www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောက်ကြံခြင်း မရှိဟု အစိုးရ ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းမှာ အစိုးရက အကောက်ကြံ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက် ဝင်ရောက်သွားမှုနှင့် ပတ်သက်ပြီး လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၂ဝ ကို အပြစ်ပေး အရေးယူထားကြောင်း စစ်အစိုးရက ယနေ့ ပြောကြားလိုက်သည်။

သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ရဲချုပ်ခင်ရီ (ဓာတ်ပုံ - ဧရာဝတီ)

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထော၏ လုပ်ရပ်များကို အစိုးရက ပူးပေါင်းဆောင်ရွက်ခဲ့သည် ဟူသော စွပ်စွဲချက်များမှာ “ယုတ္တိတန်မှု မရှိ” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ခင်ရီက ရန်ကုန်မြို့ မူးယစ် ဆေးဝါး ပြတိုက်၌ ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောလိုက်သည်။

“သူနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို ယက်ထော အနေနဲ့ ဒီ အထောက်အကူပြု ပစ္စည်းတွေ သုံးပြီး ဒီလောက် ခဲရာခဲဆစ် ဆောင်ရွက်နေစရာ မလိုဘဲ အတားအဆီး မရှိ လွယ်လွယ် ကူကူနဲ့ လိုရာခရီးကို ရောက်ရှိနိုင်မှာ ဖြစ်လို့ ဒီစွပ်စွဲချက်ဟာ ယုတ္တိတန်မှု မရှိကြောင်း ပြောကြားလိုပါတယ်” ဟု ရဲချုပ်က ပြောသည်။

ပြည်ပ သတင်း ဌာန တချို့က “အကြံ ပက်စက်တဲ့ ဇာတ်လမ်း ဆင်ကွက်”၊ “ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ အပျောက်ရှင်းဖို့ လုပ်နေပြီ”၊ “ဒေါ်အောင်ဆန်းစုကြည် ထောင်ချောက် အဆင်ခံရသလား” စသည့် ခေါင်းစဉ်များဖြင့်
အစိုးရက လုပ်ကြံ အမှု ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ ဖမ်းဆီး ထိန်းချုပ်နိုင်ရန် လုပ်ဆောင် ခြင်းဖြစ်သည် ဟူ၍ သိက္ခာမဲ့စွာ ရေးသားထားကြကြောင်း ရဲချုပ်ခင်ရီက သတင်းထောက်များကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ချထားစဉ် လုံခြုံရေး ယူထားသည့် အကြားမှ လစ်ဟာမှုများ ရှိခဲ့သဖြင့် မစ္စတာ ယက်ထော ဝင်ရောက်စဉ် တာဝန်ကျသည့် ရဲအရာရှိ ၂ ဦး နှင့် ရဲတပ်ဖွဲ့ဝင်များကို ရာထူး လျှော့ချခြင်း၊ ထောင်ဒဏ် အပြစ်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ပထမအကြိမ် ၂ဝဝ၈ နိုဝင်ဘာ ၃ဝ ရက်နေ့က ဒေါ်စုအိမ်ထဲ ယက်ထော ဝင်ချိန် လုံခြုံရေးယူတဲ့ ရဲတပ်ရင်း ၆ က တပ်ရင်းမှူး ဒုတိယ ရဲမှူးကြီး နဲ့ ဒုတိယအကြိမ် ယက်ထော ဝင်စဉ် လုံခြုံရေး ယူတဲ့ ရဲတပ်ရင်းမှူး ဒုတိယ ရဲမှူးကြီးတွေကို ရဲမှူး ရာထူးချ၊ နယ်ပြောင်းတယ်” ဟု ရဲချုပ်ခင်ရီက ပြောသည်။

“ရဲသားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချတယ်။ တပ်ကြပ်တွေကို အရစ်ဖြုတ်၊ နယ်ပြောင်းတယ်။ စုစုပေါင်း ရဲ အယောက် ၂ဝ ကို အရေးယူတယ်” ဟု ရဲချုပ်က ပြောသည်။

မစ္စတာ ယက်ထော နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း ရုံးတွင် ရိုက်ကူးထားသော ဓာတ်ပုံထဲတွင် ပါဝင်သည့် အမျိုးသမီးတဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် ဖမ်းဆီးမိထားသဖြင့် စစ်ဆေး မေးမြန်းနေကြောင်း၊ မစ္စတာ ယက်ထောသည် ပြည်ပရောက် မြန်မာ အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ရှိနေသည်ကို စစ်ဆေး တွေ့ရှိထားကြောင်း ရဲချုပ်က ဆက်လက် ပြောပြသည်။

ရန်ကုန် နှင့် မြို့ကြီးများတွင် လုံခြုံရေး တိုးမြှင့်ထားရခြင်းမှာ ပြည်သူများ၏ လုံခြုံရေးနှင့် အကြမ်းဖက်သမားများ၏ ရန်မှ ကာကွယ်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်ချိန် နှင့် ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ဆေးရာ အင်းစိန်ထောင် ပတ်ဝန်းကျင်တွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်ရန် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့က စေလွှတ်ထားသော အဖွဲ့ဝင် တဦးကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် အမှု စစ်ဆေးသည့် တရားရုံးချိန်းပေါင်း ၂ဝ အတွင်း လုံခြုံရေး ဆိုင်ရာများ တည်ငြိမ်စေရန် နေ့စဉ် ညဆက် အိပ်ရေးပျက်ခံ ဆောင်ရွက်နေရသည်ဟု သတင်းထောက်များကို ရှင်းပြသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက မစ္စတာ ယက်ထော ကျန်းမာရေး အခြေအနေကိုလည်း ရှင်းလင်း ပြောပြပြီး
ကျန်းမာရေး အခြေ အနေကြောင့် စီရင်ချက်ချမည့် နေ့ ထပ်မံ ပြောင်းရွှေ့ခြင်း ရှိ၊ မရှိကို ထည့်သွင်း ပြောကြားခြင်း မရှိပေ။

မစ္စတာ ယက်ထော၏ ကျန်းမာရေးအတွက် ဂရုစိုက် ကုသပေးနေသည် ဟု ရဲချုပ်ခင်ရီက ရှင်းပြသည်။

“ယက်ထောက ၆၂ ရက် တိတိ အစာမစားဘူး။ ဒီနေ့လည်း သုံးကြိမ်တက်တယ်။ ရန်ကုန် ပြည်သူ့ဆေးရုံက ဆရာဝန်ကြီးတွေ သူ့ကို အနီးကပ် ပြုစု စောင့်ရှောက်နေတယ်” ဟု ဆိုသည်။

မစ္စတာယက်ထော အစာ မစားသည့် အတွက် အစိုးရက အထူး ဂရုစိုက် ကုသနေပြီး ၎င်းအတွက် အားဖြည့် အာဟာရ ဆေးများ တိုက်ကျွေးနေကြောင်း၊ အဆိုပါ ဆေးများ အတွက် ကုန်ကျ စရိတ်မှာ ငွေကျပ် ၆ သိန်းကျော် ရှိပြီဟု ဆိုသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

Followers