www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မြစ်ဆုံရေကာတာ စီမံကိန်းစတင် ဆောက်တော့မည်

ရှောင်ဆန့်

ကချင်ပြည်နယ်၌ မြစ်ဆုံ ရေကာတာစီမံကိန်း စတင်တော့မည်ဖြစ်ရာ အဆိုပါ စီမံကိန်းအတွက် ဖယ်ရှားပေးရသည့် ဒေသခံများကို ကျိန်ခရန်ရွာဘေးတွင် ရွာတည် ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး လုပ်ငန်း ဖွင့်ပွဲကို မြစ်ဆုံအနီးရှိ လဖဲ (lahpre) ရွာတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်က ကျင်းပခဲ့ရာ အခမ်းအနားတွင် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက ရေကာတာ မကြာခင် ဆောက်တော့မည်ဟု တရားဝင်ကြေညာလိုက်ကြောင်း သိရသည်။

“ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီရေကာတာ ဆောက်လုပ်မှာကို မကြိုက်ဘူး ဆိုတဲ့အကြောင်း နေပြည်တော်အထိ အသိပေး ပြီးပါပြီ။ ဒီလောက် ပြောနေရဲ့သားနဲ့ ခုလိုလုပ်တာဟာ ပြည်သူရဲ့အသံကို မလေးစားတာပဲ။ ကျနော်တို့ဆက်ပြီး ဆန့်ကျင်နေမှာပါ” ဟု မြစ်ဆုံ ဒေသခံ တဦးက ပြောသည်။

ရေကာတာ စီမံကိန်းအတွက် ပြောင်းရွှေ့ပေးရမည့် ရွာများကို လျော်ကြေးပေးမည်ဆိုကာ အာဏာပိုင်များက နေအိမ်အတိုင်း အတာများ၊ စိုက်ပျိုးသီးနှံများကို စာရင်းယူခဲ့ကြောင်း၊ ပိုင်ဆိုင်မှု စာရွက်စာတန်းများ မပြနိုင်ပါက နေအိမ်တန်ဖိုးသာ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခု အချိန်ထိ မည်သည့် ငွေကြေးတစုံတရာ မရရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“ရွာသားတွေက မတတ်နိုင်တဲ့အဆုံး ပြောင်းရမယ်ဆိုရင်လည်း သူတို့ရသင့်ရထိုက်တာလေးတွေတော့ ရချင်တာပေါ့” ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သူ ကချင်ပြည် လွပ်လပ်ရေး အဖွဲ့ (KIO) အဖွဲ့ဝင်တဦးက ပြောသည်။

မြစ်ဆုံ ရေကာတာ စတင်ဆောက်လုပ်ရန် ဖွင့်ပွဲလုပ်နေချိန်တွင် မြစ်ကြီနားမြို့ အတွင်း၌ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (KCSU) က ဦးဆောင်ကာ ရေကာတာဆောက်လုပ်ရေး ဆန့်ကျင် ပိုစတာများ ကပ်ကြသည်ဟု သိရသည်။

“ဒီဒေသဟာ ကချင်တွေရဲ့ယဉ်ကျေးမှုအရရော၊ သဘာဝအမွေအနှစ်အရပါ အရမ်းအရေးပါတဲ့ နေရာဖြစ်ပါတယ်။ ရေကာတာ ဆောက်ရင် ကျေးရွာပေါင်း ၄၀ ကျော်ဟာ ရေလွမ်းမိုးမှုအောက်ကို လုံးလုံး ရောက်သွားတော့မှာပါ” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ ရေကာတာဆောက်လုပ်မှု ရပ်တန့်ရေး ဆောင်ရွက်နေသူ ကိုနော်လာက ပြောသည်။

ဆက်လက်၍ ၎င်းက နအဖ အစိုးရအနေနှင့် ဒေသခံ ပြည်သူများ၏ အသံကို နားထောင်ပြီးမှ ရေကာတာ စီမံကိန်းကို လုပ်ဆောင်သင့်ကြောင်း၊ ကချင်ပြည်သူလူထုက ဆန့်ကျင်နေသည့်ကြားမှ ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်နေသည်ကို သဘောမကျကြောင်း ပြောဆိုသည်။

“ဆက်ပြီးလုပ်နေမယ် ဆိုရင် ပြည်သူတွေကလည်း ဆက်ပြီးဆန့်ကျင်နေမှာ ဆိုတော့ မလိုလားအပ်တဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်” ဟု သူ့အမြင်ကို ဆက်ပြောသည်။

ရေကာတာ စီမံကိန်းအတွက် ပြောင်းရွှေ့ပေးရမည့် တန်ဖဲ၊ အူဗျစ်၊ အာလန်၊ ဒွန်ဂန်၊ ကျိန်ခရမ် စသည့်ရွာများမှ ရွာသား ၁၀၀ နီးပါးကို ဖွင့်ပွဲ အခမ်းအနားသို့ မတက်မနေရ အာဏာပိုင်များက တက်ခိုင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၊ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ မြစ်ကြီးနား မြောက်ပိုင်းတိုင်း ဒေသမှူး ဗိုလ်မှူးချုပ် စိုးဝင်း၊ လက်တွေ့ အလုပ်လုပ်မည့် တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) အဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ် အစီး ၅၀ ကျော်၊ အဆိုပါကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း ဆောက်လုပ်မည့် Asia World ကုမ္ပဏီမှ တာဝန်ရှိသူများ၊ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် KIO အဖွဲ့မှ ဒုဗိုလ်မှူးကြီး ဂျီးနောင်၊ ဗိုလ်မှူးဒီးရမ်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

၂၀၀၇ ခုနှစ် မေလက မြန်မာ့အလင်း သတင်းစာတွင် မြစ်ဆုံရေကာတာ စီမံကိန်း ပြီးစီးပါက လျှပ်စစ် ဓာတ်အား ၃၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း၊ မဂ္ဂါဝပ် ၁၃၃၆၀ ထွက်ရှိမည့် ရေအား လျှပ်စစ် စီမံကိန်း ၇ ခုတွင် တခုအပါ အဝင် ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

၎င်း ရေအားလျှပ်စစ် စီမံကိန်း ၇ ခု အတွက် ၂၀၀၆ နှစ်ကုန်ပိုင်းက မြန်မာအစိုးရနှင့် CPI တို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပြီး စီမံကိန်းအရ မေခမြစ်တွင် ရေကာတာ ၅ ခု၊ မလိခမြစ်တွင် ရေကာတာ ၂ ခုတို့ အကောင်အထည် ဖော်မည်ဟု ရေးသားထားသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers