www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကချင်သမိုင်း သုံးသပ်ချက်များ Friday, August 03, 2012

ကချင်သမိုင်း သုံးသပ်ချက်များ

လိုင်ဇာ - ကချင်ပြည်မှသမိုင်းပညာရှင်များနှင့် ဘာသာဗေဒပညာရှင်များအနက် နှစ်ခြင်းသိက္ခာတော်ရဆရာတော် ဦးဂျာဂွန်းသည် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။ ကျောင်းသားအရေးတော်ပုံများ ကြီးကြီးမားမားဖြစ်ပွားခဲ့သည့် ၁၉၆၀-၁၉၇၀ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ကျောင်းသားအရေးတော်ပုံများတွင် ပါဝင်ခဲ့သည်။ တစ်ချိန်က မြန်မာသင်ရိုးညွှန်းတမ်းအားဖြင့်သာ ကမ္ဘာ့အမြင်ကို ကန့်သတ်နားလည်ခဲ့ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့၏ အမှုထမ်းများကို နိုင်ငံရေးသမိုင်းသင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ အမြင်ကို ပြုပြင်ပြောင်းလဲစေရန် ဦးဆောင်ဦးရွက်ပြုလျက် ရှိသည်။ ဇွန်လ၌ ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် ကေအိုင်အိုနှင့် မြန်မာအစိုးရအကြား ဖြစ်ပွားနေသော လတ်တလောပဋိပက္ခ၏ နောက်ခံသမိုင်းကြောင်း နှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်းတွင် ပဓါနကျသည့် အတားအဆီးများအကြောင်းကို ကချင်အမျိုးသားတစ်ဦး၏အမြင်ဖြင့် ဆွေးနွေးထားပါသည်။

မေး။      ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့ အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။

ဖြေ။       ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့ တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကို သွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ ညှိနှိုင်းရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။

ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကို သိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေ ဖြစ်ခဲ့တယ်။ ကချင်တွေရဲ့ အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့ မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့ မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

မေး။      ။ ဗမာလူမျိုးအများစုက သူတို့ကိုယ် သူတို့ တောင်ပေါ်သားလို့ ခေါ်ကြတဲ့ ကချင်၊ ကရင်တို့လို တိုင်းရင်းသားလူမျိုးတွေထက် သာတယ်လို့ ထင်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်သလဲ။

ဖြေ။       ။ ဗမာလူမျိုးတွေဟာ သူတို့မှာ ဘုရင်ရှိခဲ့ဖူးတယ်ဆိုပြီး အင်မတန် ၀ံ့ကြွားကြတယ်။ ကျနော်တို့ ကချင်တွေကျတော့ ဗမာ၊ တရုတ် ဘယ်သူ့လက်အောက်မှ မကျရောက်ခဲ့ဖူးတဲ့အတွက် အင်မတန် စိတ်ဓါတ်ခိုင်မာကြတယ်။ ကချင်တွေကို ဗြိတိသျှတွေ ပထမဆုံးအောင်နိုင်ခဲ့တယ်။ ကချင်တွေက အမြဲလိုလို စစ်တိုက်နေကြလေ့ရှိတယ်။ တခါတရံ ကိုယ့်အချင်းချင်း တိုက်ကြတယ်။ တခါတလေတော့ တခြားရန်သူတွေနဲ့ တိုက်ကြတယ်။

ရှမ်းလူမျိုးတွေက အရင် တိုးတက်ခဲ့ကြပြီး ကချင်တွေက ရှမ်းတွေရဲ့ ယဉ်ကျေးမှုကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုခဲ့ကြတယ်။ လယ်စိုက်ပျိုးခြင်းကို ရှမ်းလူမျိုးတွေဆီက သင်ယူခဲ့တယ်။ ဗမာဘုရင်တွေက ကချင်တွေကို အရိုင်းအစိုင်းတွေလို့ပဲ သတ်မှတ်ခဲ့ကြတဲ့အတွက် ကချင်တွေကို ထိမ်းချုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ သူတို့ဟာ ကျနော်တို့ကို လုံးဝ လျစ်လျူရှုခဲ့ကြတယ်။

မေး။      ။ ကိုလိုနီခေတ်ကို ဆက်သွားကြတာပေါ့။ ဗြိတိသျှတွေက ဗမာပြည်နဲ့ ကချင်တွေကို ဘယ်လို ပြောင်းလဲစေခဲ့သလဲ။

ဖြေ။       ။ ဗြိတိသျှလက်အောက်က ဗမာပြည်နဲ့ ဗမာဘုရင့်တိုင်းပြည်က တခြားစီပါ။ ဗမာဘုရင်တွေရဲ့ နယ်ပယ်က အကန့်အသတ်နဲ့ပဲ ရှိတာပါ။ ကချင်ပြည်၊ ၀ပြည်၊ ကရင်နီပြည်၊ တခြားပြည်တွေ တစ်ပြည်လုံးကို ဗမာဘုရင်တွေ မထိမ်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာပြည်မဒေသလောက်ပဲ သူတို့အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယဒေသ (Indian sub-continent) ကို ကာကွယ်ဖို့အတွက် ဗြိတိသျှတွေက ဒီနယ်မြေဒေသတွေအားလုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၈၈၆ ခုနှစ် ဗြိတိသျှကျူးကျော်မှုကို တွန်းလှန်ခဲ့တုန်းက ဘယ်ဗမာစစ်သူကြီးကမှ မပါဝင်ခဲ့ဘူး။ ကချင်ခေါင်းဆောင်တွေပဲ နယ်ချဲ့တွေကို တွန်းလှန်ခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ သီပေါဘုရင်လက်က ဗမာ့ထီးနန်းကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကချင်ပြည်ကိုလည်း အလိုအလျောက်အောင်နိုင်ပြီလို့ ဗြိတိသျှတွေ ထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေရောက်လာတာနဲ့ ကချင်ခေါင်းဆောင်တွေက တော်လှန်တော့တာပဲ။ ဒါကြောင့် ကချင်ဟာ ဗမာဘုရင်တွေရဲ့ လက်အောက်ခံမဟုတ်ဘူးဆိုတာ ဗြိတိသျှတွေ သဘောပေါက်သွားခဲ့ကြတယ်။

ဒီကနေ့ ပြည်ထောင်စုမှာ ကျနော်တို့က မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ရှမ်း၊ ကချင်နဲ့ တခြားတိုင်းရင်းသားတွေမှာ ကိုယ်ပိုင် သမိုင်း၊ ကိုယ်ပိုင် နယ်မြေဒေသ၊ ကိုယ်ပိုင် ဘာသာစကားတွေ ကိုလိုနီအုပ်ချုပ်ရေး မတိုင်ခင်ကတည်းက ရှိခဲ့တယ်။ ဗြတိသျှအစိုးရက တိုင်းရင်းသားနယ်မြေတွေ အားလုံးကို ပေါင်းစည်းပြီး ဗြိတိသျှဗမာပြည်ကို တည်ထောင်ခဲ့တာပါ။

မေး။      ။ ဒုတိယကမ္ဘာစစ်မှာ ကချင်တွေ ဗြိတိသျှဘက်က ပါဝင်တိုက်ခိုက်ခဲ့တယ်။ ဗမာတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ ဂျပန်တွေနဲ့ပဲ အချိန်တော်တော်ကြာ ကုန်လွန်ခဲ့တယ်။ ဒီအချက်က ကချင်-ဗမာဆက်ဆံရေးကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲ။

ဖြေ။       ။ ကချင်နဲ့ ချင်းတွေက မဟာမိတ်တပ်ပေါင်းစုကို ထောက်ခံတဲ့သူတွေဆိုတော့ ဂျပန်ခေတ်မှာ (ဗိုလ်ချုပ်) အောင်ဆန်းနဲ့ သူ့ရဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ရောက်လာချိန်မှာ ကချင်တွေ အမြောက်အများကို နယ်ချဲ့လက်ပါးစေတွေဆိုပြီး သတ်ဖြတ်ခဲ့တယ်။ ကျနော့်ဆီမှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ အများကြီးရှိပါတယ်။ ဂျပန်သေနတ်တွေကို နေရာတိုင်းမှာ သုံးခဲ့တယ်။ ၁၉၄၄ မတိုင်ခင်အထိ ဘီအိုင်အေတပ်တွေ ရွာတွေထဲ ၀င်ရောက်ပြီး ကချင်ပြည်သူတွေကို ဒုက္ခမျိုးစုံပေးခဲ့တယ်။

ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေး ရယူပေးခဲ့တယ်ဆိုတာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင်လူမျိုးတွေ၊ မြောက်ပိုင်းကချင်ရိန်းဂျားတပ်သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှု အထိမ်းအမှတ်အဖြစ်နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ်မနောပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့တာ နှစ်လ၊ သုံးလပါပဲ။

ဂျပန်ကို အောင်နိုင်လိုက်နိုင်တာကြောင့် နိုင်ငံရေးပြောဆိုဆွေးနွေးရာမှာ ကချင်က အဓိကဖြစ်လာတာပါ။ နိုင်ငံရေးချိန်ခွင်လျှာမှာ ကျနော်တို့က အသာစီးဖြစ်ခဲ့တာကိုး။ အဲဒါကတော့ အပြောင်းအလဲကာလပေါ့။ အဲဒီအချိန်တုန်းက ဗမာစစ်သားတစ်ယောက်မှ မရှိပါဘူး။ ကချင်တပ်တွေပဲ ရှိတာပါ။ စစ်အောင်နိုင်တဲ့ အထိမ်းအမှတ်မနောပွဲမှာ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သူ့ရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကို ဖိတ်ကြားခဲ့တယ်။ သူတို့ တက်လာပြီး ကျနော်တို့နဲ့ တွေ့ဆုံတယ်။ ပြီးတော့ လွတ်လပ်ရေး အတူတကွ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတယ်။

မေး။      ။ ၁၉၄၇ မှာ ကချင်တွေ အခြားသူတွေနဲ့ အတူ ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။ ဦနုရဲ့ အရပ်သားအစိုးရက ဒီစာချုပ်ကို လေးစားလိုက်နာခဲ့လား။

ဖြေ။       ။ (ဗိုလ်ချုပ်) အောင်ဆန်း သေသွားပြီးတဲ့နောက်၊ ဦးနုက ပင်လုံစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်းခဲ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အဓိကကျရှုံးမှုက နု-အက်တလီစာချုပ်ပဲ။ ပင်လုံစာချုပ်အရ ကျနော်တို့ တန်းတူအခွင့်အရေးရတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအချိန်တုန်းက ပါးရည်နပ်ရည် မရှိခဲ့ကြဘူး။ နု-အက်တလီစာချုပ်က အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေးအပါအ၀င် အာဏာအရပ်ရပ်ကို ဦးနုရဲ့ ဖဆပလအဖွဲ့ချုပ်ကို လွှဲပြောင်းပေးခဲ့တာကိုး။

၁၉၄၈ အခြေခံဥပဒေအရ ဖဆပလ ကဲ့သို့သော အင်အားကြီးပါတီကပဲ ပါလီမန်တစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့အပြင် နု-အက်တလီစာချုပ်အရ ဥစ္စာဓနတွေနဲ့ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဗြိတိသျှအစိုးရက ရန်ကုန်အစိုးရကို လွှဲပြောင်းပေးခဲ့တယ်။

မေး။      ။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲ။ ဘာလို့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တာလဲ။

ဖြေ။       ။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်တွေ အကန့်အသတ်နဲ့ပဲ ရှိခဲ့တယ်။ ဗမာအစိုးရက ၁၉၄၈ အခြေခံဥပဒေနဲ့ ပါလီမန်မှာ လူနည်းစုတိုင်းရင်းသားအမတ်တွေကို ထိန်းချုပ်ခဲ့တယ်။ ပထမဆုံး အချက်က ကချင်ရွာတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တဲ့ ကိစ္စ။ ကချင်ပြည်သူတွေ၊ အထူးအဖြင့် ကချင်ကျောင်းသားတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ ကိုယ်စားလှယ်နည်းတဲ့အတွက်ကြောင့် ကျနော်တို့မှာ အားမရှိခဲ့ဘူး။ ဒုတိယပြဿနာက နိုင်ငံတော်ဘာသာ။ အခြေခံဥပဒေမှာ ကျနော်တို့က နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားထား(Separation of the Church and the State)စေချင်တယ်။ ဒါပေမယ့် ဦးနုက နိုင်ငံရေးကိစ္စမှာ ဗုဒ္ဒဘာသာကို အသုံးချလာတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ကျနော်တို့ မမုန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာ ဗုဒ္ဓဘာသာကို ဆွဲထည့်လာတာကိုတော့ မကြိုက်ဘူး။

ပင်လုံစာချုပ်မှာပါတဲ့ ကတိက၀တ်က မျှတမှုနဲ့ အခြေခံ အခွင့်အရေး - လူနည်းစုတိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်မှု နဲ့ ဒီမိုကရေစီ။ ဒါတွေက ပင်လုံစာချုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေ။ ဒါပေမယ့် ဦးနုက ၁၉၄၈ အခြေခံဥပဒေကို သုံးပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားလာတယ်။ နိုင်ငံတော်ဘာသာနဲ့ အာဏာခွဲဝေမှုဆိုတဲ့ အချက်နှစ်ချက်ကြောင့် ပါလီမန်ဟာ ကချင်လူမျိုးတွေအတွက် မျှော်လင့်ချက်မဟုတ်တော့ဘူး။

အဲဒါကြောင့် ကျနော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ စတင်ခဲ့တာပါ။ ဒီကနေ့အထိလည်း ကျနော်တို့ကတော့ နိုင်ငံရေးကိုပဲ ဦးစားပေးဆွေးနွေးချင်တာပါ။ အပစ်ရပ်ဖို့ မလိုဘူး။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မလိုဘူး။ ပင်လုံစာချုပ်ကစတဲ့ ပြဿနာတွေအားလုံးရဲ့ အရင်းအမြစ်က နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နိုင်ငံရေးကိစ္စတွေကိုပဲ စတင်ဆွေးနွေးသွားရမှာပါ။

မေး။      ။ ကေအိုင်အိုကို စတင်ဖွဲ့စည်းတုန်းက ကချင်တွေက လုံးဝလွတ်လပ်ရေးကို လိုချင်ခဲ့တာပါ။ ၁၉၇၀ နောက်ပိုင်းကျမှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းလဲတောင်းဆိုလာတယ်။ ဘာလို့ သူတို့ရဲ့ ရပ်တည်ချက်ကို လုံးဝလွတ်လပ်ရေးကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းသွားရတာလဲ။

ဖြေ။       ။ ကျနော်တို့ရဲ့ အခြေခံရည်မှန်းချက်ကို ရနိုင်မှာ မဟုတ်ဘူးဆိုတာ သိမြင်လာလို့ပါ။ ဒါ့ကြောင့် အခြေအနေကိုလိုက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ အမြစ်စွဲနေတဲ့ လုံးဝလွတ်လပ်ရေးဆိုတာ ကျနော်တို့ရဲ့ အခြေအနေအရ ဘယ်လိုနည်းနဲ့မှ ညှိနှိုင်းဆွေးနွေးရယူဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာ ကုန်းတွင်းပိတ်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကြောင့်၊ ကျနော်တို့ရဲ့ စစ်ရေးအင်အား၊ ခေါင်းဆောင်မှု စတာတွေကြောင့် ကျနော်တို့ရဲ့ ရပ်တည်ရှင်သန်ခွင့်အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။

တချိန်တုန်းကတော့ ဆိုရှယ်လစ်အစိုးရတွေ စည်းလုံးညီညွတ်တော့မလို ဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီယားနဲ့ အနောက်နိုင်ငံတွေ ညီညွတ်ကြတော့မလို ဖြစ်ခဲ့တယ်။ နေရာဒေသတိုင်းမှာ အားလုံးက ပေါင်းစည်းညီညွတ်လာကြတော့ ကျနော်တို့လည်း ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ အခြားတိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရခိုင်တွေနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ သူတို့နဲ့ ပေါင်းစည်းခြင်းအားဖြင့် ကျနော်တို့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပိုပြီး ခိုင်မာစေချင်ခဲ့တယ်။ ကျနော်တို့ရဲ့ နောက်ဆုံး အဆုံးအစွန်ရည်မှန်းချက်ကတော့ လုံးဝလွတ်လပ်ရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေး။      ။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထက်စာရင် လက်ရှိ (ဦး)သိန်းစိန်လက်ထက်မှာ ကချင်နဲ့ ဗမာ အကြား ပိုမိုအဆင်ပြေလာနိုင်မယ်လို့ ထင်ပါသလား။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ အနေအထားမှာပေါ့။

ဖြေ။       ။ သိပ်မကြာတော့တဲ့ အချိန်မှာ (ဦး)သိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်းမှာ အကွဲအပြဲတွေ ဖြစ်တော့မယ်လို့ ထင်ပါတယ်။ (ဦး)သိန်းစိန်လည်း တစ်နေ့နေ့မှာတော့ တိုင်းရင်းသားလူနည်းစုအရေးကို နားလည်လာမှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ကတော့ ကျနော်တို့ရဲ့ အခြေအနေကို သဘောပေါက်ပါတယ်။ (ဦး)သိန်းစိန်လည်း နားလည်ကောင်း နားလည်နိုင်ပေမယ့် မတူညီတဲ့ နိုင်ငံရေးသဘောတွေကြောင့် ခက်ခဲတဲ့အခြေအနေတစ်ခု ဖြစ်နေတာပါ။ ဒီမိုကရေစီကတော့ ဒီမိုကရေစီပါပဲ။ ဒါပေမယ့် ဗမာပဲ ချုပ်ကိုင်လွှမ်းမိုးမယ့် စနစ်ပါ။ ဒါက သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းပါ။ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို မပြင်နိုင်ဘူးဆိုရင် အချင်းချင်း ပြန်လည်သင့်မြတ်ဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့အချက်ကို မြန်မာနိုင်ငံ ပြင်ပမှာနေထိုင်တဲ့သူတွေတော့ နားလည်သဘောပေါက်ကြမှာပါ။

ဗမာတွေ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပြုပြင်ခဲ့ရင်တော့ ကျနော်တို့ ပြန်သင့်မြတ်ကြမှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ရဲ့ အနေအထားက ပြန်လည်သင့်မြတ်ရေးလုပ်ဖို့အတွက် ကောင်းလာမှာပါ။ ကျနော်တို့ ဗမာတွေကို မလွှမ်းမိုးချင်ပါဘူး။ ကျနော်တို့ရဲ့ သမိုင်း၊ ကျနော်တို့ရဲ့ ဖြစ်တည်မှု၊ တချိန်တုန်းက ကျနော်တို့ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်နေတဲ့ ကျနော်တို့ရဲ့ တိုင်းပြည်ကိုပဲ ကာကွယ်ချင်တာပါ။

မေး။      ။ ဗမာတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ ဘယ်အရာက အဓိက အတားအဆီးဖြစ်နေတယ်လို့ ထင်ပါသလဲ။

ဖြေ။       ။ အဓိက အတားအဆီးကတော့ စစ်တပ်ပါ။ စစ်ဘက် အာဏာပိုင်တွေပါ။ ဒီစစ်တပ်က ဗမာဘုရင်တွေကို အစားထိုးထားခြင်းပါ။ စစ်တပ်ရဲ့ သဘောထားက ဗမာဘုရင်တွေအစား ရပ်တည်ဖို့ပဲ။ ဗမာဘုရင်တွေက ကျနော်တို့ကို အရိုင်းအစိုင်းလို့ပဲ သတ်မှတ်ခဲ့ကြတယ်။ ကျနော်တို့ကို လူလို့ တွေးမှတ်ခဲ့ကြတာ မဟုတ်ဘူး။

[ဧရာဝတီသတင်းဌာန၏ အင်တာဗျူးကဏ္ဌတွင် ဖော်ပြထားသော Carlos Sardiña Galache ၏ Reflections on Kachin History ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။]
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers