www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကိုးကန့်ဒေသ သေနတ် ပြန်ပေါက်၊ ဒုက္ခသည်များ တရုတ်ဘက် ခိုလှုံ

တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသအတွင်း လောက်ကိုင်မြို့အနီး မြန်မာစစ်အစိုးရ တပ်များနှင့် ကိုးကန့်ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ဝင်များအကြား ရင်ဆိုင်တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကိုးကန့်ဒေသမှ တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်များ (ဓာတ်ပုံ - ရိုက်တာ)

နောက်ဆုံးရရှိသော သတင်းများအရ ယနေ့တွင် မြန်မာစစ်အစိုးရတပ်များနှင့် ကိုးကန့်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ဝင်များ အနည်းဆုံး ရင်ဆိုင်တိုက်ပွဲ ၄ ကြိမ် ခန့် ဖြစ်ပွားခဲ့သည်။ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု သတင်းကို အသေးစိတ် မသိရသေးချေ။

ယင်း နယ်မြေအတွင်းရှိ သတင်းရပ်ကွက်များ၏ အဆိုအရ ရန်လုံကျိတ် နယ်စပ်ဂိတ်ရှိ မြန်မာရဲတပ်ဖွဲ့နှင့် ဦး ဖုန်ကျားရှင် အားထောက်ခံသည့် အဖွဲ့တို့ ယနေ့နံနက်အစောပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာရဲ (၇)ဦး တရုတ်ဘက်သို့ ထွက်ပြေးခဲ့သဖြင့် တရုတ်ဘက်မှ ပြန်ပို့လိုက်သည်ဟု သိရသည်။

“နယ်စပ်မှာ ရှိတဲ့ ရဲတွေကို မနက်က ဖုန်ကျားရှင် တပ်က သွားဝိုင်းတယ်၊ အဲတော့ သူတို့အချင်းချင်း အချင်း ပွားမှုဖြစ်သွားတယ်၊ တရုတ်ပြည်ဘက်ကို ရဲ ၇ ယောက် ထွက်ပြေးတယ်၊ တရုတ်ပြည် ဘက်က အဲဒီ ရဲ ၇ ယောက်ကို တခါ ပြန်ပို့တယ်” ဟု တရုတ်- မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က ပြောသည်။

သြဂုတ်လ ၈ ရက်မှ ၁၂ ရက်နေ့များအတွင်းမှစတင်၍ စစ်ရေးတင်းမာမှုများကြောင့် လောင်ကိုင်မြို့နှင့် အနီးဝန်းကျင် ရွာများမှ ဒေသခံများ တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေခဲ့ရာ တချို့မှာ နေရပ်ရင်းသို့ ပြန်လာခဲ့ကြသော်လည်း ပြီးခဲ့သည့် တနင်္လာနေ့တွင် လူပေါင်း ၁၀၀၀၀ ခန့် တရုတ်ပြည် နန်ဆန်းဒေသတွင်းသို့ ထပ်မံထွက်ပြေးခဲ့ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တဦးကို ကိုးကား၍ AP သတင်း တရပ်တွင် ဖော်ပြထားသည်။

ယင်း တရုတ်ပြည်တွင်းသို့ ထွက်ပြေးရောက်ရှိနေသော စစ်ပြေး ဒုက္ခသည်များအတွက် ဒေသခံ တရုတ် အာဏာပိုင်များက ယာယီ ဒုက္ခသည် စခန်းဖွင့်ပေးထားကြောင်းလည်း သတင်းတွင် ပါရှိသည်။

လတ်တလော ကိုးကန့် အပစ်ရပ်အဖွဲ့အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက်သို့ ရှောင်တိမ်းကြောင်း သိရသည်။

ကိုးကန့် အပစ်ရပ်အဖွဲ့၏ အာဏာသိမ်းခံရသူ ဥက္ကဌဟောင်း ဖုန်ကျားရှင်က အချက်သုံးချက်ပါ ကြေညာချက် တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ပြန်လည်ဖွဲ့စည်းထားသော ကိုးကန့် ဗဟိုကော်မတီအသစ်ကို အသိအမှတ် မပြုနိုင်ကြောင်းနှင့် ဖြစ်ပွားခဲ့ပြီး သော အဖြစ်အပျက်များကို ပြန်လည် ဆွေးနွေးပေးရန် ဦးဖုန်ကျားရှင်က ယခုကြေညာချက်တွင် တောင်းဆို ထားသည်။

ယင်း ကြေညာချက်တွင် (၁) သြဂုတ်လ ၈ ရက်နေ့က နှစ်ဘက် အပြန်အလှန် ဖြစ်ပွားခဲ့သူအားလုံးနှင့် ယင်း ကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးမှသာလျှင် အဖြေထွက်မည် ဖြစ်ကြောင်း၊ မဖြေရှင်းနိုင်လျှင် ကိုးကန့် ပြည်သူများ၏ စိတ်နှလုံးတွင် မဖြစ်ထိုက်မဖြစ်သင့်သည့် အငြိုးအတေးထားမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ (၂) သြဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း ကိုးကန့်နယ်မြေဒေသ သို့ မြန်မာဘက်မှ ဝင်ရောက်ခဲ့သော စစ်အင်အား ကို ပြန်လည် ရုတ်သိမ်းပေးရန်နှင့် (၃) ဦးဖုန်ကျားရှင်ထံမှ အာဏာသိမ်းယူပြီး ဥက္ကဌ ပိုင်စုံချိန်၏ ကိုးကန့် ဗဟိုကော်မတီ အသစ် ပြန်လည် ဖွဲ့စည်းထားသော အထူး ဒေသ(၁)သည် ကိုးကန့်ပြည်သူများကို ကိုယ်စား မပြုကြောင်း၊ အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် နအဖ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာနိုင်ငံ လူမျိုးစုများ မဟာမိတ်တပ်ပေါင်းစု (ကိုးကန့်) MNDAA နှင့် မိုင်းလားအဖွဲ့ စသည့် အဖွဲ့ ၄ ဖွဲ့က မဟာမိတ် အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့များသည် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်ဆဲရေး ယူခဲ့သည့် အဖွဲ့များဖြစ်သည်။

ယင်း မဟာမိတ်ဖွဲ့မှ KIO ဘက်တွင်လည်း စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်ထားပြီး လက်ရှိဖြစ်ပွား နေသော ကိုးကန့်အရေးနှင့် ပတ်သက်၍ မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်း ကို အမည်မဖော်လိုသူ KIA ဗိုလ်မှူးတဦးက ပြောသည်။


ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers