www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

တပ်မတော်သားများ ဘယ်လောက်ဘဲသေသေ၊ ငတေမာပြီးရော

အစိုးရတပ်မတော်နဲ့  KIO/KIA တို့ကြားစစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာ လွန်ခဲ့တဲ့နှစ် ဇွန်လ (၉) ရက်နေ့မှ ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လကုန်အထိဆိုရင် (၁၃)လလုံးလုံးကြာမြင့်ခဲ့ပါပြီ။  နှစ်ဦးနှစ်ဘက် အကျအဆုံး မည်ရွေ့မည်မျှရှိကြောင်း အတိအကျမသိရပေမယ့် နှစ်ဦးနှစ်ဘက် သေကျေကြမှာကတော့ မြေကြီးလက်ခတ်မလွှဲပါ။ KIOဘက်မှ ရံဖန်ရံခါ ထုတ်ဖေါ်ကြေညာခဲ့သမျှ တိုက်ပွဲအရေအတွက်များကို တာဝန်မရှိလို့ တကူးတက မှတ်မထားပေမယ့် အကြမ်းဖျင်း မှတ်မိသလောက် ပြောမယ်ဆိုရင် တိုက်ပွဲအကြိမ်ပေါင်း ၂၀၀၀ နီပါးရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
တိုက်ပွဲတစ်ခုတိုင်းမှာ တစ်ယောက်နှုန်းစီ အကျအဆုံးရှိခဲ့ရင် နှစ်ဖက်ပေါင်း အယောက် ၄၀၀၀တော့ သေကျေကုန်လောက်ပြီဖြစ်တယ်။ ဒါတောင်မှ ဒဏ်ရာရတဲ့စာရင်း မပါသေးဘူး။ ဒါပေမယ့် တိုက်ပွဲဆိုတာ ချိန်ခွင်လျှာအလေးညှိသလို ညီတူညီမျှ ကျဆုံးရတာမျိုးတော့မဟုတ်ပါ။ နေ့စဉ်နဲ့အမျှ ကြားသိနေရတဲ့ တိုက်ပွဲသတင်းများ၊ media များ၊ Internet Website များ၊ မျက်မြင်ကိုယ်တွေ့ သက်သေများ၊ ကျေးလက်မြို့ရွာအနှံ့ ပလူပျံနေတာဟာ   တိုက်ပွဲတိုင်း တိုက်ပွဲတိုင်းမှာ တပ်မတော်ဘက်မှ အယောက် ၂၀၊ ၃၀၊ ၅၀၊ ၈၀၊ ၁၀၀ စသည်ဖြင့် သေကျေကျဆုံးနေကြောင်း ဘယ်သူမှငြင်းလို့မရတဲ့ အဖြစ်မှန်တွေကို သိရှိရပါတယ်။ 
တပ်ရင်းအလိုက်၊ တပ်မအလိုက် ပြုတ်သွားတဲ့ဖြစ်ရပ်တွေ၊ တပ်ရင်းမှူးမက ဗျူဟာမှူးများ အထိတောင်မှ သေပွဲဝင်ခဲ့ကြတဲ့ သတင်းတွေဟာ သမ္မတဦးသိန်းစိန် မကြားသိရပေမယ့် စကြဝဠာထဲက ဂြိုလ်သားများတောင်မှ အကုန်သိနေကြပြီဖြစ်တယ်။ တပ်မတော်အင်အား စာရင်းစာအုပ်ထဲမှာ ကိန်းဂဏန်း ဘယ်လောက်ဘဲရှိရှိ အာကာသ ထောက်လှန်းရေး ဂြိုလ်တုတွေက အကုန်သိနေကြတယ်။ အသက်ပေးသွားရှာတဲ့ တပ်မတော်သားတွေရဲ့ ကျန်ရှိမုဆိုးမတွေကို တန်းစီထားပြီး အောင်ပါလေမဲစနစ်နဲ့  ခွဲဝေယူကြတဲ့သတင်းတွေလည်း ကြားကြရပါတယ်။
အခုတလော  အလွတ်သဘော ခဏခဏပြောတဲ့ ၀န်ကြီးဦးအောင်မင်းဟာ  ယနေ့ထိ အစိုးရတပ်မတော်ဘက်မှ တပ်သားပေါင်း ၂၀၀ ကျဆုံးခဲ့ပြီဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့တဲ့ သတင်းကို နေပြည်တော်ပြန် ဧည့်သည်တော်များထံမှ လောလောလတ်လတ် ကြားသိရပါတယ်။ ဒီသတင်းစကားအရ ဖြစ်နိုင်မဖြစ်နိုင် ရှေ့တန်းစစ်မြေပြင်တခွင် ဒူးပေါ်နဖူးပေါ် ကျီးကန်းသံ တအော်အော်ဖြစ်နေတဲ့ အနိဌာရုံ အရိုးပုံတွေကို ကြည့်ကြမယ်ဆိုရင် ဦးအောင်မင်းပြောတဲ့ ကိန်းဂဏန်းဟာ သုညဘယ်နှစ် လုံးဖြုတ်ထားမှန်းမသိ၊ တစ်နည်းအဓိပ္ပာယ်ကောက်မယ်ဆိုရင် “လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း” ဆိုတာမျိုးလည်းဖြစ်နိုင်တယ်။ တော်တော့်ကို ပဟေဠိဆန်လှပါတယ်။ အဲဒါကို မြန်မာ့နည်းမြန်မာ့ဟန်လို့  မှတ်ချက်ချရမလားမသိ။
အကယ်၍ ဦးအောင်မင်း၏ ထုတ်ဖော်ပြောကြားချက်အရ တပ်မတော်သားအသေ အပျောက် အယောက် ၂၀၀ ထက်မပိုဘူးဆိုရင် KIA ဘက်မှာတော့ ဒီထက်မက ကျဆုံးခဲ့ရလို့ အညံ့ခံအရှုံးပေးရမယ့် ကိန်းဆိုက်လောက်ပြီဖြစ်တယ်။ ဒါပေမယ့် မြန်မာ့နည်းမြန်မာ့ဟန်ကို ဆက်လက်အနက်ဖွင့်လိုက်တဲ့အခါ ၂၀၀ ထက်ပိုတဲ့ ကျဆုံးမှုစာရင်းများကို သက်ဆိုင်ရာသို့ တရားဝင် မတင်ပြသေးဘဲ အရှိစာရင်းပြထားပြီး တပ်မှူးတွေက သေဆုံးသူတွေရဲ့ လစာ၊ ရိက္ခာတွေကို အပြည့်အဝ ခံစားနေကြောင်းသိရပါတယ်။ အဲဒါကို ဗုဒ္ဓဘာသာဝင် သူတော်စင်များရဲ့ ပုံမှန်စရိုက်လို့ မပြောချင်သော်လည်းဘဲ ပြောရတော့မှာဘဲ။
နောက်တစ်ချက်ကတော့ အစိုးရတပ်မတော်သားများ အသေအပျောက်နည်းတယ်ဆိုတာ မှန်ကန်တယ် ဆိုတဲ့သတင်းဘဲ။ ဘာကြောင့်လည်းဆိုတော့ မှန်ကန်ရင်ကွဲတတ်လို့ပေါ့။ ဖြစ်ပုံက ရှေ့တန်းစစ်မြေပြင်မှာ KIO/KIA နဲ့တိုက်လို့ခိုက်လို့ သေကျေကြသူတွေ အများစုဟာ တပ်မတော်သား စင်စစ်တွေ မဟုတ်ကြဘဲ ဦးဇခုံတိန်းယိန်းရဲ့တပည့်တွေ၊ ဦးလဆန်အောင်ဝါရဲ့ တပည့်တွေ၊ ဦးမထုနော်ရဲ့တပည့်တွေ၊ ဦးအဒန်ရဲ့တပည့်တွေသာ ပိုများနေကြောင်း ကြားသိနေရ ပါတယ်။ ဒါတင်မကဘဲ အောက်ပြည်အောက်ရွာမှ ကြေးစားအသပြာသားတွေ၊ အဓမ္မဖမ်းဆီး သိမ်းသွင်းယူပြီး ရှေ့တန်းပို့ခံရတဲ့ စစ်သင်တန်းမဲ့ စာရင်းမရှိ ဓားစာခံတပ်သားတွေ၊ ခွေးသေဝက်သေ သေကျေနေလျှက်နဲ့ လျော်ကြေးမရှိ၊ ပင်စင်မရှိ၊ မိသားစုများထံ အကြောင်းကြား ပေးခြင်းမရှိတဲ့ လူ့အခွင့်အရေး အလွန်အကျွံ ချိုးဖောက်မှုတွေ  တပ်မတော်တမတ် ဤဘေးဆိုးကပ်မှာ ပြည်သူတစ်ရပ်လုံး မျက်ရည်ဖုံးပြီး ဘ၀ရှုံးနေကြရပါတယ်။
သြော်--- ဗိုလ်ချုပ်တစု၊ ကောင်းမှုရောက်ဖို့
   ပြည်သူတို့ဟာ၊ သေကျေရတာ
   သင်ခန်းစာတည်း။
   ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
   မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်
                    စည်းစိမ်မကွာ၊ ဗိုလ်ချုပ်တွေကား
   သမုဒ္ဒရာ၊ ရေမျက်နှာထက်
   ခဏတက်သည့်၊ ရေပွက်ပမာ
   တသက်လျာတည်း။
တပ်မတော်သားများ ဘယ်လောက်ဘဲသေသေ၊ ငတေမာပြီးရောပေါ့နော်။

ရတနာပုံကွမ်းယာ
နေပြည်တော်။
၂၀၁၂ခုနှစ်၊ ဇူလိုင် (၂၇)ရက်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers