထားသည်။

ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers