www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မြန်မာနှင့်မြောက်ကိုရီးယား စစ်ရေးစပ်ယှက်မှု သတိပြုသင့်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာနှင့်မြောက်ကိုရီးယားအကြား စစ်ရေးဆက်နွှယ်မှု ကြီးထွားလာခြင်းကို အလေးအနက်ထား အာရုံစိုက်သင့်ကြောင်း အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေး (ARF) သို့ တက်ရောက်လာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားလိုက်သည်။

ယမန်နေ့က ထိုင်းဝန်ကြီးချုပ်မစ္စတာ အဘီဆစ်နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ရာတွင် မစ္စစ်ကလင်တန်က မြန်မာနှင့်မြောက်ကိုရီးယားအရေးကို အလေးထားပြောဆိုသွားခြင်းဖြစ်သည်။

“(၂၄) နှစ်ကြာ ရပ်နားထားခဲ့တဲ့ မြန်မာနဲ့မြောက်ကိုရီးယားဆက်ဆံရေးဟာ ၂၀၀၇ ခုနှစ်မှာ ပြန်လည်စတင်လိုက်တဲ့အတွက် အရှေ့တောင်အာရှရဲ့ လုံခြုံရေးအခြေအနေတွေကို တည်ငြိမ်မှု ကင်းမဲ့လာစေတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့်လအတွင်း အမေရိကန်ဖျက်သင်္ဘောတစီး နောက်ယောက်ခံလိုက်ခဲ့ရသည့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာ သည်ဟု သံသယဖြစ်ဖွယ် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာနိုင်ငံဘက် ဦးတည်ခုတ်မောင်းနေရာမှ ပြန်လှည့်ခဲ့သည့် အတွက် မြန်မာနှင့်မြောက်ကိုရီးယားစစ်ရေး ဆက်စပ်မှုအခြေအနေမှာ ဒေသတွင်းနိုင်ငံများအကြား စောင့်ကြည့်ရမည့် အခြေအနေဖြစ်လာသည်။

မစ္စစ်ကလင်တန်သည် မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်အပြင် မြန်မာ့နိုင်ငံရေးအခြေအနေ များကိုလည်း ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုနေသည့်အတွက် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒချမှတ်ရန် ဆိုင်းငံ့ထားကြောင်း၊ မြန်မာစစ်အစိုးရအနေဖြင့် သိသာထင်ရှားသော တိုးတက်မှုများပြသနိုင်ခဲ့လျှင် အမေရိကန်အနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ရှိလာမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

သိသာထင်ရှားသော တိုးတက်မှုဆိုသည်မှာ နိုင်ငံရေးသမားများအား ဖမ်းဆီးမှုများမပြုလုပ်ရန်နှင့် တိုင်းရင်းသား လူမျိုးစုများအပါအ၀င် ပြည်သူလူထုအား ဖိနှိပ်မှုများမပြုလုပ်ရန်တို့ဖြစ်သည်ဟု မစ္စစ်ကလင်တန်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍လည်း “ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရအနေနဲ့ တရားသဖြင့် ပြုမူဆောင်ရွက်ဖို့ ကျမတို့ မျှော်လင့်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။ တကယ်တော့ အခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုနေတာတွေဟာ အခြေအမြစ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသူများ အဓမ္မပြုကျင့်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန်ခဲ့သည်။

ယနေ့ကျင်းပနေသော အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြောက်ကိုရီးယားနှင့် မြန်မာ့အရေးကို အဓိကထားဆွေးနွေးလိမ့်မည်ဟု ယူဆထားကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့နှင့်လည်း သီးသန့်တွေ့ဆုံရန်ရှိကြောင်း သိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers