www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နီပေါ ကူညီမည်

နီပေါနိုင်ငံ အထက်လွှတ်တော် အမတ်များနှင့် အတိုက်အခံ ပါတီများ၊ လူမှုရေး အသင်းအဖွဲ့ ပေါင်းစုံတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေး အတွက် အားဖြည့်ကူညီမည်ဟု အိမ်နီးချင်းနိုင်ငံများ မြန်မာ့အရေးတွင် ပါဝင်လာရန် လှည့်လည်စည်းရုံးနေသည့် ညွှန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေနှင့်အဖွဲ့ကို ပြောကြားလိုက်သည်။


တောင်အာရှ လူမှုစွမ်းအား ဖိုရမ် (SAFPI) နှင့် မဟိဒြာ နာရယန် နီဒီဟ် အထိမ်းအမှတ် ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူတွင် သြဂုတ် ၁ ရက်နှင့် ၂ရက်နေ့ က ပြုလုပ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နီပေါဟာ အိန္ဒိယလိုပဲ ပါတီပေါင်းစုံရှိတယ် ပါတီတခုနဲ့တခုကလည်း တခါတလေ သိပ်အစေးမကပ်ကြဘူး။ ဒါပေမယ့် ဗမာပြည်အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကိုတော့ ပါတီပေါင်းစုံက တက်လာကြတယ်။ အသံတွေကလည်းအတူတူပဲ တိုက်တွန်းပြောဆိုတာတွေကော၊ ဆုံးဖြတ်ချက်တွေပါ ရှိလာတယ်” ဟု ဒေါက်တာတင့်ဆွေက ဧရာဝတီကို ပြောသည်။

လက်ရှိ နိုင်ငံခြားရေးဝန်ကြီး မစ္စ သုဇာတာ ကိုအီရာလာက ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားကြည်ညိုချစ်ခင်ကြောင်း ဖော်ပြ၍ ဆွေးနွေးချက် များကို စိတ်ဝင်တစားရှိသည်ဟု ကြားသိရသည်။

ဆွေးနွေးပွဲအပြီး ပါလီမန်တွင် ကျင်းပသော လွှတ်တော်အမတ်များ အစည်းအဝေးကို ဒေါက်တာ တင့်ဆွေနှင့် အဖွဲ့ တက်ရောက်နားထောင်ခွင့်ရခဲ့ရာ အဆိုပါ အစည်းအဝေးတွင် မြန်မာ့အရေးကို မည်သို့မည်ပုံ ဆောင်ရွက်မည် ဆိုသည့် အချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာတင့်ဆွေက ဆိုသည်။

ဆက်လက်၍ ၎င်းက “သူတို့အစိုးရအနေနဲ့ကတော့ ဘာလုပ်ပေးပါ့မယ် ဆိုပြီး တရားဝင်ပြောဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကျနော်နားလည်တာက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အတတ်နိုင်ဆုံးကြိုးစားမယ်လို့ ယူဆပါတယ်” ဟုပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာအင်အားစုများ ကိုယ်စား ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေ၊ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ကိုကင်မ် အပါအ၀င် အိန္ဒိယ နိုင်ငံမှ အထက်လွှတ်တော်အမတ် ၂ ဦး၊ အိန္ဒိယ လူမှုအဖွဲ့အစည်းများ၊ နီပေါနိုင်ငံ အာဏာရပါတီမှ အမတ်များ၊ အတိုက်အခံပါတီများအပြင် လူမှုအသင်းအဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့ကြသည်။

မဟိဒြာ နာရယန် နီဒီဟ် အထိမ်းအမှတ် ဖောင်ဒေးရှင်း၏ ဥက္ကဌ မစ္စတာ ဘာနူး ဘာသား ဒါကားလ် ကလည်း “ဆွေးနွေးပွဲမှာ လက်ရှိအာဏာရပါတီတွေ၊ အတိုက်အခံပါတီတွေနဲ့ အမတ်တွေက မြန်မာ့ ဒီမိုကရေစီအရေး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကူညီမယ်ဆိုတာ ပြောတော့ အတော်ကို အားရကျေနပ်မိပါတယ်။ နီပေါအစိုးရဘက်ကလည်း နိုင်ငံခြားရေးမှာ သူတို့ ပေါ်လစီက အကန့်အသတ်တွေ ရှိကောင်းရှိနေမှာ ဖြစ်ပေမယ့် အခုကတော့ မြန်မာ့အရေးအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အရိပ်အယောင်တွေ တွေ့မြင်ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာ့အရေးကိစ္စတွင် နီပေါနိုင်ငံ အပါအ၀င် တောင်အာရှ နိုင်ငံများအနေဖြင့် အတိုင်းအတာတခုအထိ အရေးပါသောနေရာတွင် ရှိသည်ဖြစ်၍ မြန်မာစစ်အစိုးရအပေါ် ဖိအားပေးမှုများ၊ ကုလသမဂ္ဂအဖွဲ့သို့ တိုက်တွန်းနှိုးဆော်ခြင်းများ ဆက်လက်ပြုလုပ်နိုင်ရန် နီပေါနှင့် အိန္ဒိယအစိုးရတို့ကို တိုက်တွန်းမည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် မေလက နီပေါ အတိုက်အခံပါတီများနှင့် လူမှုရေးအသင်းအဖွဲ့ ၂၀၀ ကျော်တို့က ဒေါ်အောင်ဆန်း စုကြည်ကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းစာကို နီပေါနိုင်ငံခြားရေးဝန်ကြီးရုံးနှင့် မြန်မာသံရုံး များသို့ လက်မှတ်ရေးထိုးပေးပို့ခဲဖူးသည်။

ထို့အတူ အိန္ဒိယ အထက်နှင့် အောက် လွှတ်တော်အမတ် ၁၂၀ နီးပါးတို့ကလည်း မြန်မာ့အရေးကို အိန္ဒိယ ပါလီမန်တွင် ဆွေးနွေးရန် အိန္ဒိယ၀န်ကြီးချုပ် မာမိုဟန်ဆင်းထံသို့ တိုက်တွန်း တင်ပြခဲ့သေးသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

Followers