www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗမာစစ်သားများ အရက်မူးပြီး ဆွတ်ငိုင်ရန်ရွာအား လက်နက်ကြီး၊ လက်ငယ်ဖြင့်ပစ်ခတ် Friday, September 14, 2012

ဗမာစစ်သားများ အရက်မူးပြီး ဆွတ်ငိုင်ရန်ရွာအား လက်နက်ကြီး၊ လက်ငယ်ဖြင့်ပစ်ခတ်

ဒဏ်ရာရရှိသွားသော စစ်သား၏ ဦးထုပ်နှင့် မိုးကာ
စက်တင်ဘာလ ၁၃ ရက်ညနေ ၃ နာ၇ီခွဲခန့်တွင် ဖားကန့်အနီးရှိ ဆွတ်ငိုင်ရန်ရွာသို့ ဗမာစစ်တပ်များ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ထိုစစ်တပ်သည် ထိုရာတွင် ၁၂ ရက်နေ့ နံနက် ၄ နာရီခန့်မှ ရောက်ရှိနေခြင်းဖြစ်ပြီး၊ KIA တို့တပ်စွဲထားရာ ဆိုင်းဂျာဘွမ်အနီးရှိ စိမ်းအောင် ကုမ္မဏီမှ တပ်ဆုတ်ခဲ့ခြင်းဖြစ်သည်။ ဆွတ်ငိုင်ရန်ရွာတွင် တစ်ညအိပ်ပြီး ညနေပိုင်းတွင် ဗျူဟာကုန်းသို့မတက်မှီ တနေ့လုံး မိုးရွာသွန်းသဖြင့် စစ်သားများသည် အရက်အလွန်အကျွံသောက်ပြီး၊ အမူးလွန်နေခဲ့ကြောင်း ဒေသခံများက ပြောပြပါသည်။ ရွာထိပ် ဥက္ကဌအိမ်တွင် ဗိုလ်မှူး နှင့် စစ်ကြောင်းမှူး တို့အပါအ၀င် ၃၀ ခန့် တည်းခိုကြောင်းနှင့် ရွာနောက်ဖက် ထိပ်တွင် ဗိုလ်ကလေးဟုဆိုသူနှင့် စစ်သား ၃၀ ခန့်တည်းခိုသည်ဟုသိရှိရပါသည်။

ဗိုလ်ကလေးဆိုသူနှင့် အဖွဲ့သည် ရွာအတွင်းရှိ အရက်ဆိုင်များမှ အရက်များဝယ်ယူကာ အလွန်အကျွံသောက်ခဲ့ ကြောင်း၊ အရက်အလွန်မူးနေသဖြင့် ထိုဗိုလ်ကလေးဆိုသူက လက်ပစ်ဗုံးအား ထုတ်၍ “ဒါစားစရာထင်နေလား၊ ကလစ်ဖြုတ်လိုက်ရင်ဘာဖြစ်သွားမလဲသိချင်လား”  ဟုဆိုကာ နှောက်ပြောင်ကြောင်း ဆွန်ငိုင်ရန် ရွာသားတစ်ဦး ကပြောပြပါသည်။

စစ်ကြောင်းမူးတို့ ဦးဆောင်သော အဖွဲ့မှာ အရက်သိပ်မသောက်ဘဲ အရင်တပ်ဆုတ်သွားကြောင်း၊ ထိုအဖွဲ့ပြီးမှ ဗိုလ်ကလေးတို့ဦးဆောင်သော အဖွဲ့မှာ နောက်မှ လိုက်သွားကြောင်း၊ ရွာအလယ် ဂုန်းဆင်းအရောက်တွင် ဗိုလ်ကလေးဆိုသူ၏ လက်ပစ်ဗုံးကွဲသည်ဟုယူဆရကြောင်း၊ ထိုပေါက်ကွဲမှုတွင် ထိုဗိုလ်ကလေး ပွဲချင်းပြီးသေဆုံးသွားပြီး တပ်သားနှစ်ဦးဒဏ်ရာရရှိသွားကြောင်း အခင်းဖြစ်ပွါးသည့် နေရာအနီးရှိ သစ်စက်မှ ၀န်ထမ်းတစ်ဦးက ရှင်းပြပါသည်။

ဗိုလ်ကလေးဆိုသူ သေဆုံးသွားသောနေရာနှင့် ၎င်း၏ ပစ္စည်းများ
 ထိုပေါက်ကွဲမှုကို အရှေ့မှ စစ်ကြောင်းမှူးများအဖွဲ့က KIA မိုင်းခွဲတယ် ဆိုပြီး ရွာအတွင်းသို့ တရစပ် သေနတ်ပစ်ပြီးဝင်ခဲ့ကြောင်း၊ ဗိုလ်ကလေး စစ်ကြောင်းရှိ အနောက်မှ စစ်သားများကလည်း KIA လာတိုက်ပြီဟု ယူဆကာ မူးမူးနှင့် အရှေ့မှ စစ်ကြောင်းမှူးတို့အား ပစ်ခတ်ခဲ့သည်၊ အစတွင် အပြန်အလှန်မှားယွင်းပြီး ပစ်ခတ်ခဲ့ပြီး တစ်နာရီကြာအောင် ပစ်ခတ်နေခဲ့သည်။ ထို့နောက် စကားပြောစက်ဖြင့် အချိတ်အဆက်မိပြီး မှားယွင်းကြောင်းသိသောအချိန်တွင် ရှက်ရမ်း ရမ်းကာ ရွာအတွင်းရှိ နေအိမ်များကို ဦးတည်ပစ်ခတ်လာသည် ဟု ရွာသားတစ်ဦးကပြောပြပါသည်။

ထို့နောက် ဆွတ်ငိုင်ရန်ရွာတွင် တစ်အိမ်တက်ဆင်း ရွာသားများအားလုံးကို သေနတ်များပစ်ခတ် ချိန်းခြောက်ပြီး ထိုဗုံးကွဲသည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း၊ လမ်းတွင် မြင်သမျှ၊ နေအိမ်မချန် အားလုံးကို ပစ်ခတ်ခဲ့ကြောင်း၊ ထိုအချိန်သည် ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျောင်းမှ ပြန်လာသော ၉ တန်းကျောင်းသူ တစ်ယောက်သည် မြောင်းဘေးတွင်ဝပ်နေသည်ကို လည်း သေနတ်ဖြင့်ပစ်သတ်သွားကြောင်း၊ မျက်မြင်ရွာသားတစ်ဦးက ပြောပြပါသည်။

ရွာသားများအားလုံးကို ဆွတ်ငိုင်ရန်ကုန်းပေါ်သို့အရောက်တွင် ကျား၊မ ခွဲကာ အကာအကွယ် လုပ်ထားကြောင်း၊ ပါးစပ်မှလည်း “KIA တွေသတ္တိရှိရင် ပစ်လေ၊ ဒီရွာသားတွေ အကုန်လုံးကို သတ်ပစ်မယ်” ဟုခြိမ်းခြောက်ကြောင်း၊ ထိုဂုန်းမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဖားကန့်မှော်ဝှမ်းသို့ တရစပ် ပစ်ခတ်ခဲ့ကြောင်း၊ ဖားကန့်ဗျူဟာကုန်းမှ လည်း KIA နှင့် တိုက်ပွဲဖြစ်နေသည်အထင်နှင့် လက်နက်ကြီးများ တရစပ်ပစ်ခတ်ခဲ့ကြောင်း၊ မှော်ဝှမ်း ကချင်ဘုရားကျောင်းနှင့် အထက်တန်းကျောင်း ၀င်းအစပ်တွင် လက်နက်ကြီးကျရောက်ခဲ့ပြီး၊ ကျောင်းလာကြိုသော မှော်ဝှမ်းစစ်ပြေးဒုက္ခသည်စခန်းမှ မိဘနှင့် ကျောင်းသား စုစုပေါင်း ၅ ဦးလက်နက်ကြီးထိမှန်ခဲ့ကြောင်း မှော်ဝှမ်းအသင်းတော် ဆရာတစ်ဦးက ပြောပြပါသည်။

ညနေ ၆ နာရီခန့်တွင် ဓါးစာခံပြုလုပ်ထားသော အမျိုးသမီးများနှင့် ကလေး ၁၀၀ ခန့်ကို ရွာတွင်းသို့ ပြန်လွှတ်ပေးခဲ့ပြီး၊ အမျိုးသား ၅၀ ခန့်ကို ဗျူဟာကုန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ သေဆုံးသွားသော ဗိုလ်ကလေးအလောင်းနှင့် ဒဏ်ရာရသွားသော စစ်သားနှစ်ဦးကို သယ်ခိုင်းကြောင်း၊ အချို့ကို ၎င်းတို့၏ ကျောပိုးအိတ်များကိုသယ်ခိုင်းကြောင်း၊ ကျန်သူများကို စစ်သားများ ကြားတွင် လူသားတံတိုင်းအဖြစ် အသုံးပြုသွားသည်ပြီး၊ လမ်းတွင် ဖြတ်လာသောသူများကိုလည်း ခေါ်ဆောင်သွားရာ ဗျူဟာကုန်းအရောက်တွင် လူ ၁၀၀ ခန့်ရှိသွားသည် ဟု ခေါ်ဆောင်ခြင်းတွင်ပါဝင်သော ရွာသားတစ်ဦးက ပြောပြပါသည်။ ည ၈ နာရီခန့်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟုသိရှိရပါသည်။

ယခုအခါ ဖားကန့်ဒေသတွင် ဗမာစစ်တပ်၏ မဆင်မခြင်ပြုလုပ်မှုကို ပြည်သူအများက မုန်းတီးနာကြည်း နေကြပါသည်။ ဖားကန့်အခြေစိုက် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲက ယခုတိုက်ခိုက်မှုအား အပြစ်တင်ရှုံ့ချလိုက်ပြီး ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း တရားဝင် ငြင်းဆိုလိုက်ပါသည်။

မောင်ရှင်းလင်း
၁၄/၉/၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers