www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဝန်ဆောင်ခ မတတ်နိုင်သဖြင့် နိုင်ငံခြားထွက်မည့်သူ နည်းပါး

ငွေကြေး မတတ်နိုင်သောကြောင့် နိုင်ငံခြားထွက်အလုပ်လုပ် လိုသူ အရေအတွက် ကျဆင်းနေသဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီများမှာ ဝန်ဆောင်ခကို အကြွေးစနစ်ဖြင့် ဖြေရှင်းပေးခြင်း၊ ဝန်ဆောင်ခ လျှော့ပေးခြင်း၊ နယ်ဘက်သို့ ပွဲစားလွှတ်ကာ လူရှာခိုင်းခြင်းတို့ ဆောင်ရွက်နေရကြောင်း ကြားသိရသည်။


“၀န်ဆောင်ခ တ၀က်ကို မြန်မာပြည်မှာ ပေး၊ ကျန်တဲ့တ၀က်ကို မလေးရှားမှာ အလုပ်လုပ်လို့ ရတဲ့ လစာထဲ က ပြန်ဆပ်ဆိုတာမျိုး အကြွေးစနစ်နဲ့ လုပ်ပေးရတယ်။ တချို့အေဂျင်စီတွေကလည်း ၀န်ဆောင်ခကို တော်တော် လျှော့ချပြီး နိုင်ငံခြားထွက်ချင်တဲ့ လူအရေအတွက် ပြန်များလာအောင် လုပ်နေရတယ်” ဟု ကမာရွတ်မြို့နယ်မှ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီ မန်နေဂျာတဦးက ပြောသည်။

ထို့ပြင် အကျိုးဆောင်ပွဲစားများကို နယ်များသို့ စေလွှတ်ကာ နိုင်ငံခြားသွားလိုသူ ရှာခိုင်းခြင်းဖြင့် ပြည်ပထွက် အလုပ်လုပ်လိုသူ များပြားလာအောင် လုပ်ဆောင်လျက်ရှိသည်ဟုလည်း သိရှိရသည်။

“အညာဒေသတွေကို ပွဲစားလွှတ်ပြီး မလေးရှားသွားချင်တဲ့ လူရှာခိုင်းတယ်။ ပွဲစားက လူတယောက် ရှာပေး နိုင်ရင် သူ့အတွက် အမေရိကန် ဒေါ်လာ ၅၀ ကုမ္ပဏီက ပေးတယ်။ စင်ကာပူသွားချင်တဲ့ လူ တယောက် ရှာပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁၁၀ ပေးတယ်။ ဒီ့အပြင် ပွဲစားက ၀န်ဆောင်ခကို ကုမ္ပဏီ တောင်းတဲ့ နှုန်းထက် ပိုတောင်းပြီး သူ့အတွက်ကျန်အောင်လည်း လုပ်လို့ရတယ်” ဟု ပန်းဆိုးတန်း လမ်းရှိ ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီတခုနှင့် ဆက်သွယ်ဆောင်ရွက်နေသူ ပွဲစား တဦးက ပြောသည်။

ယခုလပိုင်းအတွင်း မလေးရှား၊ စင်ကာပူနှင့် ယူအေအီး နိုင်ငံများမှ မြန်မာနိုင်ငံရှိ အထွေထွေ အလုပ် သမားခေါ်ယူမှု များပြားလာသော်လည်း ပြည်ပထွက်အလုပ်လုပ်မည့်သူ အရေအတွက် ကျဆင်းနေ သည်ဟု ဝန်ဆောင်မှု လုပ်ငန်းများက ဆိုသည်။

“အလုပ်ခေါ်စာတွေ ပို့တာ ဒီလအတွင်း များလာတယ်။ ဒါပေမယ့် နိုင်ငံခြား ထွက်ချင်ကြတဲ့ သူတွေက ငွေကြေး သိပ်မတတ်နိုင်ကြဘူး။ လူငယ်တိုင်းက နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ စိတ်ကူး အိပ်မက်တွေတော့ ရှိကြပါတယ်” ဟု ဗိုလ်တထောင်မြို့နယ်ရှိ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည် ဆိုပါက လူတဦးလျှင် ၀န်ဆောင်ခအဖြစ် အမေရိကန် ဒေါ်လာ ၆၀၀ (ကျပ် ၇ သိန်းနီးပါး) မှ ၁၁၀၀ (ကျပ် ၁၁ သိန်းကျော်) ထိ အလုပ်အမျိုးအစား ကိုလိုက်၍ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများက တောင်းယူနေကြသည်။

ယခုအခါ မြန်မာများ ထွက်ခွာအလုပ်လုပ်သည့် ပြည်ပနိုင်ငံများအနက် မလေးရှားနိုင်ငံမှ အလုပ်သမား ခေါ်စာများ မြင့်မားလာပြီး စားသောက်ဆိုင်၊ ပရိဘောဂစက်ရုံ၊ အလူမီနီယံစက်ရုံ၊ ပလတ်စတစ်စက်ရုံ တို့တွင် အလုပ်ခေါ်ယူလိုမှု များပြားလျက်ရှိသည်ဟု အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများက ပြောသည်။

“ဇူလိုင်လဆန်း လောက်ကတည်းက မလေးရှားက အလုပ်ခေါ်စာတွေ တော်တော် ပြန်တက်လာတယ်။ မလေးရှားက စက်ရုံအလုပ်ရုံ တွေမှာလည်း အချိန်ပိုတွေ ပြန်ဆင်းနေရပြီ။ မလေးရှား အလုပ်အကိုင်တွေတဖြည်းဖြည်း ပြန်ကောင်းလာနေတယ်” ဟု သုခစုစံပြည်ပအလုပ်အကိုင် ရှာဖွေးရေးအေဂျင်စီမှ ၀န်ထမ်းတဦးက ရှင်းပြသည်။

စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူသည် အနည်းဆုံး အင်္ဂလိပ်စကားပြောနှင့် တခြားသော အတတ်ပညာတခုခု (ဥပမာ - ကားမောင်း၊ ဂဟေဆော်၊ ပန်းရံ၊ လက်သမား) တတ်ရန်လိုအပ်ပြီး ၀န်ဆောင်ခ မှာလည်း အလုပ်သမားတဦးလျှင် အနည်းဆုံး ကျပ် ၂၂ သိန်း ခန့် ကုန်ကျနိုင်သည့်အတွက် စင်ကာပူသွားလိုသူ များထက် မလေးရှားသွားရောက် အလုပ်လုပ်လိုသူ အရေအတွက် ပိုမို များပြားသည်ဟု သိရှိရ သည်။

“မလေးရှားက ၀န်ဆောင်ခလည်း သက်သာတယ်၊ ပညာအရည်အချင်းလည်း မလိုဘူး။ ဘာပညာမှ မတတ်လည်း သွားလို့ရတယ်။ မလေးရှားကို နယ်က လူတွေအများဆုံးသွားတယ်။ စင်ကာပူကိုတော့ ရန်ကုန်လို မြို့ကလူတွေသွားတယ်” ဟု သုခစုစံကုမ္ပဏီဝန်ထမ်း တဦးက ဆိုသည်။

စင်ကာပူနိုင်ငံသို့ သွားရောက်သူ အရေအတွက်မှာလည်း အလွန် လျော့နည်းလျက်ရှိပြီး ၀န်ဆောင်မှု ကုမ္ပဏီတခုလျှင် စင်ကာပူနိုင်ငံသို့ တလ မြန်မာ ၁ ဦး၊ ၂ ဦး ခန့်သာ ပို့ပေးနိုင်ကြောင်း၊ လုံးဝမပို့နိုင်သည့် လများပင် ရှိကြောင်း စုံစမ်းသိရှိရသည်။

မလေးရှားနှင့် စင်ကာပူနိုင်ငံများအပြင် ယူအေအီးနိုင်ငံရှိ သင်္ဘောကျင်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ဟိုတယ်အချို့တွင် အလုပ်လုပ်ရန် အလုပ်ခေါ်စာများ ရောက်ရှိနေသော်လည်း သွားရောက်ရန် စိတ်ဝင်စားသူ နည်းပါးလျက်ရှိကြောင်း ဝန်ဆောင်မှု ကုမ္ပဏီများက ပြောသည်။

“ယူအေအီးက သင်္ဘောကျင်းမှာ လုပ်ရမယ်၊ ၀န်ဆောင်ခက အမေရိကန်ဒေါ်လာ ၁၅၀၀ (ကျပ် ၁၆ သိန်းကျော်)၊ အလုပ်သမားက တနေ့ အမေရိကန် ၁၇ ဒေါ်လာ (ကျပ် ၂ သောင်းကျော်) နဲ့ ညီမျှတဲ့ ယူအေအီးငွေရမယ်။ နေစရိတ်၊ စားစရိတ် အပြီးအစီး ဆိုပေမယ့် စိတ်ဝင်စားသူနည်းတယ်” ဟု ကမာရွတ်မြို့နယ်ရှိ A Win Win ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားရေးဝန်ကြီးဌာနက တရားဝင် လိုင်စင်ထုတ်ပေးထားသော ပြည်ပ အလုပ် အကိုင် ၀န်ဆောင်မှုအေဂျင်စီပေါင်း ၁၃၁ ခုရှိသော်လည်း စီးပွားရေး တွက်ခြေမကိုက်မှုကြောင့် ကုမ္ပဏီတချို့မှာ ၂၀၀၈ ခုနှစ်အတွင်းက ဖျက်သိမ်းခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers