www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

အရင်က စလီဘရစ်တီ၊ အခုတော့ ရဖျူဂျီ

“ဒီမှာ ဒီမှာ ခင်ဗျားက အတုလား အစစ်လား”
“အစစ်ပါဗျာ။ ဘာလုပ်မလို့လဲ၊ ခင်ဗျားမေးခွန်းကလည်း ကြောက်စရာကြီး”
“ဘာလဲဗျ၊ ဘာမေးလို့လဲ ခင်ဗျားက ဘာစစ်တာလဲ”
“နတ်အစစ်လေဗျာ၊ လုံးဝရေမရောဘူး”

ထိုင်း - မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုရှေ့တွင် မယောင်မလည် လုပ်နေသည့် ဦးရုက္ခစိုးကို လူတယောက်က လာမေးသောကြောင့် ပြန်ဖြေနေခြင်းဖြစ်သည်။ “ခင်ဗျားကို အဲဒါမေးတာမဟုတ်ဘူး .. ဒီမှာ ကျုပ်နာမည် မှတ်ထား၊ တာတေတဲ့ … ဒီဒုက္ခသည် စခန်းမှာ ပွဲစားလုပ်တယ်၊ မသိတဲ့သူ မရှိဘူး။ ခင်ဗျားကို ကူညီမလို့ ဒုက္ခသည် အတုလား၊ အစစ်လား မေးတာ” ဟု ထိုသူက ပြန်ပြောလိုက်သည်။

ရုက္ခစိုး။ ။ သြော် တာတေဆိုတဲ့ နာမည်ကလည်း တော်တော်များတာပဲ။ အင်းပေါ့လေ လူတူမရှား နာမည်တူ မရှားပေါ့။

တာတေ။ ။ ကဲပါ .. ကျုပ်မေးတာဖြေဦး။ ခင်ဗျားက ဒုက္ခသည်အတုလား အစစ်လား။

ရုက္ခစိုး။ ။ အတုဆိုရင် ဘာလုပ်မှာလဲ။ အစစ်ဆိုရင်ကော ဘာလုပ်မှာလဲ။

တာတေ။ ။ အစစ်ဆိုရင်တော့ ခင်ဗျား ဒီနေရာကနေ ပြန်လစ်တော့။ အတုဆိုရင်တော့ အမြန်ဆုံး တတိယ နိုင်ငံ သွားရဖို့ ကူညီမယ်။

ရုက္ခစိုး။ ။ သြော ဒီလိုလား။ ကျုပ်က နတ်အစစ် လူအတု၊ ဒုက္ခသည်တော့မဟုတ်ဘူး။ ပျောက်နေတဲ့ ကျုပ် ဘော်ဒါတွေကိုလာရှာတာ။

တာတေ။ ။ ဒါလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူမစွမ်းနတ်မပဲ ကြားဖူးတယ် .. ကျုပ်နဲ့ ကျမှပဲ နတ်မစွမ်းလို့ ပွဲစားမတယ် ဆိုပြီး စကားပုံကို ပြင်ရမယ်ထင်တယ် ဟဲဟဲ။

ရုက္ခစိုး။ ။ ဒါကတော့ဗျာ ... ပွဲစားဆိုတာက ဘယ်ဒေသ ဘယ်နေရာမှာပဲဖြစ်ဖြစ် … မတတ်နိုင်တဲ့ကိစ္စမှ မရှိတာဘဲ။ လုပ်စမ်းပါဦး ဖိုးရှုပ်နဲ့ ကြွက်စုတ် တဲ့ …။ တယောက်က ဂျာနယ်လစ် ယောင်ယောင်၊ နောက် တယောက် ကတော့ နိုင်ငံရေးသမားယောင်ယောင်၊ NGO ယောင်ယောင်ပါပဲ။ ရုပ်တွေကလည်း အူကြောင်ကြောင်နဲ့ဆိုတော့ ရှာရ သိပ်ခက်မယ် မထင်ဘူး။

တာတေ။ ။ သိပါ့ဗျာ …။ အဲဒီလို ယောင်ယောင်တွေကို ကျုပ်က သေချာမှတ်ထားတာ။ သူတို့ကို ကျုပ်ပဲ စခန်းထဲ သွင်းပေးထားတာပေါ့။

ရုက္ခစိုး။ ။ ဘာ … စခန်းထဲ သွင်းတယ် ဟုတ်လား။ ဘယ်စခန်းထဲ ဘယ်လိုသွင်းထားတာလဲ။

တာတေ။ ။ သြော် ... ခင်ဗျား ဘော်ဒါတွေက တတိယနိုင်ငံသွားချင်တယ်လေ။ အဲဒီတော့ ဒုက္ခသည် စခန်းကနေ ထွက်ဖို့အတွက် စီစဉ်ပေးထားတာ။ သူတို့က ကျုပ်ကို ဒါပေးတယ်လေ။

တာတေက သူ့လက်ညှိုးနှင့် လက်မကို ဝိုင်းပြလိုက်သည်။

ရုက္ခစိုး။ ။ နေပါဦး။ ဒီကောင်တွေက စခန်းထဲဝင်ရအောင် သူတို့က ဒုက္ခသည်တွေမှ မဟုတ်ဘဲ။

တာတေ။ ။ ခင်ဗျားကြီးကလည်း ဒုံးဝေးလိုက်တာ။ သူတို့က ဒုက္ခသည်ဖြစ်စရာမလိုဘူးဗျ။ ဒုက္ခသည် ဖြစ်ချင်ဖို့ပဲလိုတယ်။ တကယ်ဒုက္ခသည် အစစ်ဆိုရင် ဘယ်လိုလုပ် တတိယနိုင်ငံသွားလို့ရမလဲဗျ။ ပိုက်ဆံမှ မရှိဘဲ။

ရုက္ခစိုး။ ။ မဟုတ်ကဟုတ်ကဗျာ။ ဒုက္ခသည် အစစ်တွေကို တတိယနိုင်ငံပို့တာ မဟုတ်ဘူးလား။

တာတေ။ ။ ခက်ပါလား။ ခုခေတ်ကပြောင်းနေပြီ။ ဒုက္ခသည် အစစ်နည်းနည်းနဲ့ ပိုက်ဆံပေးထားတဲ့ ဒုက္ခသည်ယောင် ဆောင်ထားတဲ့ သူတွေကို ရောသမမွှေပြီး ကျုပ်တို့လိုပွဲစားတွေက တတိယနိုင်ငံ ပို့ပေးနေတာ။ သဘောပေါက်။ ကျုပ်တို့ရဲ့ ပွဲစားဆောင်ပုဒ်တောင် ရှိသေးတယ်။

ရုက္ခစိုး။ ။ ဘာလဲဗျ၊ လုပ်ပါဦး။

တာတေ။ ။ ခေတ်မီသူတိုင်း ဒုက္ခသည်လုပ်ကြသည် တဲ့။ ဒီဆောင်ပုဒ်နဲ့ ကြော်ငြာတာလေ။ ခုဆို ကာစတန်မာတွေ တော်တော်များနေပြီ။

ထိုစဉ် သူတို့နားသို့ ယိုင်ထိုးယိုင်ထိုးနှင့် နေ့ခင်းကြောင်တောင် ဘီယာမူးနေသော လူနှစ်ယောက် ရောက်လာသည်။ ဦးရုက္ခစိုး သေသေချာချာ ကြည့်လိုက်တော့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟာ … ဖိုးရှုပ်၊ ကြွက်စုတ်။ ရှာလိုက်ရတာကွာ။ ဘယ်လိုဖြစ်ကြတာလဲ။

ဖိုးရှုပ်။ ။ ဘယ်လိုမှမဖြစ်ပါဘူး ဦးရုက္ခစိုးရဲ့၊ အမေရိကားသွားချင်လို့လေ။

ကြွက်စုတ်။ ။ ဟုတ်တယ် ချင်းမိုင်မှာ နေရတာ ပျင်းလာပြီဗျ။ ဦးရုက္ခစိုးကော လိုက်ခဲ့ပါလား။ ချင်းမိုင် ရုက္ခစိုးမလုပ်နဲ့တော့၊ ဆန်ဖရန်စစ္စကိုရုက္ခစိုးဖြစ်ဖြစ်၊ နယူးယောက် ရုက္ခစိုးဖြစ်ဖြစ် လုပ်။ ပိုမိုက်တယ်။

ရုက္ခစိုး။ ။ တော်ပါကွာ။ ငါ့ဘာသာ ချင်းမိုင်မှာပဲ အေးအေးဆေးဆေး နေပါရစေ။ နေစမ်းပါဦး မင်းတို့က ဘယ်လိုကဘယ်လို ဒုက္ခသည်စခန်း ရောက်လာရတာလဲ။ မင်းတို့က ဘယ်တုန်းက ဒုက္ခသည်ဖြစ်သွားတာလဲ။

ဖိုးရှုပ်။ ။ ဒုက္ခသည်ဆိုတာ ပိုက်ဆံပေးရင်ဖြစ်လို့ရတယ်လေ ဦးရုက္ခစိုးရဲ့။ ခုဆို ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျနော်တို့ ဆွေတွေမျိုးတွေကိုတောင် လှမ်းခေါ်ထားတယ်။ တာတေနဲ့ညှိပြီး ဒုက္ခသည်လုပ် အမေရိကား သွား မလို့။

ကြွက်စုတ်။ ။ ဟုတ်တယ်၊ ချင်းမိုင်မှာလည်း အနေကမချောင်၊ ရန်ကုန်မှာလည်း လုပ်စရာ အလုပ်ကမရှိ ဆိုတော့ အမေရိကားမှာ ဆူရှီလေး သွားလိပ်မလားလို့။

တာတေ။ ။ စိတ်ကူးမလွဲနဲ့ ဦးရုက္ခစိုးရေ။ ကျနော်ရှိတုန်း ဒုက္ခသည် စာရင်း ပေးချင်ပေးထား။ ကျနော်လည်း အခြေအနေအရ လုပ်စား နေရတာ။ ခေတ်မကောင်းရင်တော့ မိန်းမနဲ့ ကလေးခေါ်ပြီး ဒုက္ခသည် ဝင်လုပ်၊ တတိယနိုင်ငံလစ်မယ်။

ရုက္ခစိုး။ ။ ကောင်းပါ့ကွာ။ မင်းတို့ဟာ မင်းတို့တော့ ဟုတ်နေတာပဲ … ဒါဆို ဒုက္ခသည် အစစ်တွေက ဘယ်လိုလုပ်မလဲ။

တာတေ။ ။ သြော် ဦးရုက္ခစိုးကလည်း၊ မခက်တာကို ခက်အောင် လုပ်နေပြန်ပြီ။ ဒုက္ခသည် ဆိုတာက အရင်ကတည်း ဒုက္ခတွေ ကြုံဖူးပြီးသား၊ ဒုက္ခထပ်ရောက်လည်း ဘာမှမဖြစ်ဘူး၊ ခံနိုင်ရည်ရှိတယ်လေ။ နအဖက နှိပ်စက်ထားလို့ ထုသားပေသား ကျနေပြီ။ သူတို့က အမေရိကား မသွားရလည်း ဘာမှမဖြစ်ဘူး။ ပိုက်ဆံပေးပြီး ဒုက္ခသည် လုပ်ရတဲ့သူတွေ ခမျာသာ သနားစရာ။ သူတို့က သူဌေးတွေဆိုတော့ ဒုက္ခလည်း ခံဖူးကြရှာတာ မဟုတ်ဘူး။ အဲဒီတော့ စခန်းထဲမှာ ခဏတဖြုတ်ဒုက္ခခံ … ပြီးတော့ အမေရိကား မြန်မြန်ပို့ပေးလိုက်တာပေါ့။

ထိုစဉ် သူတို့နားမှ မိတ်ကပ်အဖွေးသားမျက်နှာနှင့် ခေါင်းမော့ရင်ကော့ကာ လျှောက်သွားသော အမျိုးသမီးတဦး ဖြတ်သွားသည်။ ထိုအမျိုးသမီးကို တာတေက မေးငေါ့ရင်း “သူ့ကို သိလား” ဟု တီးတိုးမေးလိုက်သည်။

ဖိုးရှုပ်။ ။ မြင်ဖူးသလိုပဲ၊ တော်တော်လေး မြင်ဖူးတယ်။

ကြွက်စုတ်။ ။ ဟာ … သိတယ်၊ သိတယ်၊ အဲဒါ မြန်မာပြည်မှာ အရမ်းနာမည်ကြီးတဲ့ မင်းသမီးလေ။ ဟုတ်တယ်မဟုတ်လား။

တာတေ။ ။ သိပ်ဟုတ်တာပေါ့ဗျ။ ခု ကျုပ်တို့ ဆောင်ပုဒ်အသစ်တခု ထပ်ထုတ်ထားတယ် … အရင်က စလီဘရစ်တီ၊ ခုတော့ ရဖျူဂျီတဲ့ … မိုက်တယ်မဟုတ်လား။

ရုက္ခစိုး။ ။ ဟင် နာမည်ကြီးမင်းသမီးက ဘယ်လိုလုပ် ဒုက္ခသည်ဖြစ်နေတာလဲ။

တာတေ။ ။ သြော်၊ သူက နာမည်ကြီးဆိုပေမယ့် အသက်နည်းနည်း ကြီးနေပြီဆိုတော့ ဒုက္ခသည် လုပ်လိုက်တာလေ။ ပြီးရင် အမေရိကားသွားမှာပေါ့။ မင်းသားတွေလည်း ဒီလိုပဲ ဒုက္ခသည် စခန်း ဝင်တာပဲ။ အသက်ငယ်တဲ့ မင်းသမီးတွေကတော့ တခြားနည်းနဲ့ ဒုက္ခသည်လုပ်ပြီး သွားတာပေါ့။

ရုက္ခစိုး။ ။ တခြားနည်းနဲ့ ဒုက္ခသည် လုပ်တယ် ဟုတ်လား။ ဘယ်လိုနည်းလဲ၊ လုပ်ပါဦး။

တာတေ။ ။ အဲဒီဘက်မှာလည်း ပွဲစားတွေရှိတာပဲ။ အသက်ငယ်တဲ့ မင်းသမီးလေးတွေကျတော့ ဒီလို ဒုက္ခသည် စခန်းထဲ ဝင်မနေတော့ဘူး။ အမေရိကန် နိုင်ငံသားခံယူထားတဲ့ လူပျိုသိုး၊ လူပျိုဟောင်းကြီးတွေနဲ့ ယူပြီး အမေရိကားသွားကြတယ်လေ။

ဖိုးရှုပ်။ ။ နေပါဦး၊ ယောက်ျားယူပြီး အမေရိကားသွားတာနဲ့ ဒုက္ခသည် ဖြစ်တာ ဘာဆိုင်လို့လဲ။

တာတေ။ ။ ဒါကတော့ စဉ်းစားကြည့်လေ။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ ဒုက္ခသည် ဖြစ်တာပဲ။ မယူချင်တဲ့ ယောက်ျား ရုပ်ဆိုးကြီးတွေကို ယူရတယ်၊ မြန်မာနိုင်ငံမှာလို ကျော့ကျော့မော့မော့လေး ရုပ်ရှင် မရိုက်ရ တော့ဘဲ ဆူရှီလိပ်နေရတယ်။ ဒါလည်း ဒုက္ခသည် မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ အင်း မြန်မာပြည်ထဲမှာ လူမှ ကျန်ပါဦးမလားမသိဘူး။

တာတေ။ ။ ဒါတော့ မေးမနေနဲ့၊ မြန်မာပြည်ထဲမှာ ဘယ်သူမှ မနေချင်ဘူး။ အကုန်လုံး နိုင်ငံခြား ထွက်ချင်ကြတာချည်းပဲ။ အမေရိကားကတော့ ဘယ်သူမဆို သွားချင်တာ။ အဲဒီတော့ ကျုပ်တို့လို ပွဲစားတွေ ထောတာပေါ့ ဟဲဟဲ။

ထိုစဉ် သူတို့နားသို့ လူတဦးချဉ်းကပ်လာသည်။ ပါးစပ်ကလည်း ရွှတ်ရှက် ဒွတ်ဒတ်များရွတ်ဆိုလာသည်။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ ဘယ်လိုက ဘယ်လို ဒုက္ခသည် စခန်းနား ရောက်နေတာလဲ။

ချိုကုပ်။ ။ အိုင်ဆေး အန်ကယ် ရုက္ခစိုး၊ ဝှူးအာယူ … ဆောဒီးဆောဒီး၊ ဟောင်းအာယူ၊ အိုင်အမ် ဖိုင်း၊ ဟောင်းဒူး ယူဒူး ဟဲဟဲ။

ဖိုးရှုပ်။ ။ ဟင် … ချိုကုပ်ဒူးကြီး ဘယ်လိုဖြစ်သွားတာလဲ။

ချိုကုပ်။ ။ အိုင် ဘယ်လိုမှ မဖြစ်ဘူးစ်၊ ခု အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ။

ကြွက်စုတ်။ ။ ဘာလုပ်ဖို့ လန်းနင်း၊ အဲ … အင်္ဂလိပ်စာ သင်နေတာလဲဗျ။ ခုမှ အေဘီစီဒီ စသင်တော့ အသက်ကြီးမှ လက်ပေးသင်တဲ့ ဟိုအကောင်လို ဖြစ်နေမှာပေါ့။

ချိုကုပ်။ ။ အိုး ယူအာရောင်း … ။ ဒီမှာ ပညာလို အိုသည်မရှိတဲ့။ အသက်ကြီးမှ လက်ပေးသင်တော့ ဘာဖြစ်လဲ။ အမေရိကားသွားရဖို့ လိုရင်းပဲဟာ။

ရုက္ခစိုး။ ။ ဟင် လာပြန်ပြီတယောက် … အမေရိကားတဲ့။

ချိုကုပ်။ ။ ဟုတ်တယ်လေ။ ကျုပ်တို့ကို ပိတ်ဆို့ထားတော့ အမေရိကားကို သွားချင်တိုင်း မသွားရဘူး။ ခု UN စည်းဝေးလုပ်မယ်၊ သွားရမယ် ဆိုတဲ့အခွင့်အရေးလေးနည်းနည်း ပြန်ဟလာပြန်တော့ ဟို ဝန်ကြီးချုပ်ဆိုတဲ့ သိန်းဂိန်တို့၊ ဉာဏ်ပျင်းတို့က နည်းနည်း မှုတ်တတ်လို့ သူတို့ကိုလွှတ်ရတယ်။ မတော်တဆ အိုဘားမားက ထမင်းစားဖိတ်လို့ သွားမိရင် ခွေးအကြီး လှည်းနင်းသလို ဖြစ်နေမှာလေ။ ဝက်ထောကြီးလာတုန်းကလည်း အမေရိကန်အင်္ဂလစ်ရှ်ကို မွှတ်နေအောင်ပြောတတ်အောင် သင်ထားဖို့ ကပ်မှာသွားသေးတယ်။ နောက်တခါ အခွင့်အရေး ပေါ်လာလို့ကတော့ ဘယ်သူ့မှ မလွှတ် တော့ဘူး၊ ကိုယ့်ဘာသာ သွားဖို့ အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ ဟဲဟဲ။

ချိုကုပ်ဒူးကြီးဆီက တံတွေးများစဉ်သွားသောကြောင့် သူတို့ မနည်းရှောင်လိုက်ရသည်။

တာတေ။ ။ အင်္ဂလစ်ရှ် လန်းနင်းလုပ်တာတော့ ထားပါတော့၊ ခု ဒုက္ခသည် စခန်းနားကို ဘာလာ လုပ်တာလဲဟင်။

ချိုကုပ်။ ။ ဒါလား … အခင်းအကျင်း လာကြည့်တာလေ။ အခြေအနေ မကောင်းရင် စခန်းထဲ ဝင်ပြီး အမေရိကား သွားမလို့။

ရုက္ခစိုး။ ။ ဟင် ချိုကုပ်ဒူးကြီးကလည်း ဒုက္ခသည် စခန်းထဲ ဝင်မယ် ဟုတ်လား။

ချိုကုပ်။ ။ ဟုတ်တယ်လေ၊ မောင်ကွေးတို့၊ ငမန်းတို့က အထိန်းရ အသိမ်းရ ခက်ပါဘိသနဲ့၊ တော်ကြာ ဟိုကောင်ဖင်တွန့်ရဲ့ ဝဋ်တွေ ပြန်လည်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒီတော့ သေချာအောင် ဒီဘက် လမ်းကိုလည်း စုံစမ်းထားရမယ်။ ကဲ ဘယ်လောက်ပေါက်လဲ ကိုတာတေ လုပ်ပါဦး။ အလုပ်ဖြစ်မယ် ဆိုရင် ပေါက်ဈေးထက် ၃ ဆပိုပေးမယ်ဗျာ။ ခင်ဗျားတို့ ကြော်ငြာကိုလည်း အရမ်းသဘောကျတယ်။

တာတေ။ ။ ဘယ်ကြော်ငြာကို သဘောကျသွားတာလဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ သြော် … အရင်က စလီဘရစ်တီ ခုတော့ ရဖျူဂျီ ဆိုတဲ့ ကြော်ငြာကိုပါ။ ကျုပ်လည်း စလီဘရစ်တီ ပဲလေ၊ ဟောဒီက ဖိုးရှုပ်တို့ ကြွက်စုတ်တို့လည်း စလီဘရစ်တီပဲ၊ ဦးရုက္ခစိုးလည်း စလီဘရစ်တီပဲ။ ကျုပ်တို့ အားလုံး ဒုက္ခသည် ဖြစ်ခွင့်ရှိတယ် … ဟုတ်တယ် မဟုတ်လား။

ချိုကုပ်ဒူးကြီး၏ စကားအဆုံးတွင် ဦးရုက္ခစိုးကြီး စိတ်ပါလာပြီး “ဒီလောက်တောင်ဖြစ်တာ ကျုပ်လည်း ဝါရှင်တန် ရုက္ခစိုးပဲ လုပ်တော့မယ်ဗျို့၊ ကဲ ကိုတာတေရေ ဘယ်လောက်ပေါက်လဲ၊ ဘယ်လိုပေးရမလဲ၊ ဒုက္ခသည် အစစ်တယောက် နေရာမှာ ချင်းမိုင်ရုက္ခစိုး ဆိုပြီး စာရင်းထည့်လိုက်ပေတော့။ အမေရိကားကို မတိန်းမစောင်း ဘိန်းဗောင်းနဲ့ အမြန်ဆုံး လစ်တော့မယ် … ပလို့ … ဂျိ” ဟူ၍ ရေရွတ်လိုက် လေတော့သည်။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။

ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers