www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ထိုင်းနိုင်ငံဖွား မြန်မာကလေး ဂျပန်သွားရန် ထိုင်းအစိုးရ ခွင့်မပြု

ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဂျပန်ရိုးရာ အိုရီဂါမီ စက္ကူလေယာဉ်ပျံ ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် မြန်မာကလေး တဦးကို ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက ခရီးသွားလတ်မှတ် ထုတ်ပေးရန် ငြင်းပယ် လိုက်သည်။

ကိုယ်တိုင်ချိုးထားသည့် စက္ကူ လေယာဉ်ကလေးနှင့် အတူတွေ့ရသည့် မောင်သောင်ဒီး (ဓာတ်ပုံ - Apichart Jinakul)

ယခင်ရက်ပိုင်းက ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် သဘောတူညီခဲ့သဖြင့် ကိုယ်ရေး အချက်အလက်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ဖြည့်စွက်ရန် ချင်းမိုင်မှ ဘန်ကောက်သို့ ရောက်ရှိနေသော မောင်သောင်ဒီ (Mong Thongdee) ကို ယခုကဲ့သို့ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

မောင်သောင်ဒီက “ထိုင်းနိုင်ငံသား လတ်မှတ် ကျနော့်ဆီမှာမရှိလို့် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် လက်လွတ် ဆုံးရှုံးရမယ် ဆိုတာသိပါတယ်၊ ကျနော့်ကို ဂျပန်သွားဖို့ ကူညီပေးပါ” ဟု မျက်ရည် လည်ရွဲဖြင့် သတင်းထောက် များကို ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ရေးသားထားသည်။

အသက် ၁၂ နှစ် အရွယ်ရှိ မောင်သောင်ဒီကို ချင်းမိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား မိသားစုက ထိုင်းနိုင်ငံတွင် ဖွားမြင်ခဲ့သည်။

ချင်းမိုင်မြို့ Ban Huay Sai ကျောင်းရှိ ၄ တန်းကျောင်းသား တက်ရောက် သင်ကြားနေသော မောင်သောင်ဒီသည် စက္ကူဖြင့် လေယာဉ် အရုပ်ကလေးများ ချိုးခေါက်ရာတွင် ထူးချွန်သူတဦး ဖြစ်သည်။

ယခင်နှစ် ထိုင်းနိုင်ငံ ဘန်ကောက်တွင် National Mental and Material Tenology (Mtec) က ကျင်းပသော စက္ကူလေယာဉ် ပြိုင်ပွဲတွင် သူ၏ လေယာဉ်က ၁၂.၅၀ စက္ကန့် ကြာပျံသန်းနိုင်သဖြင့် ပထမဆု ရရှိ ခဲ့သည်။

နိုင်ငံတကာမှ ကလေးများ ၀င်ရောက်ယှဉ်ပြိုင်သည့် ဂျပန်နိုင်ငံ၌ ကျင်းပသော ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသူတဦး ဖြစ်သောကြောင့် ဂျပန်နိုင်ငံ အိုမီဂါရီ အဖွဲ့က ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

“သူ့ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်မပေးနိုင်ပါဘူး။ တကယ်လို့ သူက ဒီပြိုင်ပွဲကို ဝင်ချင်တယ်ဆိုရင် မြန်မာပြည် ကိုယ်စားပြုပြီးပဲ ဝင်ပြိုင်လို့ ရပါမယ်” ဟု ထိုင်း ပြည်ထဲရေး ဝန်ကြီး Chavarat Charnvirakul က ပြောသည်။

စက္ကူလေယာဉ် ပြိုင်ပွဲကို စက်တင်ဘာ ၁၉၊ ၂၀ ရက်များတွင် ဂျပန်နိုင်ငံ ချီဘာ မြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိပြီး အများစုမှာ တရားမ၀င် လာရောက် လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers