www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
တောင်တန်း၏ ဒဏ်ရာများ Saturday, October 20, 2012

တောင်တန်း၏ ဒဏ်ရာများ


အရပ်ဘက်အစိုးရ၀န်ထမ်းဖြစ်တဲ့ အဖေပြောင်းတဲ့နောက်လိုက်ရင်းနဲ့၊ ကရင်ပြည်နယ်၊ ခရိုင်မြို့တစ်မြို့မှာ အလယ်တန်းကျောင်းသားဘ၀က ၃နှစ်လောက် နေခဲ့ဖူးပါတယ်။ မကြာခဏ ဗုံးသံ၊ သေနတ်သံတွေ ကြားမှာ ခေါင်းပုနေခဲ့ရတဲ့ဘ၀ကို ခုထိအမှတ်ရနေဆဲပါပဲ။ ကျနော်တို့နေတဲ့ ရုံးဝင်းကလဲ တပ်ရင်းနားမှာ ဆိုတော့ မတော်တဆ ဗုံးဆံလာကျမှာ တွေးပူရတာကို မှတ်မိပါသေးတယ်။ ကံကောင်းထောက်မစွာ တစ်ခါမှတော့ မှားပစ်တယ်လို့ မရှိခဲ့ပါဘူး။ မှတ်မှတ်ရရ၊ မြို့ပြင်လယ်ကွင်းထဲတော့ ဗုံးဆံလာကျဖူးတယ်။ (ပြောသာပြောရတယ်၊ ဗုံးဆံလို့ခေါ်လား၊ အမြောက်ဆံ လို့ပဲခေါ်လား ကျနော်မသဲကွဲပါဘူး။) မြို့ပြင်က ဒေါနတောင်တန်းရဲ့ တောင်ကုန်းတိုင်းမှာရှိနေနိုင်တဲ့ ကရင်တော်လှန်ရေးတပ်တွေကိုလဲ ကျနော်စိတ်ကူးနဲ့ ပုံဖော်ကြည့်ဖူးပါတယ်။ မေးခွန်းလဲ ထုတ်ဖူးပါတယ် “ဘယ်သူက ဘာကြောင့်ပစ်နေကြသလဲ”လို့။

“အဖေ..၊ အဖေက အစိုးရ၀န်ထမ်းဆိုတော့ ကရင်တပ်တွေနဲ့ တွေ့လို့မဖြစ်ဘူးပေါ့နော်။ သူတို့အဖေ့ကို ဖမ်းမှာပေါ့၊ ဟုတ်လား။”

 ကျနော် အဖေ့ကိုလဲ မေးဖူးတယ်။ အဖေက အစပိုင်းမှာတော့ ခပ်ပြုံးပြုံးပဲ။

“ဖမ်း၊ မဖမ်းတော့ မသိဘူးကွ။ ဒါပေမဲ့ ကရင်တော်လှန်ရေးသမားတွေနဲ့တော့ နေ့တိုင်းတွေ့နေတာပဲ။ မင်းကြည့်လိုက်ကွာ၊ ခုတို့ရုံးမှာ ထွန်စက်မောင်းနေတဲ့ ဖိုးခွားကနေ သင်းအုပ်ဆရာ ဦးလူးရွှေအဆုံး ကရင်လူမျိုးတိုင်းကို ကြည့်လိုက်၊ အေး သူတို့ကိုယ်တိုင်ကတော့ သေနတ်ကိုင်ထားချင်မှ ကိုင်ထားလိမ့်မယ်။ ဒါပေမဲ့ ကရင်လူမျိုးတိုင်းက သူတို့စိတ်ထဲမှာ သူတို့ဆိုင်ရာအဖွဲ့အစည်းကို ထောက်ခံကြမှာပဲ။ တော်လှန်ရေးကို၊ တော်လှန်ရေးသမားတွေကို ထောက်ခံကြမှာချည်းပဲ...။ လူမျိုးခြားထက်စာရင် ကရင်အချင်းချင်းပဲ ပိုယုံကြမှာ သေချာတယ်...။”

“တကယ်လား အဖေ...၊ သူတို့က ဘာကြောင့် တော်လှန်နေရတာလဲ..။”

“အို... တော်လှန်ပါတယ်ဆိုမှတော့ လွတ်လပ်ချင်လို့ပေါ့ ...။”
“ဒါဆို ခုကျတော့ မလွတ်လပ်တာကျနေတာပဲ...။ မြန်မာနိုင်ငံလဲ လွတ်လပ်ရေးရပြီပဲ။”
“လွတ်လပ်လား၊ မလွတ်လပ်ဘူးလားတော့ မင်းကြီးလာမှ လိုက်မေးကြည့်တော့ကွာ...၊ ငါလဲ အဲဒီတော့မှ မင်းကို ထောင်ဝင်စာလာတွေ့မယ်...။ တော်တော်စကားများတဲ့ကောင်...။”
နောက်ပိုင်းကျတော့ အဖေစိတ်မရှည်တော့ဘူး။

အဲဒီတုန်းက သေချာနားမလည်ပေမယ့်၊ တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်။ ကရင်လူမျိုး အယောက်တိုင်းဟာ တန်းတူညီမျှမှုတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဆိုတာကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဖက်ဒရယ်စနစ် ဆိုတာကိုလဲ သိချင်မှသိပါလိမ့်မယ်။ သူတို့သိတာ တစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ မလွတ်လပ်မှုပါပဲ။ ဖိနှပ်ခံရမှုပါ။ ရွာတွေစုစည်းခံရတယ်၊ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင် ကြရတယ်။ ကလေးသူငယ်ကအစ ဒုက္ခိတဘ၀ရောက်ကြရတယ်။ ကိုယ့်ပြည်နယ်မှာ ကိုယ်နေပေမဲ့ အကြောက်တရားကင်းကင်း မနေရဘူး၊ သူများမျက်နှာကိုကြည့်နေရတယ်။ ကရင်ပြည်နယ်လို့ အမည် သတ်မှတ်ထားပေမဲ့၊ ကရင်အမျိုးသား အဖွဲ့အစည်းတွေက သူပုန်လို့အခေါ်ခံနေရတယ်။ သူတို့မျက်စိ အောက်မှာတင် တောတွေ၊ တောင်တွေ ပြုတ်ပြုတ်ပြုန်းကုန်တယ်။ ဘာမှ မတတ်နိုင်၊ ဒီအတိုင်း ငြိမ်နေခဲ့ရတယ်။ လွတ်လပ်သော နိုင်ငံသားအဖြစ်၊ လူအခွင့်အရေးအပြည့်၊ အကြောက်တရားကင်းမဲ့စွာ မနေခဲ့ရဘူး။ တကယ်ပဲ လွတ်လပ်ရေး မရခဲ့ကြပါဘူး။

နောက်ပိုင်း တက္ကသိုလ်ဝင်တန်းတက်ခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မှာလဲ ရိုးသားတဲ့၊ သိမ်မွေ့တဲ့၊ တည်ကြည်တဲ့၊ အားနာတတ်တဲ့ မွန်အမျိုးသားတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဖြစ်ခဲ့ပါတယ်။ သူတို့စိတ်ထဲက ခံစားချက်တွေကိုလဲ ထဲထဲဝင်ဝင်ခံစားမိခဲ့ပါတယ်။ သူတို့ ရင်ထဲမှာ ဘာတွေရှိနေလဲ ကျနော် အထိုက်အလျောက် မြင်ခဲ့ရတယ်။ ကိုယ့်ဒေသမှာ ကိုယ်နေ၊ ကိုယ့်ထမင်းကိုယ်ရှာစားနေကြပေမယ့် တစ်ခါတစ်လေ အချုပ်အခြာအာဏာ ပိုင်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ပုံစံမျိုးမရှိတာ တွေ့မိပါတယ်။

 ဘာကြောင့်ပါလဲ။

ကျနော် တက္ကသိုလ်တက်တော့ မကွေးနဲ့ ရန်ကုန်မြို့မှာပါ။ တက္ကသိုလ်ကာလတလျှောက် ပြည်မသား အများစုနဲ့ပဲ ပေါင်းသင်းနေခဲ့ပေမဲ့ နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို မမေ့ခဲ့ပါဘူး။ ဘွဲ့ရပြီးနောက် ကျနော့် ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြန်အခြေချပြီး လူထုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လုပ်အားပေးတဲ့ အခါမှာတော့ ကျနော့်ရင်ထဲ အမြစ်တွယ်နေတဲ့ တောင်ပေါ်သားတွေရဲ့ ခံစားချက် ပိုမိုအသက်ဝင်လာပါတော့တယ်။ တကယ်ပဲ မြန်မာနိုင်ငံအောက်ပိုင်း ပြည်နယ်ဒေသတွေက၊ တိုင်းရင်းသားတွေရဲ့ မလုံခြုံမှုကို တောင်ပေါ်မှာလဲ တွေ့ရပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ဇာတိမှာ နေထိုင်နေပါလျက်နဲ့၊ ဒီဒေသဟာ ငါတို့ပိုင်တယ်လို့ ရဲရဲဝံ့ဝံ့ မပြောရဲတာ သတိထားမိတယ်။ ကိုလိုနီခေတ်က ကြွေးကြော်သံ “သခင်မျိုးဟေ့ ဒို့ဗမာ” လိုမျိုး၊ “လွတ်လပ်သော ဒို့လူမျိုး” လို့တောင် ခံယူဖို့ တွန့်ဆုတ်နေကြတာ စိတ်မကောင်းဖွယ် တွေ့ရတယ်။ သူတို့စိတ်ထဲမှာ ကြောက်နေကြတယ်။ သူတို့ကိုယ် သူတို့ လုပ်ပိုင်ခွင့်မရှိတဲ့သူတွေ၊ သူများပြုသမျှ နုရမယ့်သူတွေဆိုတဲ့ အကြောက်တရားတွေ လွှမ်းမိုး နေတာပဲ မြင်နေရတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ မြန်မာနိုင်ငံအနှံ့အပြားက တောင်ပေါ်မြေပြန့်မရွေး၊ တိုင်းရင်းသားအားလုံးကို ဒီလိုတူညီသော အကြောက်တရားက လွှမ်းမိုးချုပ်ကိုင်ထားတာ ဘာကြောင့်ပါလဲ။ မြေပြန့်က ဗမာတိုင်းရင်းသားများအကြားမှာ နေထိုင်တုန်း (အထူးသဖြင့် မကွေးမှာ) ဖိနှိပ်ခံရမှုတစ်ချို့ကို မျက်မြင် ကြုံတွေ့ခဲ့ရပေမဲ့၊ ဒီလိုအကြောက်တရားမျိုးတော့ မတွေ့ခဲ့ရပါဘူး။ တဖြည်းဖြည်း စဉ်းစားရင်းနဲ့မှ အဖြေပေါ်လာပါတယ်။ ဒီလို အစွန်းရောက်တဲ့ အကြောက်တရားဟာ လူမျိုးရေးအသွင်နဲ့ ကာလကြာရှည် ဖိနှပ်ခံခဲ့ရတဲ့ဒဏ်၊ နှိပ်ကွပ်ခံခဲ့ရတဲ့ ဒဏ်ကြောင့်ပါ။

မြန်မာနိုင်ငံသားအားလုံး စစ်ဖိနပ်အောက်မှာ ဖိနှိပ်ခံခဲ့ရတယ်၊ ပြည်မသားတွေလဲ စစ်အုပ်ချုပ်မှုအောက်မှာ အခွင့်အရေးတွေ ဆုံးရှုံး၊ တူညီစွာ နစ်နာခဲ့ပါတယ် ဆိုပေမဲ့၊ ပြည်မသားတွေ (ကျနော်အပါအ၀င် ပြည်မမှာ ကြီးပြင်းခဲ့သူတွေ) ခံစားခဲ့ရတာဟာ ဖိနှိပ်မှုသက်သက်ပါ။ နှိပ်ကွပ်မှုမပါခဲ့ပါဘူး။ စစ်ဘေးစစ်ဒဏ် မခံခဲ့ရပါဘူး။ နောက်ပြီး တောင်ပေါ်ဒေသထက်စာရင် ပွင့်လင်းမြင်သာမှု ပိုအားကောင်းလို့၊ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိသလောက်ပါပဲ။ အရေးအကြီးဆုံးအချက်အနေနဲ့က ဘာသာတူ၊ လူမျိုးတူသူတွေ အချင်းချင်းဖြစ်တဲ့အတွက် ဒီလိုဖိနှိပ်မှုတွေဟာ မတရားဖိနှိပ်တယ် ဆိုတဲ့အဆင့်မှာပဲ ရပ်တန့်နေခဲ့တာပါ။ တောင်ပေါ်မှာကျတော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ဟာ လူမျိုးမတူကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှု အဆင့်ထက်ကျော်လွန်ပြီး လူမျိုးရေးအသွင်ဆောင်လာခဲ့ပါတယ်။

တောင်ပေါ်သားတွေ၊ ပြည်နယ်အရပ်ရပ်က တိုင်းရင်းသားတွေ ခံစားခဲ့ရတဲ့ နှိပ်ကွပ်မှုတွေကို ပြည်မသားတွေ နားလည်စာနာနိုင်ဖို့ မလွယ်ပါဘူး။ စစ်ကြောင်းတွေ ရွာထဲဝင်ပြီး မြင်မြင်သမျှ ကြက်၊ ၀က် ကြိုက်သလို ပစ်ခတ် စားသောက်ကြတာကတော့ အဆန်းမဟုတ်တော့ပါ။ ဒီထက်အများကြီး ဆိုးပါတယ်။ “သူပုန်အားပေး” ဆိုတဲ့ ခေါင်စဉ်အောက်မှာ မိမိတို့လုပ်ကိုင် စားသောက်နေရတဲ့ လယ်ယာနဲ့ဝေးရာ မြို့၊ ကျေးရွာကြီးတွေဆီ စုစည်းခံခဲ့ ရပါတယ်။ တစ်ခါတစ်လေ ရွာလုံးကျွတ် မီးလောင်တိုက် သွင်းခံရတတ်ပါတယ်။ သူပုန်ဆိုပြီး အသတ်ခံရ နိုင်ပါတယ်။ တရားဥပဒေမရှိပါဘူး။ သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ မဆွမ်လွတ်ရွယ်ဂျာလို အမှုအခင်းမျိုး မရေမတွက် နိုင်အောင် ဖြစ်ခဲ့ပါတယ်၊ ဖြစ်ဆဲပါပဲ။ ဒါပေမဲ့ တိုင်ရမယ့် လူအခွင့်အရေး ကော်မရှင်တွေ မရှိပါဘူး။ ငိုပြရမယ့် OIC လိုအဖွဲ့အစည်းမျိုး မရှိပါဘူး။ ဘယ်သူမှ ဖြေရှင်းမပေးနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နာကျည်းမှုအဖြစ်နဲ့သာ အဆုံးသတ်နေရပါတယ်။

ဒီလို နှိပ်ကွပ်သတ်ဖြတ်မှုတွေကနေ အစပြုပြီး၊ တိုင်းရင်းသားတွေ စိတ်ထဲမှာ မလုံခြုံမှုတွေ ပိုပိုတိုးလာ ခဲ့ပါတယ်။ ကိုယ့်ဒေသမှာကိုယ် နေရင်းထိုင်ရင်း ကျွန်ဘ၀ရောက်နေခဲ့ရသလိုပါပဲ။ ပိုဆိုးတာက အပေါ်မှာပြောထားသလို မိမိတို့နဲ့ လူမျိုး မတူတဲ့စစ်တပ်က နှိပ်ကွပ်နေတာမို့လို့ တိုင်းတစ်ပါးကျွန် ဖြစ်ရသလိုကို ခံစားလာကြရပါတယ်။ လူမျိုးရေး နှိပ်ကွပ်မှုအသွင်ဆောင် လာပါတယ်။ တိုင်းရင်းသားတွေ မယုံကြည်တာဟာ စစ်တပ်တစ်ခုတည်းမကဘဲ၊ ပြည်မသားများပါ ပါဝင်လာပါတယ်။ ပြည်မသားတွေက စစ်တပ်ကို ကျေကျေနပ်နပ်နဲ့ ထောက်ခံပြီး ဒီလိုဖိနှိပ်မှုတွေကို ခွင့်ပြုထားတယ်လို့ ခံစားမိလာကြပါတယ်။ မြန်မာနိုင်ငံအထက်၊ အောက် တိုင်းရင်းသားဒေသ အားလုံးမှာ တပ်မတော်စစ်ကြောင်းရောက်လာပြီဆိုရင် “ဗမာတွေ ရောက်လာတယ်”လို့ပဲ ပြောကြပါတယ်။ ခုထိ တောင်ပေါ်သားတွေဟာ မြေပြန့်သား၊ (စစ်တပ်ထဲမှာ အများဆုံးပါဝင်တဲ့ ဗမာလူမျိုး) တွေကိုဆိုရင် ရွံ့ကြောက်ကြီး ဖြစ်နေဆဲပါ။ ဒါဟာ တကယ့် အောက်ခြေက တိုင်းရင်းသားအားလုံးရဲ့ ခံစားမှု၊ စိတ်အခြေအနေပါ။

သူတို့တွေက နိုင်ငံရေးကိုလဲ သိပ်နားမလည်ကြပါဘူး။ မြန်မာ့ရုပ်မြင်သံကြားမှာ ပြနေကျ ဇာတ်လမ်းတွေထဲကလို “နင်တို့ သူပုန်ထလို့ ငါတို့နယ်မြေ မငြိမ်းချမ်းတာ” ဆိုပြီး ဗမာစကားဝဲ၀ဲနဲ့ ပြောတတ်တဲ့ ရွာသူရွာသားတွေ အပြင်မှာ တကယ်မရှိပါဘူး။ စစ်ဘေး၊ စစ်ဒဏ်ကိုတော့ ညည်းကောင်း ညည်းပါလိမ့်မယ်။ ကိုယ့်အမျိုးသားတပ်တွေကိုတော့ ဘယ်တော့မှ အဆိုးမမြင်ကြပါဘူး။ ဒါဆို ဘယ်သူ့ဘက်အမြင်စောင်းသွားမယ် ဆိုတာ ပြောနေစရာမလိုတော့ပါ။ သူစိမ်းထက် ကိုယ့်လူမျိုး အချင်ချင်းရဲ့ ဦးဆောင်မှုကိုပဲ လက်ခံဖို့ ဆိုတာ သူတို့သွေးထဲကကို နားလည်ပြီးသား။ ဘေးပြောတာ မယုံ၊ သွေးပြောတာကိုပဲ ယုံကြပါတယ်။ သူစိမ်းတွေ အောက်မှာ ကျွန်ဘ၀နဲ့ မနေချင်တာ ဗမာမှမဟုတ်၊ တိုင်းရင်းသားအားလုံးပါပဲ။

ဒီလို မလုံခြုံမှု၊ ဖိနှိပ်ခံရမှုတွေ ဖြစ်ပေါ်နေတာဟာ “အရင်းစစ်တော့၊ အမြစ်မြေက” ဆိုသလို နိုင်ငံရေး နောက်ခံကြောင့်ပါ။ ဒါကို ရပ်တန့်နိုင်ဖို့ကလဲ နိုင်ငံရေးအဖြေမှတပါး မရှိနိုင်ပါဘူး။ အမျိုးသားတန်းတူ ညီမျှမှုအတွက် တော်လှန်နေကြသူတွေနဲ့ ပြည်မအကြား စစ်မှန်တဲ့နိုင်ငံရေးအဖြေတစ်ခု ရအောင်ရှာနိုင်မှ ထာဝရငြိမ်းချမ်းရေးကို အာမခံနိုင်မှာပါ။

တစ်မျိုးသားတည်း နေတာထက်စာရင် အားလုံးစုစုစည်းစည်းနေတာက ပိုမိုအင်အားတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်တာကြောင့် တောင်တန်း-မြေပြန့်ပေါင်းပြီး ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုဖွဲ့ လိုက်ပါတယ်၊ တိုင်းပြည်ကပိုဆိုးရွားပြီး LDC စာရင်းထဲပါ သွားတဲ့အထိဆိုးရွားသွားတယ်ဆိုတော့ တစ်ခုခုလွဲနေတာ အသေအချာပါ။ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ သတ်မှတ်ရအောင်ကို တစ်နိုင်ငံလုံး မငြိမ်းချမ်းနိုင် ဖြစ်နေတာ တစ်ခုခုလွဲနေလို့ပါ။ ဒီလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ နိုင်ငံရေးနောက်ခံပြဿနာ ရှိနေပါတယ်။

အဲဒီပြဿနာဇစ်မြစ်ကိုပဲ မိမိရရဆုတ်ကိုင်နိုင်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ ဘာခံစားနေရသလဲ၊ ဘာတွေ နစ်နာခဲ့လို့လဲ၊ ဘာတွေနာကျည်းခဲ့ကြသလဲဆိုတာကို ဂရုစိုက်ပေးဖို့လိုပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တာပါ။ ၁၉၄၇ လွတ်လပ်ရေးအတွက် ပြင်ဆင်နေတဲ့ကာလကတည်းက တူညီသောအခွင့်အရေးအတွက် တိုင်းရင်းသား တစ်ချို့ လက်နက်စွဲကိုင်ခဲ့သလို၊ ၁၉၄၉မှာ ကရင်၊ ၁၉၅၈မှာ ရှမ်း၊ ၁၉၆၁မှာ ကချင် စသဖြင့် လက်နက်ကိုင်လာခဲ့တာ ခုဆို တိုင်းရင်းသားအုပ်စုကြီးတိုင်းမှာ လက်နက်ကိုင်တပ်တွေရှိနေပါပြီ။

၁၉၆၂မှာ ရှမ်းစော်ဘွားတွေ ဦးဆောင်ပြီး၊ ဖက်ဒရယ်မူ (Federalism) ကို တောင်းဆိုခဲ့ကြပါတယ်။ မထူးခြားတဲ့အပြင် ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်နိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်ခဲ့ရပါတယ်။ ကွန်မြူနစ်ပါတီအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို သောင်းကျန်းသူ တွေဆိုပြီး အင်အားသုံး နှိမ်နင်းခဲ့ပေမယ့် လူထုထောက်ခံမှုရှိတဲ့ တိုင်းရင်းသားတပ်တွေကိုတော့ အမြစ်ပြတ် နှိမ်နင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံသာ စစ်စရိတ်ထောင်းပြီး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်ဖြစ်ခဲ့ရပါတယ်။ လက်တစ်ဆုပ်စာသော ဘီလီယံနာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သောင်တင်ရေမကျ အခြေအနေအောက်မှာ တောင်တန်းတွေ အနာတရဖြစ်ကျန်ရစ်ပြီး အာဏာရှင်တစ်ချို့ ကောင်းစားသွားခဲ့ပါတယ်။ ခုလဲ ဒီလို အင်အားသုံး နှိမ်နှင်းတဲ့စနစ်၊ ဒီလို တစ်ဘက်သတ်ပြည်ထောင်စု စနစ်အတိုင်းဆက်သွားမယ်ဆိုရင် ပြည်တွင်းစစ်မီး ငြိမ်းဖို့မရှိတဲ့အပြင်၊ တိုင်းပြည်တိုးတက်မှုကိုလည်း အများကြီးနှောင့်နှေးစေပါတယ်။ အချိန်မရွေး စစ်အာဏာရှင်စနစ်ဆီ ပြန်ဦးတည်သွားနိုင်ပါတယ်။

အခုထိ တစ်ချို့သုံးသပ်ချက်တွေကို ကြားရတာ စိတ်မကောင်းစရာပါ၊ ကချင်တပ်တွေကိုလဲ ပြည်မတပ်က အင်အားနဲသွားအောင် တဖြည်းဖြည်းနဲ့မြှူပြီး ကျုံးသွင်းနေတာပါတဲ့။ ကချင်တွေထက် အဆများစွာ အင်အား သာလွန်ခဲ့တဲ့ ကရင်တပ်တွေကိုတောင် သပ်သျှိုသွေးခွဲလို့တစ်ဖုံ၊ စစ်ရေးအရတစ်မျိုး၊ စီးပွားရေးအရ တစ်နည်း အနှစ် (၆၀) လုံးလုံး ပိတ်ဆို့ဖြတ်တောက်ထားခဲ့လို့ ခုလိုငြိမ်းချမ်းရေးယူဖို့အထိ ဖြစ်လာတာပါ လို့ဆိုကြပါတယ်။ ဒါပေမဲ့ ကချင်အရေး ဖြေရှင်းဖို့ ကျနော်တို့ နောက်ထပ်အနှစ် (၆၀) မစောင့်နိုင်ပါ။ တိုင်းရင်းသားတပ်တွေကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ပြီး အင်အားချိနဲ့သွားတဲ့နောက်မှ ရယူတဲ့ ငြိမ်းချမ်းရေး ကျနော်တို့ တန်ဖိုးမထားလိုပါ။ ဖိနှိပ်မှုကနေ ရရှိတဲ့ တည်ငြိမ်မှု ကျနော်တို့ မလိုလားပါ။ ကျနော်တို့ လိပ်ပြာလုံချင်ပါတယ်။

ပြည်ထောင်စုလို့နာမည်ခေါ်တွင်ထားမှတော့ စစ်မှန်သော၊ တန်းတူညီမျှသော၊ အခွင့်အရေးပြည့်ဝသော ပြည်ထောင်စုစစ်စစ်ကိုသာ မြင်ချင်ပါတယ်၊ တည်ဆောက်လိုပါတယ်။ အခုချိန်ဟာ နယ်စပ်ဒေသရှိ တိုင်းရင်းသားများအပါအ၀င် တောင်ပေါ်သားတွေနဲ့ ဗမာပြည်မသားတွေကြားထဲက နားလည်မှု လွဲမှားနေတာတွေကို ပြန်လည်တည့်မတ်ရမည့်အချိန် ဖြစ်ပါတယ်။ သူတို့အပေါ်ဖိနှိပ်ခဲ့တဲ့ စစ်တပ်နဲ့ ဗမာတိုင်းရင်းသားတို့ဟာ ထပ်တူမကျကြောင်းနဲ့ ဗမာတိုင်းရင်းသားများဟာလဲ တောင်ပေါ်သားများနဲ့ တစ်သားတည်းဖြစ်ကြောင်း ဖော်ပြရမယ့် အချိန်ဖြစ်ပါတယ်။ တောင်တန်းနဲ့ ပြည်မရဲ့ တန်းတူညီမျှမှုကို လက်ခံပြီး၊ ဖိနှိပ်မှု လွှမ်းမိုးမှု စွက်ဖက်မှုကင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်တည်ဆောက်ရမယ့်အချိန် ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး လိုအပ်နေတာ ဖက်ဒရယ်ပြည်ထောင်စုပါ။ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တွေ အပြည့်အ၀အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါ။

လွယ်တော့ မလွယ်ပါဘူး။ မြန်မာနိုင်ငံက ခုမှ ခေတ်သစ်တစ်ခု ဆီကူးပြောင်းစမို့ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေ များလှပါတယ်။ အာဏာရှင်အစွဲမကျွတ်သေးတဲ့ လူတွေရှိနေဆဲ၊ လွှတ်တော်ထဲမှာလဲ ထိုင်နေဆဲမို့ အချိန်မရွေး နောက်ပြန်လှည့်နိုင်စရာရှိတယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ လွဲမှားနေတဲ့ စနစ်အောက်မှာ ကျနော်တို့ နှစ်ပေါင်းများစွာ အချိန်လင့်ခဲ့ရပြီးပါပြီ၊ ခုလဲ ဒီပြည်ထောင်စုစနစ်က စစ်မှန်တဲ့ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်မှာ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ အမှန်ကို မပြောရဲ၊ မထောက်ခံရဲပဲ၊ ပေါ်ပင်လိုက် လက်ညှိုးထောင် ခေါင်းညှိတ်ပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ တောင်ပေါ်သားတို့ရဲ့ ခံစားချက်၊ တောင်ပေါ်သားတို့ရဲ့ ဝေဒနာကို စော်ကားသလို ဖြစ်နေပါလိမ့်မယ်။ လမ်းကြောင်းမှန်မဟုတ်မှန်း သိရက်နဲ့ အမှားကို ထောက်ပြဖို့ ၀န်လေးမယ်ဆိုရင် အမှားသံသရာလည်နေပါလိမ့်မယ်။ အဖြစ်သင့်ဆုံး ပြည်ထောင်စုပုံစံကို မြင်ပါရက်နဲ့ ထောက်ခံဖို့ သတ္တိမရှိရင် တောင်ပေါ်သားတွေရဲ့ နာကျည်းမှုကို ခံရပါလိမ့်မယ်။

တောင်တန်းရဲ့ ဒဏ်ရာတွေကို ကျနော်တို့စာနာသင့်တာ ကြာခဲ့ပါပြီ။ ကျနော်တို့ တောင်ပေါ်-မြေပြန့်မခွဲ၊ တောင်တန်း-ပြည်မလက်တွဲပြီး တစ်စိတ်တစ်ဝမ်းတည်းထားကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြပါစို့ ...။

ဒေါက်တာမြန်အောင် (ဆေး-၂)
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers