www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း-၃) Tuesday, April 03, 2012

မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း-၃)

၃၁-၃-၂၀၁၂ (စနေ)
ဘုရားရှင်၊ သခင်ခရစ်တော် ယေရှု၏နာမဖြင့် ယနေ့ကြွရောက်လာသော အဘကျေးဇူးရှင် ဘုန်းတော်ကြီးများ၊ ဂုဏ်သရေရှိလူကြီးများ၊ ကြွရောက် အားပေးလာကြသော မြစ်ဆုံဆည်စီမံကိန်းကို လာရောက်ကန့်ကွက်ကြသော ပြည်သူလူထုများ အားလုံးကို ရှေးဦးစွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကျနော်ဟာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော၊ နော်မွန်း၊ ခေါင်လန်ဖူးနှင့် ပန်နမ်းဒင် စသော (၆) မြို့နယ်၏ ကိုယ်စားပြု ကိုယ်စားလှယ် ဦးဂျေယောဝူ ဖြစ်ပါတယ်။ ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွတ်တော် အခွင့်အရေးကော်မီတီဝင်၊ အာဆီယံ အသိုက်အ၀န်းရဲ့ ယဉ်ကျေးမှုကော်မီတီဝင်လဲ ဖြစ်ပါတယ်။ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနဲ့ လွတ်တော်အခွင့်အရေး ကော်မီတီဝင်လဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ လွန်ခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူ့သက်တမ်း (၅) နှစ်အတောအတွင်း မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ပြည်သူတစ်ရပ်လုံးက နှစ်ထောင်းအားရ ကျေးဇူးတင်မဆုံး၊ ၀မ်းသာအားရမဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ယခုကတည်းက CPI ကုမ္ပဏီမှ စည်းရုံးရေးဆင်းပြီး ပြန်လည်စတင် ဆောက်လုပ်နေပြီ ဆိုတဲ့သတင်းကို ပြည်သူတွေထံမှ ကြားသိရတဲ့အတွက် ထိုဖြစ်ရပ်ကို ၀ိုင်းဝန်းကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်မှာ ကျနော် (၄) ကြိမ် အဆိုတင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့အဆိုက မအောင်မြင်ပါဘူး။ အဆိုအဖြစ် တင်သွင်းခွင့်တောင် မရခဲ့ပါဘူး။ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မိန့်ခွန်းအဖြစ် ပြောင်းပါလို့ ပြောခြင်း ခံရပါတယ်။

ဒါပေမယ့် စက်တင်ဘာလ (၁၆) ရက်နေ့မှာ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန ဦးဇော်မင်းတို့က သူတို့ရဲ့ ၀န်ကြီးဌာန ရေးရွာခန်းမမှာ မြစ်ဆုံနှင့် ဒေသတစ်ဝန်းလုံး ရေကာတာတည်ဆောက်ဖို့ အလုပ်ရုံဆွေနွေးပွဲ လုပ်တဲ့အခါ ကျနော်တို့ရဲ့ဝန်ကြီးဌာနကိုလည်း ဖိတ်ပါတယ်။ ထိုအလုပ်ရုံဆွေးနွေးပွဲမှာ CPI ကုမ္ပဏီရဲ့ စီမံကိန်းကို ကျနော်ကန့်ကွက်ခဲ့ပါတယ်။ မြစ်ကြီးနား မဲဆန္ဒနယ် အမှတ်(၁)မှ ဦးခက်ထိန်နန်လဲ မလုပ်ပေးရင် ပိုကောင်းပါတယ် ဆိုပြီးကန့်ကွက်ပါတယ်။ ဒါပေမယ့်သူ့ရဲ့ကန့်ကွက်ပုံက နူးညံ့ပျော့ပြောင်း လွန်းပါတယ်။ ကျနော်ကတော့ မလုပ်သင့်ဘူးလို့ အပေါ်တင် ကန့်ကွက်ပါတယ်။ ကျနော်တို့ ပူတာအိုဒေသမှာ ခရန်ခတို့၊ ရှန်ခတို့၊ မုန်လန်ခတို့၊ ပတ်တီခတို့ အများကြီးရှိတယ်။ အဲဒီဘက်ကြွပါ၊ ရေအားလျှပ်စစ် အများကြီး ထုတ်လုပ်နိုင်ပါတယ်။ ကြိုဆိုပါတယ်။ အဲဒီနေရာတွေမှာ ပိတ်လိုက်ရင် လူသူတစ်ယောက်ကိုမှ မထိခိုက်နိုင်ဘူး။ ပေါက်ကွဲလာပါသော်လဲ ကျနော်တို့ခံသာပါတယ်။ အဲလိုကန့်ကွက်တဲ့အခါ သူတို့က လက်မခံကြဘူး။ ဘာကြောင့်လဲဆိုတော့ သေးသေးလေးတွေ လျှောက်လုပ်ရင် ပိုက်ဆံ ပိုကုန်တယ်တဲ့။ ဒီမှာတစ်ခုထဲလုပ်ရင် ပါဝါလဲရမယ်၊ ပိုက်ဆံလဲသိပ်မကုန်ဘူးပေါ့။

သူတို့ဘာပဲပြောပြော ကျနော်ကတော့ ဆက်တိုက်ကန့်ကွက်တယ်။ ကျနော့်အနေနဲ့ သဘာဝ ဘေးအန္တရာယ်အကြောင်း မပြောဘူး။ Company makes deserter လို့ပြောပါတယ်။ ကုမ္ပဏီကလုပ်လိုက်တဲ့ သဘာဝ ဘေးအန္တရာယ် ဖြစ်လာတဲ့အခါမှာ ဘယ်လိုတာဝန်ယူဖို့ အစီအစဉ်ရှိပါသလဲလို့ မေးတဲ့အခါ၊ ရေကာတာ ပေါက်ကွဲလို့ လူတွေ သေကြေပျက်စီးရင်လဲ လျော်မယ်လို့ပြောကြပါတယ်။ ဒီလိုဆိုတော့ ကျနော်တို့ သေကြေကုန်တဲ့နောက်မှာ ဘယ်သူ့ကို လျော်ပေးမှာလဲ။ နောက်တစ်ချက်က ဒီလောက်အန္တရာယ်ကြီးမားတဲ့ ကိစ္စကို အခုကတည်းက မလုပ်နဲ့ပေါ့။ အဲဒီအစည်းအဝေးမှာ ၀န်ကြီးတွေ အပါး၂၀ကျော်ရှိတယ်။ သူတို့ကတော့ တိတ်တိတ်ပဲနေကြတယ်။ ဦးဇော်မင်းကတော့ ဒီကိစ္စကို ကုလသမဂ္ဂမှ ရပ်ခိုင်းရင်တောင် မရပ်ဘူး၊ ဆက်လုပ်မှာ ပဲလို့ပြောတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဖြစ်လာသမျှ ပြဿနာအားလုံးကို CPI ကုမ္ပဏီမှ တာဝန်ယူပါတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် လွတ်တော်မှာ မဲခွဲဆုံးဖြတ်ရအောင်လို့ ပြောတယ်။ ကျနော့်အနေနဲ့ ရှုံးတော့ရှုံးမှာပဲလို့ တွက်ထားတယ်။ ဒီလိုစဉ်းစားရင်း အဲဒီညမှာပဲ ကျနော်အစီရင်ခံစာ ရေးပါတယ်။ ဘုန်းတော်ကြီး ဆရာတော် ဂရောင်လဲပဲ ရေမြုပ်သွားနိုင်တဲ့ နေရာဒေသအညွန်းတွေ ကျနော့်ကို စုစည်းပေးခဲ့တယ်။ ဘုန်းတော်ကြီး ဖာတာ နော်ဒင့်တို့ ဘုန်းတော်ကြီး ဖာတာလွမ်းလိုင်တို့လဲပဲ အမြဲတမ်း အားပေးရင်း ကျနော့်ကို အချက်အလက်တွေ ကူညီစုဆောင်း ပေးကြတယ်။ ဒါတွေကို စနစ်တကျရေးပြီး ကျနော့်အစီရင်ခံစာကို ပြင်ဆင်ပါတယ်။

ဒါနဲ့ စက်တင်ဘာ (၁၇) ရက်နေ့မှာ အစီရင်ခံစာ တင်သွင်းတယ်။ ဒီအချိန်မှာပဲ BBC, RFA တို့ကလဲ ကျနော့်ကို အင်တာဗျူးတွေ လုပ်ကြပါတယ်။ ပြည်တွင်းဂျာနယ်တွေလဲ လာကြပါတယ်။ သမ္မတကြီးကတော့ ဒါကို ဖတ်ကြည့်ပြီး သူစိုးရိမ်သွားတယ်။ ပြည်သူလူထုတွေကတော့ ဆူလဲဆူညံနေကြပြီ။ လှုပ်လဲလှုပ်ရှားနေ ကြပြီ။ ဒါပေမယ့် စာတစ်စောင်မှ တက်မလာဘူးလို့ သူပြောတယ်။ Congratulation ဦးဂျေယောဝူ လို့ပြော ပါတယ်။ ဘာကြောင့်ဒီလို ဖြစ်ရသလဲဆိုတာ အခုမှကျနော်တို့ သဘောပေါက်တာပေါ့။ ပြည်သူလူထုရဲ့ အသံကိုလဲ ကျနော်တို့ နားထောင်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ဦးဂျေယောဝူ အနေနဲ့ ၁၀ ရက်လောက်တော့ သိပ်သိပ်ကလေး နေပေးပါဦးတဲ့။ သမ္မတကြီးက ပြည်သူလူထုရဲ့အသံကို နားညောင်းပေးမယ်ဆိုရင် အရမ်းဝမ်းသာပါတယ်။ အဲဒါ ကျနော်တို့ရဲ့ မျှော်လင့်ချက်ပဲလို့ ပြောခဲ့တယ်။

ကျနော်ရေးထားပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒကဘာလဲ။ ဒီမြစ်ဆုံမှာ ရေကာတာမဆောက်ပဲနဲ့ ဟိုဝေးလံတဲ့နေရာ၊ လူသူကို မထိခိုက်နိုင်တဲ့နေရာမှာ ကောင်းကောင်း Master Servey လုပ်ပြီးမှ၊ ပေါက်ကွဲလာရင်လဲ ခံသာနိုင်လောက်တဲ့ အနေအထားရှိတဲ့နေရာမှာလုပ်ကြပါလား။ ဒီလိုနေရာမျိုးမှာတော့ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ခံယူဖို့ လိုတယ်လို့ ကျနော်က အဲဒီလို တင်ပြခဲ့တယ်။

နောက်ဒုတိယအချက်က ဒီနေရာတွေကို နှစ်ပေါင်း (၅၀) လုံးလုံး CPI ကုမ္ပဏီကပိုင်သွားမယ်။ ကချင်ပြည်နယ်ရဲ့ ၃ ပုံ ၁ ပုံ ရှိတယ်။ နောင်နှစ်ပေါင်း (၅၀) ရဲ့နောက်ပိုင်းမှ ကျနော်တို့ပြန်ရမယ်။ ဒီလိုဆိုရင် ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ တရုတ်တွေပဲ ပိုင်သွားသလို ဖြစ်သွားမယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄) ကို ထိပါးနိုင်ပါတယ်။ အချုပ်အခြာအာဏာသည် ပြည်သူများတိုင်းဆီမှ ဆင်းသက်လာ၍ နေရာအနှံ့တည်သည်ဟု ရေးထားပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကိုတော့ ထည့်သွင်းစဉ်းစား သင့်ပါတယ်။ ကျနော်အဲဒီလို ရေးထားပါတယ်။

နောက်တစ်ချက်က ကျနော်တို့ ငြိမ်းချမ်းရေးကို မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးကို အင်မတန် လိုလားနေတဲ့ အချိန်ဖြစ်ပါတယ်။ လွန်ခဲ့တုန်းက တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာနဲ့ တိုက်တဲ့အခါ၊ ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့တယ်။ အင်္ဂလိပ်ကိုလဲ နိုင်ခဲ့တယ်။ အခုတိုင်းရင်းသားတွေ အချင်းချင်းကျမှ ငြိမ်းချမ်းရေးကို မလုပ်ပေးနိုင်ဘူးလား။ ကမ္ဘာစစ်ကိုတောင် ရင်ဆိုင်ဆင်နွဲ အောင်ပွဲဆွတ်ခူးနိုင်ခဲ့တာပဲ။ ဒါကြောင့် တိုင်းရင်းသားများအချင်းချင်း ပြည်တွင်းရေးကိစ္စမှာ ငြိမ်းချမ်းရေးကိုပဲ အင်မတန် မျှော်လင့်နေတဲ့ အချိန်ဖြစ်တယ်။
နောက်တစ်ချက်က မြစ်ဆုံဒေသကို ကယ်တင်ပေးမယ့်သူကို မျှော်လင့်ပါတယ်။ ပြီးတော့ စီးပွားရေးအရ ကျနော်တို့ရဲ့ တိုင်းပြည်ကို ၀ါ်းမျိုနေတဲ့ စီးပွားရေးကိုလိုနီလက်အောက်မှ ကယ်တင်ပေးမယ့်သူကို မျှော်လင့်တောင့်တနေပါတယ်။ ဒီမြစ်ဆုံဒေသကို သဘာဝပန်းခြံအဖြစ် သတ်မှတ်၍ မပျက်မစီး ကာကွယ်ထိန်းသိမ်း ထားသင့်ပါတယ်။ အမျိုးသား ဥယျဉ်အဖြစ် ဘေးမဲ့ထားကာ ကမ္ဘာကိုဆွဲဆောင်နိုင်ပါတယ်။ ဒီလိုနည်းမျိုးဖြင့်လဲ ၀င်ငွေများစွာ ရရှိနိုင်ပါတယ်။ သူများတိုင်းပြည်မှာဆိုရင် မြေမရှိလို့ အခြားတိုင်းပြည်မှ မြေကို ၀ယ်ယူပြီးလုပ်နေကြတယ်။ ကျနော်တို့နိုင်ငံမှာ ဒီလောက်လှပနေတဲ့ နေရာကို ဖုံးကွယ်လိုက်ရင် မကောင်းပါဘူး။ ကျနော်အဲဒီလို တင်ပြပါတယ်။

နောက်ပြီးတော့ -ဟောင်တူရှား-ခေါ် အဖိုးတန် သစ်မင်းဘုရင် အကြောင်းကိုလဲ ကျနော်အနည်းငယ် တင်ပြလိုပါတယ်။ ဒီသစ်ပင်မျိုးဟာ မေခနှင့်မလိခ ဖြစ်ဖျားပိုင်းမှာသာ ပေါက်တယ်။ အခေါင်းလုပ်တဲ့ ထင်းရှုးပင်မျိုးမဟုတ်ဘူး။ ယခင်က ထိုဒေသမှာ အပင်ပေါင်း သောင်းနဲ့ချီပြီး ပေါက်တယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀၀-၁၀၀၀ ရင့်တဲ့အပင်တွေရှိတယ်။ အချို့အပင်တွေဟာ လူခြောက်ယောက် ခုနှစ်ယောက် ၀ိုင်းဖက်ရတဲ့အထိ ကြီးမားပါတယ်။ ဒါပေမယ့် တောင်တိုင်းမှာ ပေါက်တာမဟုတ်ဘူး။ သူပေါက်ချင်တဲ့ တောင်မှာပဲပေါက်တယ်။ အခုဆိုရင် တစ်တောင်မှာ နှစ်ပင်သုံးပင် လောက်ပဲကျန်တော့တယ်။ ဒါတောင်မှ သွာလို့မရလို့၊ ခုတ်လို့မရလို့ ကျန်နေတဲ့ အပင်တွေဖြစ်တယ်။ တရုတ်ပြည်ဘက်မှာဆိုရင် အပင် လေးဆယ်ကျော်လောက်ပဲ ရှိတယ်။ ဒီအပင်ဟာ မြေအောက်အမြစ်ကစပြီး သစ်ပင်ထိပ်ဖျားအထိ အကိုင်းအခက်၊ အရွက်၊ အခေါက်၊ အသား အားလုံးဆေးဖက်ဝင်တယ်။ ဒီအပင်ဟာ ကျွန်းသစ်ထက် အဆပေါင်း နှစ်ထောင် သုံးထောင်တန်ပါတယ်။ ပွတ်လုံးနဲ့ ပွတ်ထားတဲ့ ရိုးရိုးသာမန် ခွက်တစ်လုံးတောင်မှ တရုတ်ငွေ ၂၀၀-၃၀၀ တန်ပါတယ်။ စပါယ်ရှယ်အနှစ်သားနဲ့လုပ်ရင် ၁၀၀၀-၂၀၀၀ မကတန်ပါတယ်။ အထူးအနှစ်သားနဲ့လုပ်ထားတဲ့ အခေါင်းတစ်လုံးဟာ တရုတ်ငွေ တစ်သိန်း နှစ်သိန်း တန်ပါတယ်။ ရွေဘော်စာတောင်မှ စွန့်မပစ်ပဲ ကင်ဆာရောဂါပျောက်ဆေးဆိုပြီး အမြတ်တနိုးထားကြပါတယ်။ ဒီအပင်တစ်ပင်ရဲ့ တန်ဖိုးဟာ နေပြည်တော်မှာရှိတဲ့ လမ်းမကြီးတစ်ခု လုပ်လို့ရပါ တယ်။ တရုတ်ပြည်မှာဆိုရင် အပင်အနည်းအကျဉ်း ရှိတာလေးကို တပ်မတော် တပ်ရင်းတွေကပဲ လုံခြုံမှု စောင့်ကြပ်ထားကြတယ်။ ဒါတွေတောင်မှ ရေကာတာကြောင့် ဆုံးရှုံးနစ်နာသွားမယ့်ထဲက အသေးအဖွဲမျှ ရှိပါသေးတယ်။

ဥပမာတစ်ခုအနေနဲ့ ဒီနေရာတွေ ရေလွမ်းဧရိယာ ဖြစ်သွားခဲ့ရင် ပျားတွေလဲ ဒေသပြောင်း ကြတော့မှာဖြစ်တယ်။ ပျားတွေဟာ အိန္ဒိယဘက်ကို ပြောင်းရွှေ့သွားကြမှာမဟုတ်၊ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ်ပြည်ကိုပဲ ထွက်ပြေးကြကုန်မှာပါ။ ဒီလိုဖြစ်သွားမှာကို ကျနော်တို့ ခံနိုင်မလား။ ဒီလိုတင်ပြလိုက်တဲ့အခါ နာယကကြီးနဲ့ လွတ်တော်ဥက္ကဋ္ဌတို့က ဒီလိုဖြစ်သွားမှာကို လုံးဝမသိထားကြဘူးလို့ပြောတယ်။ အခုအချိန်မှာ ပြည်သူလူထုတွေကို ပြည်သူ့စစ်တို့၊ နယ်ကြားစောင့်တို့ ဖွဲ့စည်းထားပြီး သူတို့ကို တနိုင်တပိုင် သစ်ပင်တွေ ခုတ်လဲခွင့်ပြုထားတယ်။ လေးထောင့်တုံးလုပ်ပြီး တရုတ်နယ်စပ်သို့ ရောင်းစားနေကြတယ်။ ကုန်တောင် ကုန်တော့မယ်။ ကျနော်အဲဒီလိုပဲ တင်ပြခဲ့တယ်။

ပြောချင်တာက လက်တွေ့ဖြစ်ပျက် ခံစားနေတဲ့ ဆုံးရှုံးမှုတွေဖြစ်တယ်။ အခုကျနော်တို့ ပြောနေတာက နောင်လာနောက်သား သားစဉ်မြေးဆက် တွေအတွက်ပြောတာပါ။ ကျနော်တို့ဟာ ဒေသခံတွေဖြစ်တယ်။ တရုတ်တွေ ပြန်သွားရင်လဲ ကျနော်တို့က ရှိနေမှာ။ ရေလွမ်းမိုးသွားလို့ နေစရာမရှိပဲ ဖြစ်လာခဲ့ရင်၊ ကျွန်းပေါ်ရင် ကျွန်းထိပ်မှာ သွားနေရမှာပဲ။ ဒါက မြစ်ဖျားပိုင်း၊ မြစ်ညှာပိုင်း ကဏ္ဍဖြစ်ဖြစ်တယ်။ မြစ်အောက်ပိုင်း နေတဲ့လူတွေအတွက်လဲ အားလုံးခန်းခြောက်သွားမှာပဲ။ အင်းတော်ကြီးတွေ အင်းလေးအိုင်တွေ ခန်းခြောက်လာမယ်။ ဧရာဝတီမြစ်ခန်းခြောက်တော့ အားလုံးခန်းခြောက်လာမယ်။ သဲကန္တာရ အမြန်ဆုံး ပေါ်ထွန်းလာမယ်။

ရေကာတာမပိတ်ဖို့ ထောက်ခံတဲ့ ၀န်ကြီးအချို့လဲရှိတယ်။ ပို့ဆောင်ရေးဝန်ကြီးဘာပြောသလဲဆိုရင် ရေကာတာပိတ်လိုက်တဲ့အခါမှာ အပူချိန်ကြောင့် ရေမျက်နှာပြင် ပိုနွေးလာမယ်။ ဟိုရေခဲတောင်အထိ ရေပြင်ကြီးပူနွေးလာမယ်။ ရာသီဥတုပြောင်းလဲလာမယ်။ စီးဆင်းတဲ့ ရေတွေလဲ ရေပူပဲဖြစ်ကုန်မယ်။ ။ ဒါကြောင့် ရေတွေဟာ အငွေ့ပြန်ကုန်မယ်။ ပင်လယ်ဝမှာ နဂိုစီးဝင်နေတဲ့ ရေပမာဏရဲ့ ၃ပုံ ၁ပုံပဲ ၀င်တော့မယ်။ ဒီတော့ ဒီရေတွေ တက်လာပြီး ဒီရေသစ်တောတွေ ပျက်စီးကုန်မယ် လို့ပြောပါတယ်။ တစ်ချို့ဝန်ကြီးတွေကျတော့ အဲဒီလိုမပြောဘူး။ ပုံမှန်စီးဆင်းနေမှာပဲ လို့ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် နောင်လာနောက်သား တွေလက်ထက် တစ်နေ့မဟုတ်တစ်နေ့ ပေါက်ကွဲလာရင်၊ လူဦးရေ သန်း၅၀-၆၀၊ ၁၀၀ ရှိချင်လဲရှိမယ်။ အားလုံးဒုက္ခရောက် ကုန်မယ်။ သေကြေကုန်မယ်။ ဒါကြောင့် ကန့်ကွက်ပါတယ်။ မလုပ်ခင်မှာကန့်ကွက်ပါတယ်။

မိဘပြည်သူတွေကလဲ ပါဝါအာဏာဆိုတာ ပြည်သူတွေမှာရှိပါတယ်။ တစ်ဦးတစ်ယောက်ထဲ အာဏာနဲ့ ၀န်ကြီးတစ်ဦးထဲအာဏာနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ ပြည်သူတွေမှာ အာဏာရှိတဲ့အချိန် ဖြစ်သွားပါပြီ။ ကျနော်တို့ရဲ့ ပြည်နယ် ၀န်ကြီးချုပ်ကိုလဲ ကျနော်ပြောပါတယ်။ ယောက်ဖ၊ ဟိုတုန်းကတော့ စစ်အစိုးရ၊ ကျနော်တို့ မပြောင်းရွှေ့ချင်လဲ ပြောင်းရွှေ့ခဲ့ရတယ်။ ပြည်သူတွေရဲ့ ဆန္ဒကိုမဖွင့်ပြောရဲလို့ ပြောင်းရွှေ့ပေးရတယ်။ ဒါပေမယ့် ဒီနေ့ဟာ ပြည်သူခေတ် ရောက်နေပါပြီ။ ပြည်သူဆီမှာ အာဏာရှိနေပြီ။ ပြည်သူ့ကိုပဲ Stand လုပ်ပေးရအောင်။ ပြည်သူတွေကိုပဲ လမ်းဆင်ပေးရအောင်လို့ ပြောခဲ့တယ်။ ပြည်သူတွေဆီမှာ အာဏာအပြည့်အ၀ ရှိတယ်လို့ ကျနော်ခံယူပါတယ်။ ဒါကြောင့် ပြည်သူဆီမှာ အာဏာရှိမှန်းလဲ ပြရတော့မယ်ဖြစ်တယ်။ ကျနော်တို့ ပြည်သူပြည်သားတွေ စာရင်းကောက်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြမယ်။ ကျနော်တို့ရဲ့ နဂိုဌာနီ၊ နဂိုနေအိမ်၊ ပကတိနေအိမ်ကိုပဲ လိုချင်ပါတယ်လို့ တင်ပြကြမယ်။ သမ္မတကြီးရဲ့ ရေကာတာရပ်ဆိုင်းမိန့်ကို ဆက်ပြီးတော့မှ တည်စေပါ။ ရေကာတာ ဆက်လုပ်တာကို မလိုချင်ဘူး။

ဒီလိုနဲ့ မိဘပြည်သူများ စုစည်းပြီး သမ္မတထံ တင်ပြတဲ့အခါ အယောက်၁၀၀၀လောက်ပဲဆိုရင် နည်းလွန်းပါသေးတယ်။ သမ္မတအနေနဲ့ ကျနော်တို့ကို မင်းတို့အယောက် ၁၀၀၀ ပဲရှိသလားလို့ မေးစရာ ဖြစ်လာတယ်။ ဖြစ်နိုင်ရင် ဘာသာတိုင်းဆီက ရေးရမှာဖြစ်တယ်။ ပါတီတိုင်းကလဲ လှုပ်ရှားရမှာဖြစ်တယ်။ ပြည်သူလူထု ဆိုတဲ့နေရာမှာ အဓိကအားဖြင့် ကချင်ပြည်နယ်သူပြည်နယ်သား များ ရဲရဲဝံ့ဝံ့ တင်ပြပြောဆို ရမယ်။ ကြောက်နေမယ့် အချိန်မဟုတ်တော့ပါဘူး။ အခုအချိန်ဟာ ပြည်သူရဲ့လက်ထဲမှာ အာဏာရှိတယ် ဆိုတာကို လက်တွေ့ပြရမယ့် အချိန်ဖြစ်တယ်။ ဒါကို ကျနော်တို့က မပြောရဲဘူး၊ မထုတ်ဖေါ်တတ်ဘူးဆိုရင် နဂိုကြောက်စိတ်တွေ ကျနော်တို့ရဲ့စိတ်ထဲမှာ ရှိနေတုန်းပဲ ဆိုတဲ့လက္ခဏာ ပြခြင်းဖြစ်တယ်။

ဝန်ကြီးချုပ်ကလဲ ပြည်သူမကြိုက်တဲ့ အလုပ်ကျနော်မလုပ်ဘူးလို့ ပြောတယ်။ သမ္မတရုံးက အမိန့်စာနဲ့ ယာယီထိန်းထားပါအုံး ဆိုလို့ ထိန်းထားတဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဒေသခံရွာသားများ ကလဲ သမ္မတထံ တရားဝင်စာနဲ့ နဂိုမူလ နေရာမှာ ပြန်လည်နေထိုင်ခွင့် ပြုပေးရန် တောင်းခံစာ တင်ဖို့တော့ လိုပါလိမ့်မယ်။ ဒီလိုပဲပြည်သူတွေရဲ့ အလိုဆန္ဒလဲ ပြည့်ဝပါစေ၊ အားလုံးအပေါ်မှာ ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း နိဂုံးချုပ်အပ်တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဂျေယောဝူ

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers