www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးကို မစ္စတာ ဂျင်မ် ဝက်ဘ် သီးခြားတွေ့ဆုံ

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်သည် ယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို သီးခြားစီ တွေ့ဆုံ ကြောင်း သိရသည်။


ယခုတွေ့ဆုံမှုသည် အမေရိကန်လွှတ်တော်အမတ် တဦးနှင့် မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တို့၏ ၁၀ နှစ် တာ ကာလအတွင်း ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။

မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတခု၌ တွေ့ဆုံ သည်ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တဦးကို ကိုးကား၍ အေပီ သတင်းကဖော်ပြထားသည်။

ယနေ့ နံနက်ပိုင်းကလည်း မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် နေပြည်တော်တွင် တွေ့ဆုံ ကြောင်း သိရသည်။

၎င်းတို့ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာများကိုမူ အသေးစိတ် မသိရှိရသော်လည်း လာမည့် ၂၀၁၀ ခုနှစ် တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကိစ္စ အပါအဝင် စီးပွားရေးပိတ်ဆို့ အရေးအယူမှုများနှင့် ပတ်သက်နိုင်သည်ဟု လေ့လာသူများက ပြောဆိုလျက်ရှိသည်။

ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့(CEC) အဖွဲ့ဝင်များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ တို့သည်လည်း မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် တွေ့ဆုံရန်ရှိကြောင်း NLD ပြန်ကြား ရေး တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

“ကျနော်တို့ CEC တွေကို အခုလိုတွေ့တာကတော့ သာမန်နိုင်ငံရေးကိစ္စပါပဲ၊ စီးပွားရေး ပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ ကိစ္စလည်း မေးချင်မေးမှာပေါ့၊ အပြောင်းအလဲကတော့ ချက်ချင်းဖြစ်မှာ မဟုတ်ပါဘူး၊ စောင့်ကြည့်ရဦးမှာပါ”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုသည် NLD ၏ တောင်းဆိုမှု မဟုတ်သည့်အတွက် သက်ဆိုင်ရာ နိုင်ငံ၏ သဘောထားပင်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ရဲ အထူးသတင်းတပ်ဖွဲ့(အက်စ်ဘီ)က NLD ဥက္ကဌ ဦးအောင်ရွှေ၏ နေအိမ်သို့ CEC များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ ၊ ဦးလှဖေ တို့အား နေပြည်တော်သို့ လာရောက်ရန် တဦး ချင်း အမည်တပ်ထားသော ဖိတ်စာများကိုပေးပို့ခေါ်ဆောင်ခဲ့သော်လည်း ဦးလှဖေမှာ ကျန်းမာရေး မကောင်း၍ ၃ ဦးသာလျင် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် တွေ့ဆုံရခြင်းဖြစ်သည်။

NLD ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက မစ္စတာ ဂျင်မ် ဝက်ဘ် ခရီးစဉ်နှင့် ပတ်သက်ပြီး ၎င်းတို့ အနေနှင့် စိတ်ဝင်စားမှု မရှိကြောင်း RFA အသံလွှင့်ဌာန သို့ ပြောဆိုထားသည်။

ယမန်နေ့ကလည်း ယင်း မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb)သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ၊ ယဉ်ကျေးမှု ဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော် တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

ထို့အပြင် တရားသူကြီးချုပ် ဦးအောင်တိုး ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်အဖွဲ့၊ ဗိုလ်ချုပ် ဌေးဦး နှင့် ကြံ့ဖွံ့အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့နှင့် တွေ့ဆုံကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ဝက်ဘ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ၎င်း၏ ၂ ပတ်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်အရ ယမန်နေ့က လာအို နိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိလာခြင်းဖြစ်သည်။

ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် မျှော်လင့်ချက် မထားကြောင်း နိုင်ငံရေးလေ့လာသူများကလည်း ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က“မြန်မာ့ နိုင်ငံရေးအခြေ အနေအရ အမေရိကန်အစိုးရက အပြောင်းအလဲ တခုဖြစ်စေချင်တယ်၊ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရေးတွေကို ပြောင်းလဲစေချင်တဲ့ သဘောထားတွေရှိတယ်၊ အခုဟာက မပြောင်းလဲတဲ့ အပြင် ဒေါ်အောင်ဆန်း စုကြည် ကိုပါ ပြစ်ဒဏ်ချလိုက်ပြီ၊ ဒီအပေါ်မှာ သူလာတဲ့ ခရီးစဉ်အနေနဲ့တော့ သိပ်ပြီးတော့ ပြောင်းလဲလာမယ်လို့ မျှော်လင့်ချက်မထားဘူး”ဟု ပြောခဲ့သည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers