www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ချင်းမိုင်အခြေစိုက် မြန်မာအရေး လှုပ်ရှားသည့် အဖွဲ့အချို့အား ထိုင်းအာဏာပိုင်များ ၀င်ရောက် စစ်ဆေး

ယမန်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်း (၄)ခု၏ ရုံးခန်းများအား ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်စီနင်းပြီး ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ကာ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဖွဲ့အစည်းတစ်ခုမှ သင်တန်းဖွင့်လှစ်ထားသော အဆောင်တွင်ရှိသည့် သင်တန်းသား ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရသည်။

ရုံးနေရာ အပြောင်းအလဲကြောင့် ၀င်ရောက်စစ်ဆေးခြင်း မခံခဲ့ရသော်လည်း ရုံးခန်း တည်နေရာမြေပုံနှင့် ရုံးခန်းဓါတ်ပုံများဖြင့် တိုက်ရိုက်ဦးတည်လာခဲ့သော တိုင်းရင်းသား လူငယ်များ အင်အားစုအဖွဲ့မှ အတွင်းရေးမှူး ကိုအောင်နိုင်စိုးက “ဘာကြောင့် အခုလိုလာပြီး စစ်ဆေးတယ်ဆိုတာကို တိတိကျကျပြောဖို့တော့ ခက်တယ်။ ကျနော်တို့ ချင်းမိုင်မှာ အခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အများအားဖြင့် ထင်ကြေးပေးနေကြတာကတော့ မကြာခင်ကပဲ နအဖ ဖက်ကို ပူးပေါင်းသွားသူ အချို့ရဲ့ညွှန်းပြမှု ဖြစ်နိုင်တယ်။ အခြားအကြောင်းတွေလည်း ဖြစ်နိုင်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုက ထိုင်းအစိုးရကို ချင်းမိုင်မှာ မြန်မာအရေး လှုပ်ရှားတဲ့အဖွဲ့ ဘယ်လောက်ရှိတယ်ဆိုတာကို တရားဝင် အသိပေးလိုက်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်” ဟုပြောသည်။

ဤကဲ့သို့ ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများအား ၀င်ရောက်ရှာဖွေသည့် ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာရေးဌာနမှ ဒါရိုက်တာ ဦးထူးချစ်က “ဖြစ်နိုင်တာတစ်ခုက နအဖရဲ့ ဖိအားတစ်စုံတစ်ရာ ပေးမှုကြောင့်လည်း ဖြစ်နိုင်တယ်။ မကြာခင်က နအဖဖက်ကို ပူးပေါင်းသွားတဲ့ လူတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အခုလို စစ်ဆေးခံရတာက ထိုင်းတွေနဲ့ ပြဿနာ တစ်ခုခုရှိလို့ ထိုင်းတွေ မကျေနပ်လို့ အတိုင်အတော ခံရတာလား မသိဘူး။ ကျနော်တို့ဆိုရင် ထိုင်းမှာ အဖွဲ့အစည်း တည်ထောင်ပြီးတော့ လုပ်လာတာ ကြာပြီ။ ထိုင်းမှာ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ထိုင်းမှာ ဘယ်နေရာမှာပဲလုပ်လုပ် ဒေသခံတွေနဲ့ အဆင်ပြေအောင် နေထိုင်ပေါင်းသင်းတတ်ဖို့ လိုပါတယ်။ ဒေသခံ ထိုင်းလူမျိုးတွေရဲ့ သနားကြင်နာမှုတွေ၊ နားလည်မှုတွေ၊ ခင်မင်မှုတွေ၊ အပြန်အလှန်ရှိမှ ကျနော်တို့ အရှည်သဖြင့် ကိုယ်လုပ်လိုတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လို့ရမှာ ဖြစ်ပါတယ်” ဟုပြောသည်။

နိုင်ငံရေး အပြောင်းအလဲအတွက် လူထုနှင့် ထိစပ်နေသင့်သည်ဟုလည်း ၎င်းကအခုလို ဆက်ပြောသည်။

“နိုင်ငံရေး အပြောင်းအလဲ ကာလမှာ အခြေခံကျတဲ့ လူထုတွေနဲ့ ထိစပ်နေရမယ်။ ဘယ်လိုပဲ တော်လှန်ရေး အဖွဲ့အစည်းပဲ ပြောပြော နိုင်ငံရေးအဖွဲ့လိုပဲ ပြောပြော ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေး အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ပါးစပ်ကပြောရုံ၊ စတိတ်မင့် ထုတ်ရုံနဲ့တော့ မရတော့ဘူးဆိုတာ သိသင့်တယ်။ လူထုတွေ ကိုယ့်ဘက်မှာ ရှိနေအောင် လူထုတွေရဲ့ လိုအပ်ချက်တွေကို ဒီနေ့ကစပြီး ဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဖို့လိုတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်နေမှ လူထုတွေရဲ့ ထောက်ခံမှုတွေကို ရရှိနေအောင် လုပ်ပေးရမယ်။ လုပ်ပေးသင့်တယ်လို့ ကျနော်ပြောချင်တယ်”

နအဖက လာမည့်၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေစဉ် နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် အခြားတက်ကြွလှုပ်ရှားသူ အချို့တို့မှာ စစ်အစိုးရဘက်သို့ ဘက်ပြောင်းသွားခြင်းများ ရှိနေပြီး ထိုသို့ ဘက်ပြောင်း သူများကြောင့် နယ်စပ်တွင် ဆက်လက်လှုပ်ရှားနေသူ တချို့မှာ အဆိုပါ လူများနှင့် ပါသွားသော ဓါတ်ပုံနှင့် ကိုယ်ရေး အချက်အလက်များကြောင့် နေရပ်ရင်းတွင်ရှိသော မိသားစုများအတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers