www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

လူထုအဖွဲ့များက မြန်မာ့ လူ့အခွင့်အရေးကို အာဆီယံသို့ တင်ပြမည်

လူထုအဖွဲ့များက မြန်မာ့ လူ့အခွင့်အရေးကို အာဆီယံသို့ တင်ပြမည်
ဥဆာ ဖိချိုင်း
စနေနေ့၊ ဂျူလိုင်လ 18 ရက် 2009 ခုနှစ် 15 နာရီ 33 မိနစ်

ဖူးခက်၊ ထိုင်းနိုင်ငံ (မဇ္ဈိမ)။ ။ အာဆီယံအရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများသည် လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အာဆီယံ လူ့အခွင့်အရေး ပြဿနာတွင် မြန်မာ့အရေးကို အဓိကထား၍ တင်ပြကာ အင်အားကြီးမားသော လူ့အခွင့်အရေး အဖွဲ့အစည်းကြီး၏ အစည်းအဝေး အစီအစဉ်တွင် ပါဝင်နေစေရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

အာဆီယံပဋိညဉ် စာတန်းကြီးကို ဆက်လက်၍ မလိုက်နာဘဲ နေသည့် မြန်မာနိုင်ငံအား ပြင်းထန်စွာ အရေးယူပေးရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကို အဖွဲ့ ၆၉ ဖွဲ့ပါ အာရှပစိဖိတ် အဖွဲ့ကြီးက တောင်းဆိုလိုက်သည်။ ထိုသို့ တောင်းဆိုမှုကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းဒေသတွင် ပြုလုပ်မည့် ၄၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အိတ်ဖွင့်ပေးစာအဖြစ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အာဆီယံအနေဖြင့် ယင်းတို့၏ ပဋိညဉ် စာတမ်းကြီးကို မြန်မာနိုင်ငံက ပြောင်ချိုးဖောက်နေတာကို ကိုင်တွယ်ရပါမယ်။ စစ်အစိုးရ ရှိနေသမျှ အရပ်သားတွေကို စနစ်တကျ တိုက်ခိုက်နေတာတွေ၊ အတိုက်အခံ ခေါင်းဆောင်တွေကို ထောင်ချတာတွေ ဆက်လုပ်နေမှာပဲ။ ဒီမိုကရေစီ ဖော်ဆောင်နေပါတယ်လို့ စစ်အစိုးရက ထပ်တလဲလဲ ပြောနေတာတွေကို ကျနော်တို့က ဘယ်လိုလုပ် ယုံရမှာလဲ” ဟု အာဆီယံနှင့် မြန်မာ့အရေး အလုပ်အဖွဲ့ (TFAB) ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။ အဆိုပါ အလုပ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့ ထွန်းကားရေးအတွက် လူထုဗဟိုပြု အာဆီယံအဖွဲ့ကို မြှင့်တင်နိုင်ရန် ဆောင်ရွက်နေသည့် ကွန်ရက် အဖွဲ့အစည်းတခု ဖြစ်သည်။

“အခုလို အရေးကြီးတဲ့ ကာလမျိုးမှာ လူ့အခွင့်အရေး ကိစ္စတွေ အင်အားချည့်နဲ့သွားအောင် အာဆီယံ အနေနဲ့ မလုပ်နိုင်ပါဘူး။ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ပိုမိုတင်းကျပ်တဲ့ အရေးယူမှုတွေ လုပ်သင့်ပါတယ်၊ မြန်မာနိုင်ငံက မတည်တဲ့ ကတိတွေပေးနေတာကို ခွင့်မပြုသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ယုံကြည်မှု လျော့ပါးလာမယ့် အန္တရာယ် ရှိပါတယ်” ဟု မြန်မာနှင့် ဒေသတွင်း အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများ ကွန်ယက် မြန်မာနိုင်ငံ အဖွဲ့ဝင်၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ခင်ဥမ္မာက ပြောသည်။

အဆိုပါ အိတ်ဖွင့် ပေးစာတွင် ပဋိညဉ် စာတမ်းကြီးတွင် တိကျသော ပြဌာန်းချက်တရပ် ထည့်သွင်းထားရန်လည်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို တောင်းဆိုထားပြီး “ပဋိညဉ်စာတန်းကြီးကို ချိုးဖောက်ခြင်းသော်၎င်း၊ မလိုက်နာခြင်းသော်၎င်း ပြုလုပ်ခဲ့ပါက၊ ဤကိစ္စကို အဆုံးအဖြတ် ခံယူရန် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တင်ပြရမည်” ဟု ရေးသားထားသည်။

ဤအဖွဲ့က စာ၏ အဆုံးသတ်တွင် “ကျွန်ုပ်တို့သည် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပပျောက်စေရန် ကြိုးပမ်းနေခြင်းကြောင့်၎င်း၊ မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အကောင်အထည် ဖေါ်စေရန် ကြိုးပမ်းနေခြင်းကြောင့်၎င်း၊ အာဆီယံအဖွဲ့ကြီး အနေနှင့် မြန်မာ ပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ပြီး၊ အာရှတခွင် မိတ်ဆွေများနှင့် သွေးစည်း ညီညွတ်ရမည် ဖြစ်ကြောင်း” ရေးသားထားသည်။

သောကြာနေ့က ကျင်းပခဲ့သော အဆိုပါ အဖွဲ့၏ ကွန်ဖရင့်တွင် အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက ဒေသတွင်း ပိုမို ကောင်းမွန်သော လူ့အခွင့်အရေး အခြေအနေများ ပေါ်ထွန်းလာစေရေး အာမခံချက် ရှိစေရေးအတွက် ခိုင်မာ တောင့်တင်းသော လူ့အခွင့်အရေး အဖွဲ့ကြီးကို ဖွဲ့စည်းပြီး အဖွဲ့ဝင် နိုင်ငံများကလည်း လိုက်နာအရေးယူ ဆောင်ရွက်ပါမည်ဟူသော သံန္နိဌာန် ရှိကြစေရန် အာဆီယံ အဖွဲ့ကြီးကို တိုက်တွန်း တောင်းဆိုထားသည်။

နိုင်ငံတကာ အမျိုးသမီး အခွင့်အရေး အရေးယူ ဆောင်ရွက်မှု စောင့်ကြည့် လေ့လာရေးအဖွဲ့ (International Women’s Rights Action Watch) ၏ အစီအစဉ် အရာရှိဖြစ်သူ Wathshlah Naidu က ထိုအဖွဲ့၏ အာရှပစိဖိတ် (IWRAW-AP) ကွန်ဖရင့်တွင် “ကျနော်တို့ ခိုင်မာတဲ့ အကာအကွယ်ပေးမှု လုပ်ပိုင်ခွင့်ကို လိုချင်ပါတယ်၊ ဒီလုပ်ပိုင်ခွင့်မှာ အခင်းဖြစ်ပွားရာ နေရာတွေကို သွားရောက် စစ်ဆေးကြည့်ရှုခွင့်၊ စုံစမ်း စစ်ဆေးခွင့်၊ ထောက်ခံ တင်ပြချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့နိုင်ခွင့်နဲ့ တိုင်ကြားချက်တွေကို လက်ခံ ကိုင်တွယ်နိုင်မယ့် ယန္တရားတရပ် ထူထောင်ခွင့်ရှိရေး စတာတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ကြီးဟာ လွတ်လပ်၊ ထိရောက်ပြီး ယုံကြည် ကိုးစားခံရမယ့် အဖွဲ့ဖြစ်သင့်ပါတယ်” ဟု ပြောကြားသွားသည်။

အာဆီယံ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အဖွဲ့မှ Sinapan Samydorai ကလည်း နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်ကြသည့် အခြေအနေမှာ လတ်တလော အရေးပါသော ပြဿနာ ဖြစ်နေသည့်အတွက် အာဆီယံ အဖွဲ့အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများရေးရာ ဆပ်ကော်မတီ တရပ်ကို ခန့်အပ်သင့်ကြောင်းဖြင့်လည်း ပြောဆိုခဲ့သည်။

၄၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း အားလပ်ရက် အပန်းဖြေလာသူများဖြင့် စည်ကားသည့် ဖူးခက်တွင် ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers