www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်


၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ
လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။

၂။ ကျန်းမာရေးကို ကိုးကွယ်ပါ
နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကိုဘယ်လောက် အရေးကြီးတယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင် နေတတ်ကြတယ်။ မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ် တယ်ဆိုတာကို မေ့နေကြတယ်။
ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့ ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။ အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါး သုံးတာတွေ၊ အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့ အဆီအအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။
အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်တယ် ဆိုတာကို မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။

၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ
နောက်တခါ နံပါတ် (၃) အချက်က ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကို ကိုယ်ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။
ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။

၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ
ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄) အချက်က အဲဒီရွေးချယ်လိုက်တဲ့ ပညာရပ်ကို သို့မဟုတ် အဲဒီ လုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲဒီလို ကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာက ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။

၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့
နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်းပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြောတာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။
ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့အခါကျတော့ လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။
အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကို ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊ မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး ဆိုတာမျိုးလေး စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံး ကိုယ့်အတွက်ကို သင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုး ၀န်မလေးပါနဲ့။
နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။


ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers