www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း ၄)

၃၁-၃-၂၀၁၂
အားလုံးကိုမင်္ဂလာပါလို့ ကြိုဆိုပါတယ်။ ကျနော်ကတော့ ဒီစီတာပူမှာအကူအညီပေးနေတဲ့ ဘုန်းတော်ကြီး Fr. Paul Lum Lai ဖြစ်ပါတယ်။ ဒီနေ့ကြွရောက်လာတဲ့ ဘုန်းတော်ကြီးများ၊ ဂုဏ်သရေရှိ လူကြီးများ၊ ဓမ္မမိတ်ဆွေများ အားလုံးကို လေးစားပါတယ်။ ကျနော်ဟာ ကျနော့်ဘုန်းကြီးဘ၀မှာ နှစ်ပေါင်း ၂ဝ မျှ ဒီဧရာဝတီ မြစ်ရိုးတလျှောက်ဖြစ်တဲ့ တန်ဖရဲ၊ ဆွမ်ပရာဘွမ်၊ ဒူးရစ် နှင့် ကကျီးတူ စတဲ့ သာသနာနယ် ဘုန်တော်ကြီးကျောင်းတွေမှာကျင်လည်ခဲ့ရတယ်။ တန်ဖရဲနဲ့ကကျီးထူမှာတော့ အထူးသပ်သပ် အကြာကြီးနေခဲ့ရတယ်။ ကျနော့်အနေနဲ့ ကျနော်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံများနဲ့ ကျနော်ဖြစ်စေချင်တဲ့ ဆန္ဒကို တင်ပြမှာဖြစ်ပါတယ်။

ဒီနေ့ခေါင်းစဉ်ကို Fr. Gregory Naw Din နဲ့ဒို့နှစ်ယောက် ဆွေးနွေးပြီးတော့ ရွေးကြတယ်။ နောင်းဆုံးမှာ Fr. Gregory Naw Din က အခုရေးထားတဲ့ “မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။”ဆိုတာကို သဘောကျလို့ အတည်ပြုလိုက်ပါတယ်။ စီးဆင်းသွားပြီဖြစ်တဲ့ မြစ်ရေဟာ နောက်ပြန်မလှည့်ပါစေနဲ့။ြ မစ်ဧရာကို နောက်ကြောင်းပြန်လှည့်ခွင့် မပြုတာ ဘယ်သူတွေလဲ။ ဧရာဝတီမြစ်ရိုး တလျှောက်မှာ နေထိုင်လုပ်ကိုင်စားသောက် နေကြတဲ့ပြည်သူတွေဟာ သူတို့ကိုထာဝစဉ် အလုပ်အကျွေး ပြုနေတဲ့ မြစ်ကြီးဧရာ လွတ်လွတ်လပ်လပ် အတားအဆီးကင်းမဲ့စွာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပင်လယ်ဆီသို့ အမြဲ စီးဆင်းနေပါစေလို့ မျက်ရည်မျက်ခွက်နဲ့ တောင်းဆိုမြည်တမ်း နေကြတယ်။

ကျနော်တို့တစ်ဦးစီရဲ့ ဆန္ဒထဲမှာလဲ ကျနော်တို့ရဲ့မိခင် မြစ်ကြီးဧရာဝတီကို ဘေးကင်းလွတ်လပ်စွာ မြစ်ဝကျွန်းပေါ်အရောက် ခရီးပေါက်အောင် တွန်းပို့ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်း ၏အစပိုင်းကာလမှာ ဖြစ်ပျက်ပုံအမျိုးမျိုး တွေ့ကြုံခံစားခဲ့ရတယ်။ ၂ဝဝ၃ခုနှစ်တုန်းက ဂျပန်နိုင်ငံ ကန်ဆိုင်းလျှပ်စစ် ကုမ္ပဏီမှ ဂျပန်အင်ဂျင်နီယာ ၃ဦးရောက်လာပါတယ်။ တန်ဖရဲရွာရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း နေရာအနှံ့လေ့လာတိုင်းထွာ survey ကြတယ်။ ကျနော်တို့ရဲ့ ဘုရားကျောင်းကိုလဲ နှစ်ခေါက်သုံးခေါက် လာကြတယ်။ နောက်ဆုံးအခေါက်မှာတော့ “ဒီဘုရားကျောင်းဟာ ဘယ်လောက်ကြာပြီလဲ။ ဟိုဘက်ကမ်းက မယ်တော်ဂူဟာ ဘယ်လောက်ကြာပြီလဲ၊” ဆိုပြီးမေးလာတယ်။

“ဒီဘုရားကျောင်းဟာ ကျနော်တို့ ကာသိုလိပ်သာသနာပိုင်ဖြစ်တယ်။ မြောက်ပိုင်းကို သာသနာပြုတဲ့ အခါမှာ သမိုင်းဝင် အချက်အခြာဖြစ်ခဲ့တယ်။ နောက်ပြီး ကချင်ပြည်နယ်မှာ ပထမဦးဆုံး ဆောက်ခဲ့တဲ့ ဘုရာရှိခိုးကျောင်းများ စာရင်းဝင်လဲ ဖြစ်တယ်။ ဟိုဘက်ကမ်းကရွာဟာ ကျနော်တို့ ကာသိုလိပ် အသင်းတော်မှ ဧရာဝတီမြစ်ကို ကျေးဇူးပြု၍ ဘုရားဂုဏ်တော်ချီးမွမ်းဖို့နှင့် မယ်တော်ဂူဟာလဲ မြန်မာတနိုင်ငံလုံးအတွက် ငြိမ်းချမ်းရေးကို ရည်စူးပြီး တည်ဆောက်ထားတဲ့ မယ်တော်ဂူကြီး ဖြစ်ပါတယ်။” လို့ရှင်းပြပေးခဲ့တယ်။

ဒီ၃ဦးဆင်းသွားတဲ့နောက်မှာ ဆည်မြောင်းဌာနနဲ့ ပူးပေါင်းရေးဆွဲထားတဲ့ blue print စာရွက်စာတမ်း များ မေ့ကျန်ရစ်ခဲ့တယ်။ ၄င်းစာရွက်စာတမ်းတွေကို မြစ်ကြီးနားသို့ယူသွားပြီး ညတွင်းချင်း မိတ္တူကူးယူခဲ့တယ်။ သူတို့မေ့ချန်ထားတာမှန်ရင် နက်ဖြန်ပြန်လာယူကြမှာ သေချာတယ်လို့ ယူဆရတယ်။ ၄င်းစာရွက် စာတမ်းတွေထဲမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်ဖို့ စီမံကိန်းအသေးစိပ် ပါရှိနေတာကို တွေ့ရတယ်။ ဆည်မြောင်းဌာနမှ ရေးထားသည့်ထဲမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်ခြင်းအားဖြင့် ဧရာဝတီ မြစ်ကြောင်းတလျှောက် အထက်မြန်မာပြည်မှ မန္တလေး၊ ရန်ကုန်၊ မြစ်ဝကျွန်းပေါ်အထိ ၁၂ရာသီစလုံး မြစ်ရေဖူဖူလုံလုံရရှိမည် ဖြစ်ပြီး လှေ၊ သင်္ဘောများ ဥဒဟို စုန်ဆန်သွားလာ နိုင်မည်ဖြစ်ကြောင်း ပါရှိပါတယ်။ ဧရာဝတီမြစ်၏ ဝဲယာလွင်ပြင်များမှာလဲ စိုက်ပျိုးရေး ကောင်းကောင်း လုပ်နိုင်မယ့်အကြောင်း ရေးထားတာတွေ့ရတယ်။ ပင်လယ်ထဲက ဆားငံရေဝင်လာလို့ ပျက်စီးသွားတဲ့ လယ်ယာတွေကိုလဲ များစွာတားဆီးနိုင်မယ် လို့ရေးထားတယ်။ အားလုံးအချက်ကြီး ၅ချက်လောက်ရေးထားတယ်။

ဒီကိစ္စကိုကန့်ကွက်ဖို့အတွက် မြစ်ကြီးနားသို့ ရောက်လာတဲ့ Swiss Aid အဖွဲ့က တာဝန်ခံ လူကြီးတစ်ယောက်ရဲ့ အကူအညီကိုရခဲ့တယ်။ သူ့ဇနီးက ဂျပန်အမျိုးသမီးဖြစ်ပြီး ဂျပန်လွတ်တော် အမတ်တစ်ဦး ဖြစ်ကြောင်း၊ ဒီစီမံကိန်းကို ရပ်ပစ်ဖို့ သူ့ဇနီးကဂျပန်အစိုးရကို ပြောပေးနိုင်လိမ့်မယ် လို့ပြောတယ်။ ဒါနဲ့ အဲဒီစာရွက်စာတမ်းတွေကို နက်ဖြန် ၇းဝဝနာရီ အရောက် မြစ်ကြီးနားသို့ လာပို့ပေးပါ ဆိုတဲ့စာဟာ ညသန်းခေါင် ၁၁းဝဝ ထိုးမှ တန်ဖရဲမှာ ကျနော်လက်ခံရှိခဲ့တယ်။ ကျနော်လဲပဲ နောက်မနက် ၅းဝဝနာရီမှာ အိပ်ယာထပြီး ဒီစာရွက်စာတမ်းတွေကို အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ အဲလိုပဲ ဂျပန်အမျိုးသမီး လွတ်တော်အမတ်ရဲ့ ကူညီဆောင်ရွက် ပေးမှုကြောင့်လားမသိ၊ ဂျပန်ကန်ဆိုင်း လျှပ်စစ်ကုမ္ပဏီတွေကတော့ ပေါ်မလာခဲ့တော့ဘူး။

ဒါပေမယ့် နောက်ပိုင်းမှာ တရုတ် CPI ကုမ္ပဏီတွေ ပေါ်လာတယ်။ ကျနော်တို့ ဘုရားကျောင်းမှာလာပြီး ဟိုတိုင်းဒီတိုင်းလာတိုင်းကြတယ်။ သူတို့ဆောက်လုပ်မယ့် ရေကာတာဟာ မီတာ ၂ဝဝ မြင့်သွားမယ်လို့ ပြောတယ်။ မီတာ၎ဝမြင့်တဲ့ ကျနော်တို့ရဲ့ ဘုရားကျောင်း ခေါင်းလောင်းစင်ဟာလဲ ရေအောက်မီတာ ၁၆ဝ သို့ရောက်သွားတော့မယ်။ ကျနော်တို့ဘာမှမတတ်နိုင်ဘူး။ ဟိုဘက်ကမ်းမှာရှိတဲ့ မယ်တော်ဂူလဲပဲ အဏ္ဏဝါရေထုအောက်သို့ ကျရောက်သွားတော့မယ်။ ရှိရှိသမျှသာသနာ့ အမွေအနှစ်တွေအားလုံး တိမ်ကောပျောက်ကွယ် ပျက်စီးကုန်တော့မယ်။ ကျနော်တို့က ဖြစ်ပျက်သမျှ အလုံးစုံ ဘုရားသခင်ကို အပ်နှံလျှက် ဆုတောင်းခွန်အားယူကြတယ်။

မမျှော်လင့်တဲ့အချိန်မှာပဲ သမ္မတကြီးဆီက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့အမိန့် ရောက်လာခဲ့ တယ်။ “သူ့သက်တမ်းမှာ ဒီရေကာတာကို မလုပ်တော့ဘူး။” ကျနော်တို့ အရမ်းဝမ်းသာတယ်။ ဒါပေမယ့် မကြာမီမှာပဲ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ရဲ့အမိန့်နဲ့တဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ အမှတ် (၁) ရဲစခန်းက ရဲတွေရယ်၊ နောက်ပြီး Asia World အဖွဲ့နဲ့ပူးပေါင်းပြီး မြစ်ဆုံဒေသမှာ ဘာမှစားစရာမရှိ အတိဒုက္ခနဲ့ ဘဝပျက်နေကြတဲ့ လူတွေကိုဖမ်းသွားပြီဆိုတဲ့ ဖုန်းဝင်လာတယ်။ အရမ်းအံ့သြသွားတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတကြီးရဲ့မင်းအာဏာစက်နဲ့ရပ်လိုက်ပြီ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး အမိန့်နဲ့ သွားဖမ်းတယ်ဆိုတာ - - - ဟာ - - - ကျနော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆိုတာ ဟုတ်ကောဟုတ်ရဲ့လားလို့ ခံစားမိလာတယ်။

ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီးက သူ့သက်တမ်းမှာ မလုပ်တော့ပါဘူးလို့ ပြောထားပြီ။ ဘာမှဆက်လုပ်စရာ အကြောင်းမရှိတော့ဘူး။ ဒါကို ခရိုင်အုပ်ချုပ်ရေးမှူးက သွားဖမ်းတယ်ဆိုတော့ အရမ်းကို အံ့သြသွားတယ်။ ဒီလိုကိစ္စမျိုးဟာ ၂ဝ-၉-၂ဝဝ၉ တွင်တစ်ကြိမ်၊ ၁ဝ-၁ဝ-၂ဝဝ၉ မှာတစ်ကြိမ် ရွာတွေကို ဖယ်ခိုင်းမှု စလာတယ်။ ရွာသားတွေလဲ ကမ္ဘာပျက်သလို ဘာလုပ်ရမှန်းမသိ ခံစားခဲ့ရတယ်။ ကျနော်ကတော့ ဒီပြဿနာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရအောင်လို့ တင်ပြတဲ့အခါ ရန်ကုန်က ဝန်ကြီးနဲ့အတူ CPI ဒုဥက္ကဌပါ တက်လာခဲ့ကြတယ်။ ဒီလိုနဲ့ ဝန်ကြီးတို့ ရှေ့မှောက်မှာ “ကျနော်တို့က မပြောင်းချင်ဘူး။ ဒီမြစ်ဆုံဒေသဟာ ကျနော်တို့ ကချင်ယဉ်ကျေးမှုသမိုင်းအရလဲ အထွတ်အမြတ်နေရာဖြစ်တယ်။ ကျနော်တို့ ထာဝစဉ် သံယောဇဉ်တွယ်တာရာ အရပ်လဲ ဖြစ်နေတယ်။ ဧရာဝတီမြစ် စတင်တဲ့ဒီနေရာဟာ ကျနော်တို့ ကချင်လူမျိုးများရဲ့ တကယ့်အသည်းနှလုံး နေရာဖြစ်တယ်။ မပြောင်းချင်ဘူး။” လို့တင်ပြခဲ့တယ်။

ဒီတော့ ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီဥက္ကဌ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ပြောတာက၊ ဒီရေကာတာဟာ နိုင်ငံတော်ကနေ လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့လဲ ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့်လဲ မင်းတို့ရဲ့ နစ်နာမှုတွေ အားလုံးလျော်ပေးမယ်….တဲ့။ မင်းတို့အတွက် သာမန်အိမ်မျိုးမဟုတ်ဘဲ တကယ့်ကွန်ကရစ်အိမ်၊ ပတ်ကားအိမ်၊ အပြန်စားအိမ်တွေ ဆောက်ပေးမယ်……..တဲ့။ မပူကြပါနဲ့….တဲ့။ စားဖို့သောက်ဖို့လဲ ၃နှစ်ကျွေးမယ်…….တဲ့။ ဒိပြင် လယ်ယာတွေလဲ အကုန်လုံး ရှာပေးမယ်…တဲ့။ တစ်ခုတော့ရှိတယ်။ ဒီနေရာမှာ ရေမနစ်မချင်း မင်းတို့နေရာပဲ……တဲ့။ မင်းတို့ခြံပဲ၊ မင်းတို့အိမ်ပဲ…..တဲ့။ မင်းတို့ စိုက်ထားတဲ့ အပင်တွေအတွက် ငါတို့လျော်ကြေးပေးမယ်………တဲ့။ အပင်တွေလဲ ရေမမြုပ်မချင်း မင်းတို့အပင်တွေပဲ….တဲ့။ အဲလိုပြောခဲ့တယ်။ ဒီစကားတွေကြားရတော့ ၀မ်းသာမှု၊ နှစ်သိမ့်မှု ရရှိခဲ့တယ်။

ဒါပေမယ့် ဘာဆက်ဖြစ်လာသလဲ။ ၆-၃-၂ဝ၁၂ရက်နေ့မှာ လာရောက်ဖမ်းဆီးကြတယ်။ အားလုံး ကမောက်ကမ ဖြစ်ကုန်တယ်။ အားလုံးဘဝပျက်ခဲ့ရတယ်။ ဒါဟာလက်ရှိအခြေအနေမှန်၊ အဖြစ်အပျက်မှန် ဖြစ်တယ်။ မင်းလုပ်အုပ်ချုပ်သူတွေက ပြောထားတဲ့အတိုင်း လက်တွေ့ဖြစ်မလာဘူး။ အပြစ်မဲ့ရွာသူ ရွာသားတွေက ကိုယ့်အိမ်ကိုယ့်ခြံ ကိုယ့်နေရာမှာ နေရင်းထိုင်ရင်း သက်သက်မဲ့ အဖမ်းခံလိုက်ရတယ်။ ဘာဥပဒေမှ နားလည်သူတွေလဲမဟုတ်။ ဘာမှပြောဆို တတ်သူတွေလဲ မဟုတ်တော့ ကြောက်စိတ်နဲ့ပဲ ခံလိုက်ကြရတယ်။

ဒါပေမယ့် ကျနော်ပြောချင်တာ တစ်ခုရှိတယ်။ အချို့လူကြီးပိုင်း လူလတ်ပိုင်းတွေထဲမှာတောင် ဥာဏ်မမီနိုင်တဲ့လူတချို့က ရေဝပ်သွားလို့ရှိရင် စက်လှေနဲ့ သွားကြမှာပေါ့ဟဲ့၊ ဆိုသူတွေရှိသေးတယ်။ အချို့ကျတော့လဲ ရေ၀ပ်သွားရင်ဖြစ်သလို နေကြမှာပေါ့ ဆိုသူတွေရှိကြတယ်။ တင်ပြတောင်းဆိုရမှန်းမသိ၊ ကြောက်ရွံ့နေဖို့ပဲသိတဲ့ ဘဝအရှုံးပေးသူတွေရှိကြတယ်။ အာဏာဆိုတာ ပြည်သူ့ဆီမှာရှိမှန်း မသိရှာကြဘူး။ ရေကာတာကြောင့် ဒေသတစ်ခုလုံး သဘာဝပတ်ဝန်းကျင် သားရဲတိရစ္ဆာန်၊ သစ်ပင်ပန်းမာန်အပေါင်း ပျက်စီးဆုံးရှုံး သွားရတော့မယ်။ အနှစ် ၅ဝဆိုရင် အားလုံးချုပ်ငြိမ်းကုန်တော့မယ်။ ရေဝပ်တယ်ဆိုတာ ချောင်းရိုး မြောင်းရိုးတွေမှာလဲ ကုမ္ပဏီတွေတက်လာမယ်။ ဒီချောင်းရိုး မြောင်းရိုးတွေကို ကျနော်တို့ မပိုင်ဘူး ကုမ္ပဏီကပဲပိုင်တော့မယ်။ ဒါတွေကို ကြိုမြင်ပြီး စဉ်းစားထားဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က ရေကာတာ လုံခြုံရေး ယူရတော့မယ်။ တချို့က အဲတာကို နားမလည်ဘူး။

ရှိရှိသမျှ အားလုံးတရုတ်တွေ သိမ်းကျုံးသွားတော့မယ်။ တရုတ်က တကိုယ်ကောင်းဆန် စီးပွားရေးသမားပဲ။ ဘာကိုမှ ဂရုစစိုက်ဘူး။ ရေကာတာကြီး ပြိုကျသွားရင်လဲလျော်မယ်။ ပိုက်ဆံ စကားပြောတယ်။ ငါတို့ကောင်းစားဖို့၊ ငါတို့ကုမ္ပဏီ ကောင်းစားဖို့၊ ဘယ်သူသေသေ ငသေမာပြီးရော ဆိုတဲ့စိတ်ထားရှိတယ်။ ရေကာတာကျိုးလို့ ငါတို့သေသွားရင် သူတို့လျော်မယ်။ ငါတို့တွေသေကုန်မှတော့ ဘယ်သူ့ကို သွားလျော်မှာလဲ။ ဝိညာဉ်နဲ့ ခံစားမလား။ ကျွမ်းကျင်သူတွေ တွက်ချက်ထားတာဟာ ရေကာတာကျိုးသွားရင် စက္ကန့် ၂ဝအတွင်း မြစ်ကြီးနားမြို့ အားလုံးရေအောက်ရောက်သွားမယ်။ အကုန်လုံးပျောက်သွားမှာပဲ။ ရေကာတာရဲ့ အမြင့်က မီတာ ၂ဝ၀ ရှိတယ်။ ပေ ၆ဝ၀ နဲ့ညီမျှတယ်။ ဒီလိုအခြေအနေမှာ ငါတို့က လုပ်ခွင့်ပြုမလား။ အာဏာဟာ ငါတို့ပြည်သူတွေဆီမှာပဲရှိတယ်။

နှစ်ပေါင်း၅ဝ တရုတ်တွေပိုင်ဆိုင်းသွားရင် Sumprabum ဒေသတဝိုက်မှာကျနော်တို့နေလို့မရတော့ဘူး။ Mali-Nmai Walawng မှာလဲနေလို့မရတော့ဘူး။ Mali-Hkrang Walawng ဒေသမှာလဲ ကျနော်တို့ နေလို့မရတော့ဘူး။ ဒီဒေသတွေမှာလဲ ရေကာတာပွားတွေ တည်ဆောက်ကြတော့မယ်။ ဒီရေကာတာကိစ္စ အခြေခံသဘောတူစာချုပ် လုပ်တာ ၂၇-၃-၂ဝဝ၉ ရက်မှာဖြစ်တယ်။ ဒုဗိုလ်ချုပ်ကြီး သူရတင်အောင်မြင့်ဦးနဲ့ တရုတ် CPI အဖွဲ့တို့လက်မှတ်ရေးထိုးကြတယ်။ ၂၀-၁၂-၂ဝ၀၉ ရက်မှာပဲ ဒီမြစ်ဆုံ ရေကာတာ စတင်ဆောက်လုပ်ခဲ့တယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ တရုတ်ဒုသမ္မတတို့ လက်မှတ်ရေးထိုး ကြတယ်။ ၃-၆-၂ဝ၁ဝ မှာ ချီဖွေနဲ့ လာဇာ Laza ရေကာတာ ဆောက်လုပ်ဖို့ သဘောတူတယ်။ Laza ဆိုတာ Sumprabum အောက်နားမလိခဘက်မှာဖြစ်တယ်။ ဆက်လက်တည်ဆောက်သွားမယ့် ရေကာတာတွေဟာ အင်မိုင်ခဘက်မှာ Chiphwi, Wusak, Hpimaw, Hkawnglanghpu, Le-nam, ပြီးတော့ မလိခဘက်မှာ Laza, စုစုပေါင်း ၇ခု ဖြစ်တယ်။ ကျနော်တို့ ကချင်လူမျိုးတွေ နေမယ့်နေရာ ဘယ်မှာမှ မရှိတော့ဘူး။ ဒါတွေဟာ အနာဂတ်ရဲ့ ကြုံတွေ့ရတော့မယ့် အခြေအနေတွေဖြစ်တယ်။

ဒီလိုဆိုရင် ကျနော်တို့တတွေ ဘာဆက်လုပ်ကြမလဲ။ အာဏာဟာ ကျနော်တို့ဆီမှာရှိတယ်။ ကျနော်တို့ ရဲ့ ညံ့ဖျင်းမှုကြောင့် နောင်လာနောက်သားတွေကို အမွေဆိုးကြီး ထားရစ်ပေးခဲ့မလား။ စဉ်းစားတွေးခေါ် လက်တွေ့အကောင်အထည်ဖော်ဖို့ ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ကျနော်တို့တတွေရဲ့ မိခင်ကြီးသဖွယ် အလုပ်ကျွေးပြုနေတဲ့ ဧရာဝတီဖြစ်ကြီး ထာဝစဉ် စီးဆင်းနိုင်ပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

Fr. Paul Lum Lai


ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers