www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဝဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင်

သြဂုတ်လကုန်ပိုင်းမှစ၍ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ဝဒေသမြောက်ပိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် တပ်စခန်းများတွင် အင်အားဖြည့်တင်း တပ်ချထားသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နှင့် နအဖတပ်များအကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကာ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင်မှုများရှိလာပြီး ဝနယ်မြေအတွင်း စီးပွားရေးလုပ်နေကြသည့် တရုတ်နိုင်ငံသားများလည်း ပြန်လည်ထွက်ခွာနေကြသည်။

ရှမ်းပြည်နယ်၊ အထူးဒေသ (၁) နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များ ယခင်လ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကူအဖြစ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ခု ရောက်ရှိလာစဉ် တိုက်ပွဲပြီးဆုံးသွားသောကြောင့် ဟိုပန်မြို့နယ်အတွင်းရှိ တပ်စခန်းများတွင် တပ်ချထားခြင်းဖြစ်သည်ဟု ဝမြောက်ပိုင်းဒေသ တပ်မဟာ (၃၁၈) မှ အရာရှိတဦးက ပြောသည်။

၎င်းက “သူတို့ပြောတာကတော့ စခန်း ခဏချလာတာပေါ့။ လောက်ကိုင်ဘက်မှာ တပ်ချဖို့ အခက်ခဲရှိလို့ပေါ့။ စိုးရိမ်တာတွေ မရှိပါနဲ့ပေါ့။ ဒါက သူတို့အပြောပဲ။ အခုက အဲဒီက ကျေးရွာသားတွေ ကျနော်တို့ နမ့်တစ် အထူးမြို့နယ်ထဲကို ပြေးဝင်နေကြပြီ။ အချို့လည်း တရုတ်နယ်စပ်ဘက်ကို ပြေးနေကြတယ်။ ကျနော်တို့ဆီက မိုင်းမောတို့၊ ပန်ဆန်းတို့မှာလာပြီး စီးပွားရေး လာလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေလည်း ပြန်နေကြပြီ။ ကိုးကန့်နယ်ထဲမှာ အရပ်သားတွေ သေကြကျေကြ၊ ပစ္စည်းတွေ ဆုံးရှုံးထားတော့ အဲလိုမျိုးဖြစ်မှာကို ကြောက်ပြီး ပြေးနေကြတာ။ ဒေသတည်ငြိမ်မှုပျက်ပြားအာင် လုပ်နေသလို ဖြစ်နေတယ်” ဟု ပြောသည်။

ဝတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ နယ်မြေအနီးရှိ တပ်စခန်းများတွင် နအဖစစ်သားများ အင်အားအများအပြား လာရောက်တပ်ချထားမှုအပေါ် စစ်ရေးသတိဖြင့် စောင့်ကြည့်နေပြီး နအဖတပ်ဘက်မှ စတင်တိုက်ခိုက်လာပါက ပြန်လည်ခုခံကာကွယ်သွားရန် အဆင်သင့်ပြင်ထားကြောင်း အဆိုပါ ဝတပ်ဖွဲ့အရာရှိက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်တွင်းသို့ လူပေါင်း (၃၇,ဝဝဝ) ကျော် ၀င်ရောက်လာသည်ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခဲ့ပြီး ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင်မူ ယမန်နေ့ ညနေ (၆) နာရီအထိ တရုတ်ပြည်ဘက်မှ ပြန်လာနေကြသည့် ဒေသခံပြည်သူ (၇,၈၄၈) ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers