www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

“အောင်“ ဗျူဟာ၊“ အရူးကွက် “

ကျနော်သည် ပေါက်ပေါက်ရှာရှာ တွေးတောကာ ရေးသာသော စာများကို နှစ်သက်သဘော ကျသူဖြစ်ပါသည် ။ ဥပမာ အားဖြင့် ညီလေးမွန် ခေါ် တာရာမင်းဝေ၏ “ကျွန်တော်နှင့် အိပ်မက် ကလေး“အမည်ရှိ ၁၉၉၀ အမှတ် (၁) ၊ ဒီရေစီးသံ မဂ္ဂဇင်းပါ အောက်ပါ စာမျိုးဖြစ်ပါသည်။

………………………….
“အင်း …. ငါတို့လည်း စကြာဝဠာထဲက ကြယ်တွေလိုပါပဲ“

တစ်ညသ၌ တစ်ကိုယ်တည်း အိပ်မရဘဲ နိုးထကာ ရှင်းနက်သော ကောင်းကင်ကြီးကို မော့ကြည့်ပြီး A သည် တီးတိုးရွတ်ဆိုမိလေသည်။ ကျန်သော အက္ခရာများကို စောင်းငဲ့ ကြည့်သောအခါ အားလုံးလိုလို အိပ်မောကျနေသည်ဟု ထင်ရ၏။အိပ်မပျော်သော ညမို့ ဘယ်ညာလူးလိမ့် ကာ ရင်ထဲမှာ အတွေးထူးတစ်ချို့ လင်းလက်လာလေ၏။

“ အင်္ဂလိပ် အက္ခရာတွေထဲမှာတော့ ငါဟာ နံပါတ်(၁)ပဲ။ ဖဲကစားမှုပညာမှာလည်း A ဖဲကို များသောအားဖြင့် (၁)လို့ ယူဆရတယ်။ အဓိပ္ပါယ် အားဖြင့် လည်း A တစ်ခု ၊တစ်ကောင် ၊ တစ်ယောက်လို့ သတ်မှတ်ကြတယ်။ငါဟာ နံပါတ်(၁)ပဲ။ ငါဟာ (၁) ၊အင်း …“

ကျန်သော အက္ခရာများကို ထည့်သွင်းစဉ်းစားမိပြီး အတွေးစတို့နောက် တစ်ဆင့် တက်လာ လေသည်။


“ ငါက တစ်ဆိုတော့ ကျန်တဲ့ ကောင်တွေက ဘာတွေလဲ။ (၂) တွေ (၃)တွေလား။ ဒါမှမဟုတ် ဘာတွေလဲ။ ငါတို့အားလုံးစုပေါင်းလိုက်ရင် ဘာဖြစ်မလဲ၊ ငါတို့တတွေရဲ့ အဆုံးသတ်ဟာ ဘယ်လိုလာမလဲ“

A သည် တွေးရင်းတွေးရင်း သိချင်စိတ်ကို တားဆီးမရသဖြင့် နံဘေးမှ B ကို နှိုးကာ သူ့တွေးခေါ်ချက်ကို ပြောပြလေသည်။ B သည် ခပ်ရှင်းရှင်း ပြန်ပြော၏။

“ အိုး … မင်းက (၁)ဖြစ်တိုင်း ငါ့ကို (၂)မအောက်မေ့ပါနဲ့ကွာ။ ငါလည်း အသေအချာတော့ မပြောနိုင်ဘူး။ ကျန်တဲ့ သူတွေ အခြေအနေ သိချင်ရင်တော့ ငါဆက်မေးပေးပါ့မယ် “

B က သူ့နောက်ပိုင်း တောက်လျှောက်ရှိ C ,D ,E စသူတို့ကို တစ်ဆင့်ပြီး တဆင့် ဆက်လက် မေးမြန်းလေသည်။သို့သော် ကျေနပ် လောက်သော အဖြေကိုကား ပြတ်ပြတ်သားသား မရခဲ့ ချေ။ အက္ခရာများအားလုံးလိုလို ရုတ်ရုတ်သဲသဲဖြင့် နိုးလာကြပြီ ဖြစ်သည်။ သူတို့အားလုံး A ၏ တွေးဆချက်ကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း ဖြည့်စွက်စဉ်းစားခဲ့ကြ၏။ V နှင့် W က ထိုကိစ္စကို အပြန်အလှန် ဆွေးနွေးရင်း အိပ်ပျော်နေသော X ကို နှိုးလေသည်။

“ ဟေး … ဘာဖြစ်လို့လဲ ။ ငါက ခေတ်သစ်သိပ္ပံအိပ်မက်ကြီး မက်နေတာကွ“

X ကမေးသဖြင့် W က ရှင်းပြသောအခါ X ကလည်း နဝေတိမ်တောင်ဖြစ်ရှာသည်။


“မသိဘူး ကွာ။ ငါကတော့ အိပ်မက်ထဲမှာ သိပ္ပံပညာတိုးမြှင့်နေတာပဲ “


ဟု ပြန်ပြောရင်း Y ကို လှမ်းကြည့်လိုက်၏။ Y က ယခုထက်တိုင် အိပ်မရသေးချေ။အရက်မူးပြီး ခပ်ထွေထွေ ဖြစ်နေ ၏။ Y က


“ ငါ … ဟိုကောင့်ကို မေးပေးမယ် “ ဟုဆိုကာ သူ့နောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော Z ကို နှိုးလေသည်။ Z နိုးသောအခါ Y က လျှာလေးအာလေးဖြင့် ပြော၏။

“ ဟေ့ကောင်ကြီး A က သိချင်တယ်တဲ့ ။ သူက (၁) ဖြစ်တာ သေချာတဲ့ အတွက် ကျန်တဲ့ ငါတို့ က ဘာတွေလဲတဲ့ ။ ဒါမှမဟုတ် သူက (၁)ကနေပြီး စလိုက်တာ နောက်ဆုံးမှာ ငါတို့ ဘယ်လောက်ဖြစ်သွားသလဲ … တဲ့ “

Z က အိပ်ချင်မူးတူးဖြင့် သူ့ခေါင်းအုံးအောက်မှ အဖြေစာရွက်ကို ထုတ်ပြလေသည်။ စာရွက် ထိပ်တွင် Z ဟု အမည်တပ်ထားပြီး စာရွက်ထဲတွင် ZERO ဟုရေးထားလေသည်။

Y က ရီဝေဝေဖြင့် ကြည့်ရင်း …

“အို …. ဘာမှ မရပါလား“

“ ရပါတယ် ။ သုညရပါတယ်။ အများကြီးပါ ။ တကယ်ပါ“

ပြောပြီးသည်နှင့် Z သည် တရှူးရှူး ပြန်အိပ်ပျော်သွားလေတော့သည်။
…………………………………
ဂေါဏေန၊ ဂေါဏော သမဏေန သမဏေဏောဟု ဆိုအပ်သဖြင့် ပေါက်ပေါက်ရှာရှာသမား ကျွန်တော် သည် အခြားသော ပေါက်ပေါက်ရှာရှာ ပုဂ္ဂိုလ်တဦးနှင့် ပုလင်းတူ ဗူးဆို့ဖြစ်သည် မှာ အလွန်သဘာဝကျမည် ထင်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်မှာ ဗြိတိန်ရောက် မြန်မာ ဆရာဝန်ကြီး တဦး ဖြစ်ပါသည် ။လွန်ခဲ့သောညက ကျွန်တော်တို့ အွန်လိုင်း ပေါ်တွင် ဆုံဖြစ်ကြ၏ ။ သူက ကျွန်တော့်ကို “အကို “ ဟု ခေါ်လေ့ရှိပြီး သူနှင့် ကျွန်တော် ချပ်တ်ကြသော ပေါက်ပေါက် ရှာရှာ အကြောင်း အပြည်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါ သည် ။
…………………………
”အကို “

“ ဗျို “

” ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေ က တခြားအလုပ်မရှိတော့ဘူးလား“

“ ဟ။ ဘောက်မဲ့ ကြောင့် မေးသတုန်း “

“ သိဘူးလေ။ အလုပ်မရှိ အလုပ်ရှာနေလို့ ။ ဒါမှ မဟုတ် စီးပွားရှာနေကြတာလား“

“ ဟိတ်၊ တော်တိန်တိတ် ။ စားနိုင်သောက်နိုင်တွေဗျ။ အခွင့်အရေးသမားတွေမဟုတ်ဘူး။ လူထုခေါင်းဆောင် လွတ်ရာလွတ်ကြောင်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတာ“

“ ဒါဆို တခုခုတော့ လွဲနေပြီ အကို“

“ ဘာလွဲရမှာတုန်း“

“ သူတို့တင် လွဲတာမဟုတ်ဘူးဗျာ။ ကုလသမဂ္ဂက လူအခွင့်အရေး ရှေ့နေတွေလည်း လွဲနေတာပဲ “

“ ဟာ ။ လာပြန်ပြီ။ လွဲတာက မဆုံးသေးဘူးလား“

“ အကို စဉ်းစားကြည့်လေ။ ကိုယ်တော်ချောတွေ ဒေါ်စုကို ထောင်သက်တမ်းတိုးချင်လို့ ဖြစ်သလို လုပ်ချလိုက်တာ ကိုယ့်ဂိုးကိုယ်သွင်းမိ သလိုဖြစ်နေပြီလေ“

“ အေးလေ။ ဒါကို ပေါ်လွင်အောင် ဥပဒေနဲ့ အညီ တရားရုံးအဆင့်ဆင့်မှာ လျှောက်လဲ နေတယ်လေ။ သက်သေတွေ ထပ်တိုးဘို့ ဥပဒေနဲ့ အညီ စီရင်ဘို့ ဆော်သြလုပ်ကိုင် နေကြတာ နားကန်းနေလား“

“ ဟီး ဟီး… ကျွန်တော်မကန်းဘူး။ကန်းနေတာက အကိုတို့ “

” ဟိတ် ။ ရှင်းနေတာကို လာမရှုပ်နဲ့နော်“

“ ဟိ .. ရှုပ်နေတာလည်း အကိုတို့ပဲ “

“ စွဲချက်တွေများလှချည့်လား၊ ဧကန္တ စစ်အုပ်စုနောက်လိုက်ထင်တယ်“

“ ဟဲ ဟဲ စစ်အုပ်စု နောက်လိုက်က ကျွန်တော်မဟုတ်ဘူးလေ။ အကို့ ဘော်ဒါ အတိုက်အခံ တွေသာ စစ်အုပ်စု လုပ်သမျှ ကိုနောက်က လိုက်လုပ်နေတာ“

“ ဘာတုန်းဗျာ၊ ရှင်းအောင် ပြောစမ်းပါ ။ ကျွဲမြီးတိုလာပြီ“

“ ရှင်းရှင်းလေးပါ အကိုရာ။ ဝါးရင်းတုတ် စစ်ဆင်ရေး မအောင်မြင်တော့ နိုင်ငံတော် လုံခြုံရေး ခေါင်းစဉ်နဲ့ ဖမ်းချုပ်တယ်။ နှစ်စေ့တော့ ဘဲခြေ ထောက်စစ်ဆင်ရေးလာတယ်။ဒီမှာတင် ခြေလှမ်းမှားပြီး ဟတ်ထိုးလဲတော့မလို ဖြစ်လာတယ် ။ ဒီတော့ ဟန်ချက်ပြန်ထိန်းပြီး အမှုကို ကြန့်ကြာ အောင် အချိန်ဆွဲလာတယ်။ အခု ရှေ့နေတွေ လုပ်ပုံက မောင်မင်းကြီးသားတွေ အကြိုက် နောက်က လိုက်လုပ်ပေးသလို ဖြစ်မနေဘူးလားဗျာ ၊အကို ဓမ္မပဒ မဖတ်ဘူး ဘူး ထင်တယ်“

“ ဘာတွေ ရေးထားသတုန်း “

“အော် …. နွားဦးချိုကို နို့ညှစ်သော ယောက်ျားရဲ့လုံ့လ၊ ဝါဂွမ်းကို မီးခတ်သော ယောက်ျားရဲ့ လုံ့လ အချည်းအနှီးသာတည်းတဲ့ဗျ။ ဒေါ်အောင်စုကြည်ရဲ့ ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို သက်သေပြစရာကို မလိုတာ လူစိတ်ရှိသူတိုင်း သိပြီးသားကြီးလေ။ စစ်တပ်က စစ်တပ်လို ပဲတွေးတယ် ။ နိုင်ဘို့သာ အဓိက ။ အခုလည်းကြည့်။ မောင်မောင်မြင့်ဆိုတဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးက သံတမန် ခံစစ်တို့ သံတမန်ထိုး စစ်တို့ လုပ်လာပြီ။ ဘေးဘီအခြေအနေလေး လည်း နည်းနည်း နားစွင့်ကြအုံးလေ“

“ ဒါဖြင့် ဘာလုပ်ရမတုန်း“

“ အရူးကွက်ကို နင်းရမယ်လေ“

“ ကဲ ပြောစမ်းပါအုံးဗျ။ ခင်ဗျာ့ အရူးကွက် “

“ ကြိုက်တဲ့ အမိန့်သာချလိုက်ဆိုပြီး စိန်ခေါ်လိုက်ရမှာလေ“

“ ဗျာ “

“ မဗျာနဲ့ ၊ အခု တရားရုံးအဆင့်ဆင့်မှာ လျှောက်တင်နေတာက ရှေ့နေတိုင်း လုပ်တတ်တယ်၊ အထူးသဖြင့် ဖိုးတွမ်တီးတို့ ၊ လေးရာ့ခြောက် တို့လို လိမ်လည်မှုတွေ တရားမမှုတွေမှာ အမှု မကြာကြာအောင် လိုက်လုပ်တဲ့ နည်းတွေဗျ။ ဘာမှ သိပ်ဆန်းလှတာ မဟုတ်ဘူး။ ရုတ်တရက် ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရက်စက်ရာကျတယ် ထင်ရပေမဲ့ ဘယ်တရားရုံး၊ ဘယ်တရားသူကြီးက မှ ဒေါ်စုကို မလွတ်ပေးနိုင်တာ လူတိုင်းသိသိကြီးပါ။ တရားရုံးလုပ်ထုံး လုပ်နည်းကို ဒေါ်စုက နားမလည်လို့ဖြစ်ချင်ဖြစ်မယ်။ ဒါဆိုလဲ ရှေ့နေတွေက သေချာရှင်း ပြရ မှာလေ“


“ အင်း “

“ မအင်းနဲ့ ။ တကမ္ဘာလုံး သူ့အလုပ်နဲ့သူရှုပ်နေတာ။ ကြာလာရင် ကမ္ဘာကြီးရဲ့ မျက်လုံး တွေက အခြားတဖက် ရောက်သွားတတ်တယ်“

“ ဟ။ ကိုရင့် အကြံက ဒေါ်စုကို ထောင်ထဲ ဇွတ်ထည့်သလိုဖြစ်မနေဘူးလား“

“ စဉ်းစားဘို့ပြောတာလေ။ ကျွန်တော့်အမိန့်နဲ့လွှတ်လို့သာရရင် ချက်ချင်းလွှတ်လိုက်တာ ကြာပေါ့ ။သေနတ်နဲ့ ရင်ဝကို တည့်တည့်ချိန်ထား တာ တောင် ဇွတ်တိုးရဲတဲ့ အမျိုးသမီးပါ အကိုရာ။ အကိုတို့ လိပ်ခေါင်းထွက်အောင် အော်လည်း သူတို့လုပ်ချင်ရာလုပ်နေတာပါ။ထိုးစစ်ကို တန်ပြန် ထိုးစစ်နဲ့ ရိုက်ချိုးပစ်ရမှာဗျ။ရင်းပစ်ရတော့ ရှိမှာပေါ့။ နောက်တခုက လူထုရဲ့ သဘောက အချိန် ကြာလာရင်သွေး အေးသွား တတ် တယ်။ သွေးအေးရင် ဒေါ်စု အင်းစိန် စစ်တီဇင်ဖြစ် တာပဲ အဖတ်တင်မယ် လေ။ ဒါနဲ့ ဒီစကားက အကိုမို့လို့ ကျွန်တော်ပြောတာ။ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်“

“ အင်း … အဲ ….. “
………………………………………
ကျနော်သည် ရံဖန်ရံခါ၌ ပေါက်ပေါက်ရှာရှာ ကိစ္စများအား လူတကာ၏သို့ လျှောက်ပြော ရခြင်း ကို နှစ်သက် သဘောကျတတ်သူ လည်းဖြစ် ပါသည် ။ ထို့ကြောင့် ဤစာကို ရေးဖြစ်ခြင်း ဖြစ်ပါသည် ။ ဤစာကိုဖတ်မိသူများသို့မှာကြားလိုသော အချက်တခု ရှိပါသေး၏။ ယင်းမှာအခြား သူများသို့ ပြန်မပြော ရန်ဖြစ်ပါသည်။အကယ်၍ မိမိသဘောနှင့်မိမိလျှောက် ပြောမိ သဖြင့် အဆဲ ခံရသော် အမှုတွဲစာရင်းတွင် ပါဝင် ရန် ကျနော်အဆင်သင့်မဖြစ်သေးကြောင်း ယခု ကတည်းက ပြောထားလိုပါသည်။ ။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers