www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

(ကချင်ပြည်နယ်ဘာကြောင့် စစ်မီးလောင်ရတယ်…….)

ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ဆိုတော့ ဗျိုင်းနားလို့ပေါ့။ ကချင်ပြည်နယ်ကြီး ဘာကြောင့် စစ်မီးလောင်ရတယ် ဆိုတော့ တရားမျှတမှုမရှိလို့ပေါ့။ တရားမျှတမှုဘာကြောင့် မရှိတယ်ဆိုတော့ အုပ်ချုပ်သူတွေ  မကောင်းလို့ပေါ့။ ……………… အဖြေက ဒါပါပဲ။

၂ဝ၁၂ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ဆိုရင် အစိုးရတပ်နဲ့ ကေအိုင်အိုတို့ကြား  စစ်ဖြစ်တာ တစ်နှစ်ပြည့်တော့မယ်။ ကချင်ပြည်နယ်ရှိ ပြည်သူလူထုတွေ၊ အများအားဖြင့် ကျေးလက်တောရွာမှာ နေထိုင်ကြတဲ့ ကချင်လူထုတွေဟာ မိမိတို့ရပ်ရွာ၊ အိုးအိမ်၊ လယ်မြေ၊ ခြံမြေ၊ ကျွဲနွားတိရစ္ဆာန်၊ ပိုင်ဆိုင်ပစ္စည်း အားလုံးစွန့်ပစ်ကာ စစ်ပြေးဒုက္ခသည်ဘဝသို့ ရောက်ခဲ့ရတာလည်း တစ်နှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်တယ်။

စစ်ပြေးဒုက္ခသည်စခန်း ရောက်သူတွေသာ မကဘဲ သာမန်လူထု တစ်ရပ်လုံး လည်းပဲ အရှိန်ရနေဆဲ ဖြစ်တဲ့  ဤစစ်ပွဲကြီးကြောင့်  နေ့စဉ် ဝမ်းစာဖူလုံရေးနဲ့ ဘဝရပ်တည် နိုင်ရေးအတွက် အနည်းနဲ့အများ ကျီးလန့် စာစားရင်း စိတ်ရောကိုယ်ပါ ဆင်းရဲဒုက္ခ ကြုံနေကြရတယ်။

ဒီတော့ ဘာကြောင့်လဲ။ ဘယ်သူ့ကြောင့်လဲ။ ဘယ်တုန်းကလဲ။ ဘယ်မှာလဲ။ ဘာဖြစ်တာလဲ။   (Why?  Who? When?  Where? What? ) စသည်ဖြစ် ပြဿနာရဲ့ ဇာစ်မြစ်ကို ရှာပုံတော် လုပ်ကြည့်ခဲ့ရာ အောက်ပါအတိုင်း သိရှိရပါတယ်။

လွန်ခဲ့သော (၁၉၆၁)ခုနှစ် ကတည်းက K-I-A ခေါ် ကချင်လက်နက်ကိုင်  အဖွဲ့အစည်းနဲ့ အစိုးရ တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ဟာ ၁၉၉၄ခုနှစ်မှာ သဘောတူ စာချုပ်တစ်ရပ် ရေးထိုးပြီး ငြိမ်းချမ်းရေး ရယူပြီးဖြစ်ကြောင်း ပြည်သူလူထု အားလုံး အသိဖြစ်ပါတယ်။ ထိုသို့ ငြိမ်းချမ်းရေး ရရှိပြီး ဖွံ့ဖြိုးရေးကဏ္ဍကိုသာ ဆက်လက် ဆောင်ရွက်နေကြရာ KIA တပ်မဟာ (၃)နယ်မြေ၊ Sanggang ဒေသရှိ၊ တရုတ်နယ်စပ်အနီးဖြစ်တဲ့ တာပိန်မြစ်ပေါ်တွင် နိုင်ငံတော်အစိုးရ၊ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ  ဒါတန်ရေအားလျှပ်စစ်ကုမ္ပဏီ (Datang ‘Yunnan’ United Hydropower Developing Co., Ltd) တို့ပူးပေါင်း၍ ရေအားလျှပ်စစ် စက်ရုံတစ်ခု တည်ဆောက်ခဲ့ကြောင်း သိရှိခဲ့ရတယ်။

၎င်းဓာတ်အားပေးစက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားအများစုကို စာချုပ်အရ တရုတ်နိုင်ငံသို့ ရောင်းချပေးရမည်ဖြစ်ရာ မတည်ဆောက်မီကတည်းကပင် စီရံငွေရော သီးသန့်အကြံအဖန် လဒ်ထိုးငွေပါမကျန် မြန်မာဗိုလ်ချုပ်များ ကြိုတင်စားထားနှင့်ခဲ့ပြီ။ ဒါတွေမကဘဲ KIO နယ်မြေကို ဖြတ်သန်းပြီး တရုတ်နိုင်ငံမှ ဗန်းမော်မြို့အရောက် ကားလမ်းကြီး ဖောက်လုပ်ရမှာဖြစ်ရာ KIO ကိုလည်း ဒါတန်ကုမ္ပဏီမှ တရုတ်ယန်းငွေ သိန်း၁၅ဝနှင့် ကတ္တရာစေး ပေပါ ၁ဝ၀၀ ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။


ဒီအခြေအနေပေါ်မှာ အစိုးရခေတ်အဆက်ဆက် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မှောင်ခိုစီးပွား လုပ်စားနေသူ ကချင်ပြည်နယ် မိုးမောက်မြို့မှ ဦးရုံးမူ ဆိုသူနှင့် မံစီမြို့မှ ဦးထွန်းထွန်း (မံစီမြို့နယ်၏ လက်ရှိပြည့်သူ့လွှတ် တော်ကိုယ်စားလှယ်) ဆိုသူနှစ်ဦးလည်း လသာတုန်းဗိုင်းငင် ဆိုသလို စစ်ကိုင်းတိုင်း တကောင်းမြို့အနီးရှိ နီကယ်လ် သတ္တုတွင်းမှ နီကယ်လ် (Nickle) သတ္တုတူးဖော်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ချဉ်းကပ်ပြီး ခွင့်ပြုချက် (Permit) ရရှိထားကြကြောင်း လည်း သိရှိရပါတယ်။

အဆိုပါ စီးပွားရေးသောင်းကျန်းသူနှစ်ဦးဟာ ကချင်ပြည်နယ်မှ ထွက်ရှိသမျှ ကျွန်းနှင့်သစ်မာမျိုးစုံ၊ ကျောက်စိမ်းအပါအဝင် အဖိုးတန်ရတနာအကုန် မတရားခိုးထုတ်ရောင်းစား နေကြသူနှစ်ဦး ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ သူတို့နှစ်ဦးဟာ သူတို့ရဲ့ စီမံကိန်းဖြစ်တဲ့ တကောင်းမြို့ နီကယ်လ်သတ္တုတွင်းမှာ အသုံးပြုလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို KIOနယ်မြေ Sanggang ဒေသရှိ တာပိန်ရေအားလျှပ်စစ်မှ ခွဲဝေယူရမည်ဖြစ်ပေမယ့် ၄င်းမှဓာတ်အား အများစုလည်း တရုတ်နိုင်ငံသို့ ရောာင်းချပေးထားပြီးသားဖြစ်ပြန်ရာ အာဏာပိုင်တွေဆီချဉ်းကပ်ပြီး အမှတ်(၂)တာပိန်ဓာတ်အားစက်ရုံတစ်ခု နောက်ထပ် တည်ဆောက်ဖို့ တိုက်တွန်းခဲ့ကြောင်း သိရှိရပါတယ်။

အာဏာပိုင် ဆိုသူတွေလည်း အခြားမဟုတ်ဘဲ ကြံ့ဖွပ်မှ ခြင်္သေ့ခေါင်းစွပ် ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ နှစ်ဦးဖြစ်နေကြတယ်။ တရုတ်နိုင်ငံ ယူနန်ဒါတန် ရေအားလျှပ်စစ် ကုမ္ပဏီတွေကတော့ တာပိန်ဓာတ်အား စက်ရုံတစ်ခု တည်ဆောက်ဖို့တောင်မှ ဗမာဗိုလ်ချုပ်တွေကို တန်စိုးလက်ဆောင် ပေးရတာတစ်မျိုး၊  KIO အဖွဲ့အစည်းကို ဖြတ်သန်းခ ပေးဆောင်ရတာတစ်ဖုံ၊ အာဏာပိုင်အဖွဲ့ နှစ်ခုကြားမှာ အပေးအယူမတည့်လို့ အချိန်နှောင့်နှေး ကြံ့ကြာရတာ တစ်မှောင့်၊  အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရကြောင်း သုံးသပ်ချက်ရှင်းပြတဲ့အခါ၊ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ အဖြေပေးပုံကလည်း မင်းတို့စိုးရိမ်ရတဲ့ KIA တွေကို ၁၀ ရက်အတွင်းအပြတ် ရှင်းပစ်လိုက်မယ်လို့ ကတိပေးပြီး တပ်မတော်အရာရှိတွေနဲ့  ပူးပေါင်းကြံစည်ကာ ၂ဝ၁၁ခုနှစ်၊ ဇွန်လ (၉) ရက်နေ့မှာ (၁၇)နှစ်လုံးလုံး ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကချင်ပြည်နယ်ကြီးမှာ စစ်မီးတဖန် တောက်လောင် ခဲ့ရခြင်းဖြစ်ကြာင်း ခိုင်လုံသော သတင်းရပ်ကွက်မှ အတိအလင်း  ကြားသိပါတယ်။

စစ်စတင်ဖြစ်လျှင်ဖြစ်ချင်း KIAခေါ် တောသားချာတိတ်တွေကို ရက်ပိုင်းလေးနဲ့ သုတ်သင်ရှင်းပစ် နိုင်မယ်လို့  တွက်ထားပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အစိုးရတပ်မတော် ဘက်မှအရာရှိကြီးငယ်အပါအဝင်အစုလိုက်အပြုံလိုက် အကျအရှုံးများလာတဲ့အခါ အိပ်မက်ဆိုးကြီး မက်မိကြတဲ့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ နှစ်ဦးဟာ ချက်ချင်းပဲ မြစ်ကြီးနားသို့ တက်လာပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် နည်းလမ်းရှာခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းအောင်နဲ့တကွ မြစ်ကြီးနားရှိ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌဖြစ်သူ ဦးစွမ်ဖောင်းဆင်ဝါး (Tsumhpawng Sinwa)၊ မြစ်ကြီးနားမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် (Hkyet Hting Nan)တို့တို KIO နဲ့ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လဂျားယန် (Laja Yang)သို့ စေလွှတ်ခဲ့ကြတယ်။ သို့သော်လည်း အောင်မြင်မှု အရိပ်အရောင် တစုံတရာ မရတဲ့အပြင်  အပြောအဆို အမှားမှား အယွင်းယွင်းဖြစ်ကာ အရှက်တကွဲဖြင့် ပြန်လည်ဆုတ်ခွာ ခဲ့ကြရတယ်။
စစ်ပွဲအရှိန်ဟာလည်းပဲ အဆုံးမသတ်နိုင်တော့ဘဲ မြင့်သထက်မြင့်လာခဲ့တယ်။ ထိုအခိုက်မှာ နိုင်ငံတော် ဝန်ထမ်းမဟုတ်ပေမယ့် မှောင်ခိုစီးပွားရေးကြောင့် သမ္မတဦးသိန်းစိန်ကိုတော့ ငါပိုင်ပါတယ်လို့ ပြောတတ်တဲ့ မှောင်ခိုရာဇာ ဦးရုံးမူဟာ သူ့စီးပွားရေးကိစ္စနဲ့ KIO ကို အခွန်ဆောင်ဖို့ KIO ဌာနချုပ်လိုင်ဇာသို့ ရောက်ရှိလာခဲ့တယ်။ တကယ်ပဲသူဟာ KIO ရှေ့မှာတစ်မျိုး၊ ဦးသိန်းစိန်ရှေ့မှာတစ်ဖုံ လျှာနှစ်ခွပြောတတ်သူ ဖြစ်ကြောင်းလည်း ကြားသိရပါတယ်။

ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ဥက္ကဌ ဦးစွမ်ဖောင်းဆင်ဝါး မျက်နှာငယ်ခဲ့ရတဲ့ လဂျားယန် အစည်းအဝေး နောက်ပိုင်းမှာ ဦးရုံးမူ၊ ဦးထွန်းထွန်း၊ ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ ပူးပေါင်းကြံစည်ပြီး သမ္မတဦးသိန်းစိန်ကို မလှိမ့်တစ်ပတ်လုပ်ကာ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အဆင့်   ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါ် အကြံအဖန်လူတစ်စုဟာ ယူနန်ပြည်နယ်ရွှေလီမြို့မှာ KIO နဲ့အခေါက်ခေါက် အခါခါ ဆွေးနွေးခဲ့ပါသော်လည်း မီးစတစ်ဘက်၊   ရေမှုတ်တဘက်ဆိုသလို   ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တိုင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ဘက်မှာ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက် တာလည်း အလူးအလဲပင်ဖြစ်စမြဲ ဖြစ်နေတာ လူရောနတ်ပါမကျန် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ မရိုးသားမှုရဲ့ သက်သေတွေလို့ဆိုရမှာ ဖြစ်တယ်။

ယခုလက်ရှိအခြေအနေမှာ ဦးအောင်သောင်းဦးဆောင်တဲ့ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ မှေးမှိန်ပျောက်ကွယ်သွားပြီး မီးရထားဝန်ကြီးဌာန ဝန်ကြီးဖြစ်တဲ့ ဦးအောင်မင်းမှ အမွေဆက်ခံလှုပ်ရှားပြန်ရာ ဘယ်နှစ်ခါလာလည်း မဲပြာပုဆိုးဆိုသလို အခုလည်းပဲ ဦးအောင်မင်းနဲ့ KIO တို့အလွတ်သဘော စတင်တွေ့ဆုံဆဲကာလမှာပဲ ဖားကန့်ဒေသနဲ့ အခြားနေရာ တော်တော်များများမှာ ထိုးစစ်ဆင်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားရက်စက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ   ဖြစ်ပေါ်နေတာ   တွေ့ရှိရပါတယ်။ ဇွန်လ (၉) ရက်ရောက်ခါနီးလေ၊ စစ်ပွဲကာလ တစ်နှစ်ပြည့်ခါနီးလေ၊ ထိုးစစ်အသွင်သဏ္ဍာန်မရိုးသားလေ ဖြစ်နေတာကိုလည်း ထင်ထင်ရှားရှားပင် မြင်တွေ့ရပါတယ်။

KIOဘက်ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ဆိုသလို တစ်ခါမက အခါပေါင်း ရာချီထောင်ချီ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်ရာ နိုင်ငံတော်ဆိုတဲ့နေရာမှာ အစိုးရအဖွဲ့နဲ့ တပ်မတော်ဟာ အာဏာစက်သီးခြားစီ ဖြစ်နေတာကို တွေ့ရှိကြကြောင်း ကြားသိရပါတယ်။ ပြည်သူလူထုခမျှာ သူတို့တတွေရဲ့ဆန္ဒမဲပြားတွေဟာ လျှာနှစ်ခွရှိသူ၊ ခေါင်းနှစ်လုံးပေါက်သူ၊ ကောက်ကျစ်စဉ်းလဲသူကို မထည့်ပေးမိသော်လည်း ထည့်ပေးမိသကဲ့သို့ ကြိုတင်မဲပြားအတုဖြင့် ပလ္လင်ပေါ်တက်ထိုင်ပြီး ဂုတ်သွေးစုပ်နေသူကို မျက်ရည်မျက်ခွက်နဲ့ ယူကျုံးမရ ဖြစ်ခဲ့ရရှာတယ်။

ယနေ့ကမ္ဘာမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုပြီးမားမားမတ်မတ် တည်ရှိနေတာတစ်ချိန်တစ်ခါက ကချင်အမျိုးသားတွေရဲ့ သွေးနဲ့၊ ချွေးနဲ့၊ သတ္တိနဲ့ ကယ်တင်ထားခဲ့ပြီး ပင်လုံကတိကဝတ်အတိုင်း သစ္စာရှိရှိ တာဝန်သိသိ ရိုးသားဖြူစင်စွာ စောင့်ထိန်းခဲ့ခြင်းကြောင့် ဖြစ်ရကြောင်း သမိုင်းက သက်သေပြနေပါတယ်။ ယခုလက်ရှိ KIOရဲ့ မူဝါဒသည်ပင် ပြည်ထောင်စု မပြိုကွဲရေးမူဖြစ်နေတာ အားလုံးအသိ ဖြစ်ပါတယ်။ မှောင်ခိုရာဇာတစ်စုရဲ့ ပယောဂကြောင့် ပြည်ထောင်စုကြီး ကမောက်ကမ ဖြစ်နေရတာ အားလုံးကို နားလည် သဘောပေါက် စေလိုပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ဖျက်ဆီးနေတာ ဘယ်သူတွေလဲ။ ဘာကြောင့်လဲ။ ဘယ်မှာလဲ။ ဘယ်တုန်းကလဲ ဆိုတာ၊ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုတာ ပြည်သူအပေါင်းသိစေဖို့ လေ့လာစုံစမ်း တွေ့ရှိသမျှ ဝေငှအပ်ပါတယ်။

ကျေးတောသားမောင်ပေါက်ကြိုင်း
တာလောကြီး။
 ၂ဝ၁၂၊ ဇွန်လ (၆)ရက်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers