www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ဦးမည်

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ကရင်ပြည်နယ် တောင်ပိုင်းရှိ တပ်မဟာ ၇ နယ်မြေမှ စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့(DKBA) တို့၏ ပူးပေါင်း တပ်များက ကရင်ပြည်နယ် မြောက်ပိုင်းရှိ KNLA အခြေစိုက် စခန်းများကို လာမည့်လတွင် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြသည်။


ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေကြသည့် KNLA တပ်မဟာ ၅ ဒေသမှမှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - စောရန်နိုင်/ဧရာဝတီ)

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနီးရှိ သံလွင်မြစ် တလျှောက်ရှိ KNLA တပ်မဟာ ၅ ဒေသမှ စခန်းများကို ထိုးစစ်ဆင် ကြမည်ဖြစ်ရာ KNLA ကလည်း ၎င်းတို့၏ စခန်းများကို အလွယ်တကူ လက်လွတ် ဆုံးရှုံးခံမည် မဟုတ်ဘဲ ပြန်လည်ခုခံ တိုက်ခိုက်ရန် အသင့်ပြင်ထား ကြသည်ကို တွေ့ရသည်။

စစ်ရိပ်စစ်ငွေ့ သမ်းနေသည့် KNLA ၏ တပ်မဟာ ၅ ဒေသတွင် တပ်မဟာမှူးက ၎င်းတို့၏အစီအစဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီကို ရှင်းပြသည်။

မကြာမီ ရောက်လာနိုင်သည့် ထိုးစစ်အတွင်း သူ၏ တပ်ဖွဲ့ဝင်များက နယ်မြေ နှင့် ဒေသခံ ရွာသူရွာသားများကို အကာအကွယ်ပေးရန် အစွမ်းကုန် ကြိုးစားမည်၊ ၎င်းတို့နည်းတူ ကရင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော DKBA တပ်ဖွဲ့များကိုလည်း ပြန်လည် တိုက်ခိုက်မည်ဟု KNLA ၏ အမှတ် ၅ တပ်မဟာမှူး ဘော်ကျော်က ဆိုသည်။

“DKBA က ရန်သူ့အမိန့်ကို နာခံနေရင်တော့ သူတို့ကလည်း ကျနော်တို့ရဲ့ ရန်သူပဲ” ဟု တပ်မဟာမှူးက ပြောသည်။

DKBA သည် KNLA မှ ခွဲထွက်သွားသည့် အဖွဲ့ ဖြစ်သည်။ ယခင်က မြန်မာ့တပ်မတော်ကို အတူ ရင်ဆိုင်ခဲ့ကြသော်လည်း ၁၉၉၅ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် တပ်သားများက DKBA အဖြစ် ခွဲထွက်ပြီးချိန်မှ စ၍ ရန်ဘက်များ ဖြစ်လာကြသည်။

ကရင်ပြည်နယ် တောင်ပိုင်း တပ်မဟာ ၇ နယ်မြေရှိ KNLA စခန်းများကို ယခင်လအတွင်း ထိုးစစ်ဆင်စဉ် မြန်မာ့တပ်မတော်က နောက်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ပြီး၊ DKBA တပ်များက ရှေ့မှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ လာမည့်လအတွက် ထိုးစစ်မှာ ကရင်ပြည်နယ် မြောက်ပိုင်းရှိ တပ်မဟာ ၅ ဒေသကို ဦးတည်နေသည်။

KNLAက အသင့် ပြင်ဆင်ထားသဖြင့် DKBA သည် ၎င်းတို့၏ တပ်သား အများအပြားကို ဆုံးရှုံးပြီးမှသာ တပ်မဟာ ၅ ဒေသကို စိုးမိုးနိုင်မည်ဟု ထိုင်းမြန်မာနယ်စပ် သတင်းရပ်ကွက်များက ခန့်မှန်းကြသည်။

မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်း တပ်များ ထိုးစစ် ပြင်နေသည်ဟူသော သတင်းကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှ ဒေသခံ ရွာသား အများအပြားမှာ စိုးရိမ်နေကြသည်ဟု အဆိုပါ နယ်စပ်တလျှောက်ရှိ ကရင်ရွာသားများက ပြောပြသည်။

ထိုးစစ်ဆင်မှု အောင်မြင်ပါက တိုက်ပွဲများကို ရှောင်ရှား၍ တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်နေရသူ (IDP) အရေ အတွက် ပိုမို များပြားလာဖွယ်ရှိပြီး ယခင်ကနည်းတူ စစ်ပြေး ဒုက္ခသည်များအဖြစ် အိးတူထ (Ei Tu Hta) ဒုက္ခသည်စခန်းမှ တဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်လာနိုင်သည်ဟု နယ်စပ်မှ ကရင်တိုင်းရင်းသားများက ခန့်မှန်းကြသည်။

“DKBA က နယ်စပ်တလျှောက် နယ်မြေရှင်းလင်းရေး လုပ်ပစ်မှာကို ရွာသားတွေက ကြောက်နေကြတယ်” ဟု အိးတူထ စခန်း ကော်မတီ အတွင်းရေးမှူး ဝါးအယ်ထူးက ဧရာဝတီကို ပြောသည်။

အိးတူထ သည် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ဘေးတွင် တည်ရှိသည့် ဒုက္ခသည်စခန်း ဖြစ်သည်။

“ဒုက္ခသည်တွေ နိုးနိုးကြားကြား နေကြဖို့တော့ ကျနော်တို့ သတိပေးထားတယ်။ အချိန်မရွေး ထပြီး ပြေးလွှားနိုင်အောင်လို့ အစာ စားပြီးတိုင်း အိုးခွက် ပန်းကန် အဝတ်အစားတွေ အသင့်ပြင်ထားဖို့ ပြောထားတယ်” ဟု ဝါးအယ်ထူးက ဧရာဝတီကို ပြောသည်။

ဤအတောအတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် နှင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကော့လူဒိုးမြို့အတွင်းတွင် ပုန်းအောင်းနေကြရသည့် IDP အရေအတွက် ၁ဝ ဝဝဝ ဝန်းကျင် ရှိပြီး မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေကြသည်ဟု ဒေသခံရွာသားများ၊ အကူအညီပေးရေး ဝန်ထမ်းများက ဧရာဝတီကို ရှင်းပြသည်။

စခန်း တိုက်ခိုက်ခံရပါက အခက်အခဲ များစွာနှင့် ရင်ဆိုင်ရမည်ကို အိသုထ စခန်း အမှတ် ၆ ရပ်ကွက် တာဝန်ခံ စောတခွဲက စိုးရိမ်နေသည်။ သူ ကွပ်ကဲနေရသည့် ရွာသားများက နေရပ်ရင်းသို့ပြန်ရန် မဝံ့ရဲကြကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ပါကလည်း ထိုင်းအာဏာပိုင်တို့က ရေရှည် ခိုလှုံခွင့် ပေးမည်မဟုတ်ကြောင်း စောတခွဲက ပြောသည်။

စခန်း တိုက်ခိုက်ခံရလျှင် ရွာသားများသည် ရိက္ခာ၊ ဆေးဝါး အထောက်အပံ့များ ပြတ်တောက်ပြီး၊ ပညာသင်ကြားမှုများလည်း ရပ်ဆိုင်းရမည်ဟု ဆိုသည်။

“ရန်သူက တိုက်ဖို့ ပြင်နေပြီဆိုရင်တော့ ကျနော်တို့တော့ ကြောက်တယ်” ဟု စောထီးကွယ်က ပြောသည်။

ဒေသခံ ရွာသားများ၊ စီးပွားရေးသမားများကလည်း ဒေသအခြေအနေကို စောင့်ကြည့်နေကြသည်။

ထိုးစစ် ပြီးဆုံးပါက DKBA တပ်ဖွဲ့များသည် ထိုင်းမြန်မာနယ်စပ် သံလွင်မြစ်တလျှောက်တွင် အခြေချမည်ဟု DKBA သတင်းရပ်ကွက်တခုထံမှ သိရသည်။

သံလွင်မြစ် နှင့် သောင်ရင်းမြစ် များရှိ သစ်ထုတ်လုပ်ခြင်း၊ အခွန်ကောက်ခြင်း၊ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းအပါအဝင် နယ်စပ်ဒေသ ကုန်သွယ်ရေး လုပ်ငန်းများကို DKBA က တာဝန်ယူ ထိန်းချုပ်ပြီး လုံခြုံရေး ယူရမည်ဟု အဆိုပါ DKBA သတင်းရပ်ကွက်က ပြောသည်။

ထိုဒေသသည် DKBA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပါက နယ်စပ်ရှိ သံလွင်မြစ်ကို ဖြတ်ပြီး တပ်မဟာ ၅ ဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ ဖြန့်ဝေနေသော ကရင် တိုင်းရင်းသား အကူအညီပေးရေးအဖွဲ့တို့၏ လုပ်ငန်းများကို ထိခိုက်စေမည်ဟု နယ်စပ် သတင်းရပ်ကွက်များထံမှ သိရသည်။

DKBAက ဤဒေသကို ထိန်းချုပ်ခဲ့ပါက နယ်စပ် ကုန်သွယ်ရေးတွင် တားမြစ် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်မည်ကို ဒေသခံ လုပ်ငန်းရှင်များကလည်း စိုးရိမ်နေသည်။

သံလွင်မြစ်သည် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် မြစ်တခု ဖြစ်သည်။ ဤဒေသ၏ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းသည် DKBA က KNLA နှင့် ခွဲထွက်ခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ကျဆင်းသွားရာမှ မကြာသေးမီ နှစ်များအတွင်း ပြန်လည် တိုးတက်လာခဲ့သည်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers