www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကိုးကန့်စစ်အကြောင်း စစ်အစိုးရက KIO ကို ရှင်းပြ

မူးယစ်ဆေးဝါးနှင့် လက်နက်ထုတ်လုပ်မှုကြောင့် ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း စစ်အစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ရှင်းပြခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ဗိုလ်မှူးကြီး သက်ပုံ ဦးဆောင်သော စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က KIO ဌာနချုပ်ရှိရာ တရုတ်အနီး လိုင်ဇာမြို့တွင် ယခုလ ၂၉ ရက်နေ့က ကချင်ခေါင်းဆောင်များကို လာရောက်တွေ့ဆုံပြီး ဖုန်ကြားရှင် ဦးဆောင်သော အဖွဲ့သည် လက်နက်ထုတ်လုပ်ပြီး မူးယစ်ဆေးဝါး ရောင်းချသည်ဟု ပြောဆိုသွားခဲ့သည်။

လိုင်ဇာဟိုတယ်တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ KIO စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ် အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော်နှင့် အတွင်းရေးမှူး ဒေါက်တာလဂျာတို့ တက်ရောက်ခဲ့သည်။

“လက်နက်စက်ရုံနဲ့ မူးယစ်ဆေးဝါး သွားစစ်တာ၊ ဖုန်ကြားရှင်တို့အဖွဲ့က အရင်ပစ်လာလို့ သူတို့သိမ်းလိုက်တာဆိုပြီး သူတို့အကောင်းပဲ ပြောတာပါ” ဟု အမည်မဖော်လိုသူ ကချင်အရာရှိတဦးက ပြောသည်။

မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်အဖွဲ့နှင့် စစ်အစိုးရတပ်များအကြား ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်မှ(၁၁) ဦး သေဆုံးပြီး (၃၄) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ရဲ (၁၅) ဦး ကျဆုံးကာ (၁၃) ဦး ဒဏ်ရာရကြောင်း စစ်အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ ဖော်ပြထားသည်။ ကိုးကန့်တပ်ဖွဲ့၏ အလောင်း (၈) လောင်းကို တွေ့ရှိခဲ့ရသည်ဟုလည်း သတင်းစာက ဆိုသည်။

သို့သော် ဖုန်ကြားရှင်အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် “(၂) ရက်တိုက်ပွဲအတွင်း ကလေး၊ လူကြီး စုစုပေါင်း ၂၀၀ နီးပါး သေဆုံးပြီး တရုတ်နိုင်ငံဘက်သို့ မြန်မာစစ်တပ်ဘက်မှ ပစ်လွှတ်လိုက်သော လက်နက်ကြီး ကျည်ဆံ ကျရောက်၍ တရုတ် ၃ ဦး သေဆုံးခဲ့သည်” ဟု ဆိုသည်။

ထို့အပြင် ကြေညာချက်တွင် နအဖ စစ်အစိုးရသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံသော တိုင်းရင်းသားအဖွဲ့များကို စစ်ရေးဖြင့် ခြိမ်းခြောက်ခြင်း၊ ပြိုပျက်အောင် သွေးခွဲခြင်း ပြုလုပ်သည်ဟု ပါရှိသည်။

ဒေသတွင်းနေ စစ်ရေးအကဲခတ်များ အပြောအရ ကိုးကန့်အင်အား ၈၀၀ ခန့် တရုတ်-မြန်မာနယ်စပ်အနီး ဆက်လက်လှုပ်ရှားလျက်ရှိပြီး တချို့မှာ တရုတ်နိုင်ငံဘက် ဝင်ရောက်သွားကာ တရုတ်အာဏာပိုင်များထံ လက်နက်အပ်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ တိုက်ခိုက်နေခြင်းသည် ကိုးကန့်တပ်ဖွဲ့များအချင်းချင်း အာဏာလုနေမှု ဖြစ်ပွားအောင် စစ်အစိုးရက တမင်ဖန်တီးမှု လုပ်ဆောင်ခြင်း ဖြစ်သည်ဟု KIO အရာရှိက ပြောသည်။

“ကိုးကန့်အချင်းချင်း အာဏာလုနေချိန်မှာ နအဖ ကလုပ်လိုက်တာပဲ။ ဒီလို အချင်းချင်း သဘောထား ကွဲလွဲအောင်လည်း နအဖ ပဲလုပ်တာ” ဟု သူက ပြောသည်။

ယခင် MNDAA အဖွဲ့ ဒုဥက္ကဋ္ဌ ပိုင်စိုချိန်က ဦးဆောင်သော လူတစုက ခွဲထွက်ခြင်းကို စစ်အစိုးရမှ အသိအမှတ်ပြု ကူညီပေးခဲ့ပြီး နောက်ဆက်တွဲ တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်။

အပစ်ရပ် အဖွဲ့များ၏ လက်နက်ကိုင်တပ်များကို လက်နက်ဖြုတ်သိမ်းခြင်း သို့မဟုတ် တပ်မတော်၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရန် နအဖ က ဖိအားပေးနေမှုများရှိကာ ငြင်းဆန်ထားသော တိုင်းရင်းသားအဖွဲ့များကို စစ်ပွဲဆင်နွှဲလာမည့်အရေး စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ KIO ၊ MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) စသည့် အဖွဲ့ (၄) ဖွဲ့တို့ စုစည်းကာကွယ်လိုသည့်အနေဖြင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။

သို့သော် ကိုးကန့်စစ်ပွဲတွင် မဟာမိတ်များဘက်မှ ကူညီမှု သိသာစွာ မတွေ့ရသေးပါ။

ကိုးကန့်တိုက်ပွဲဖြစ်ပွားမှုကြောင့် ကချင်ပြည်သူများအကြား ပူပန်မှုများ ရှိလာနေသည်။

“စိုးရိမ်မှုတွေကတော့ ရှိတယ်။ တချို့ ပြည်သူတွေ စိုးရိမ်နေတာက တစ်ဖွဲ့ပြီးတစ်ဖွဲ့ တိုက်လာမှာကို စိုးရိမ်နေကြ တယ်” ဟု ကချင် ဒေသခံတဦးက ပြောသည်။

ဒေသတွင်း တိုက်ရိုက်ကွပ်ကဲမှုပြုနေသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း လုံခြုံရေးဟုဆိုကာ ကန့်သတ်မှုများ တိုးမြှင့်လိုက်သည်။

ယခုလ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဗလမင်းထိန်တံတား အနီးတဝိုက်တွင် ညပိုင်း သွားလာမှု မပြုရန် တားမြစ်ထားပြီး အကယ်၍ သွားလာသူများ တွေ့ရှိပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဟု ရပ်ကွက်အတွင်း အသိပေးထားသည်။

အလားတူ မြစ်ကြီးနားမြို့ပေါ်ရှိ ညဈေးတွင်လည်း ည ၁၀ နာရီထက် ပိုပြီး ဈေးမရောင်းရန် အမိန့်ပေးထားသည်ဟု သိရသည်။
မဇ္ဈိမ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers