www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ပင်လယ်ကွေ့ဒေသနှင့် မြန်မာ့အရေး ကမ္ဘာ့အရေး

ပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးဟာ ရှုပ်ထွေးကျယ်ပြန့်ပြီး အစဉ်အမြဲလိုလို ပြောင်းလဲမှုတွေ ဖြစ်ပွားနေတတ်ပါတယ်။ ဒီလို ရှုပ်ထွေးမှုတွေဟာ ဒေသရဲ့ သမိုင်းကြောင်းတွေ၊ ဘာသာရေးအကြောင်းတရားတွေ၊ လူမျိုးရေး ပဋ္ဋိပက္ခတွေ၊ ဒေသတွင်းနိုင်ငံများရဲ့ နိုင်ငံရေး သဘောသဘာဝတွေ၊ ဒေသရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေ၊ ပြည်ပအင်အားကြီးနိုင်ငံများရဲ့ စွက်ဖက်ပါဝင်မှုတွေနဲ့ ပြည့်နှက်ပတ်သက်နေပါတယ်။ ၁၉၇၉ ခု အီရန် တော်လှန်ရေးက အစပြုလို့ ဒီဒေသအတွင်းမှာနည်းမျိုးစုံနဲ့ ပြောင်းလဲမှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။

အရေးကြီးတဲ့ ဒေသတွင်း ပြောင်းလဲမှုတရပ်ကတော့ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲပါပဲ။ အီရတ်နိုင်ငံရဲ့ အာဏာရှင်ကို အမေရိကန်တပ်များ ဦးဆောင်တဲ့ နိုင်ငံတကာက ၀င်ရောက်တိုက်ခိုက်ဖြုတ်ချပြီး၊ ဒီမိုကရေစီစနစ် ကနဦးအစပျိုးပေးခဲ့တဲ့ ဒီစစ်ပွဲဟာ ကမ္ဘာတ၀ှမ်းက ပြည်သူအများကို မျှော်လင့်ချက်တွေ ချန်ထားရစ်ခဲ့ပါတယ်။ အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရတဲ့ တခြားနိုင်ငံတွေက ပြည်သူတွေကလဲ တနေ့နေ့တော့ သူတို့နိုင်ငံကို အမေရိကန်တပ်တွေ ၀င်လာပေးတော့မှာပဲ ဆိုပြီး ကယ်တင်ရှင်မျှော်လာခဲ့ကြပါတယ်။

ဒါပေမယ့်လဲ ကမ္ဘာပေါ်မှာ အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရတဲ့ နိုင်ငံတွေ အများအပြားရှိနေဆဲပါပဲ။ နယူးကလီးယားလက်နက်နဲ့ weapons of mass destruction (WMDs) တွေ ထုတ်လုပ်နေတယ်လို့ သက်သေအထောက်အထားတွေ ရှိနေတဲ့ နိုင်ငံတွေကလဲ အများကြီးပါပဲ။ ဒီနိုင်ငံတွေရဲ့ ကံကြမ္မာတွေကကော ဘာကြောင့် အီရတ်လို မဖြစ်ခဲ့သလဲ။ မဖြစ်လာသေးသလဲ။ ဒီမေးခွန်းတွေကို ဖြေဆိုနိုင်ဖို့အတွက် ပင်လယ်ကွေ့ဒေသနဲ့ ကမ္ဘာ့ရေးရာ ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ဖို့ လိုအပ်လာပါတယ်။

ပင်လယ်ကွေ့ဒေသ

နိုင်ငံရေးပညာရှင် Kemp နဲ့ Harvey တို့က Gulf-Caspian Energy Ellipse ဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးဆုံး ဒေသတခုလို့ ညွှန်းဆိုခဲ့ကြပါတယ်။ ဒီ energy ellipse အတွင်းမှာမှ ပင်လယ်ကွေ့နိုင်ငံများက ပိုပြီး အရေးကြီးနေပါတယ်။ တကမ္ဘာလုံးရဲ့ ရေနံထုတ်လုပ်မှု ၂၄ ရာခိုင်နှုန်းကျော်ဟာ ပင်လယ်ကွေ့ဒေသကဖြစ်နေသလို ကမ္ဘာ့ oil reserves ရဲ့ ၆၅ ရာခိုင်နှုန်းကျော်ဟာလဲ ဒီဒေသမှာ ဖြစ်နေပါတယ်။ သဘာဝဓာတ်ငွေ့မှာ ဆိုရင်လဲ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ငါးရာခိုင်နှုန်းနဲ့ ကမ္ဘာ့ oil reserves အားလုံးရဲ့ ၃၁ ရာခိုင်နှုန်းကျော်ဟာ ပင်လယ်ကွေ့ဒေသက ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံဈေးကွက်မှာ ပင်လယ်ကွေ့ဒေသက ရေနံတွေ ပုံမှန်စီးဆင်းဝင်ရောက်ဖို့ လိုသလို၊ သင့်လျော်တဲ့ ဈေးနှုန်း ဖြစ်ဖို့ကလဲ အရေးကြီးပါတယ်။ ဒီလိုဖြစ်ဖို့အတွက်က ပင်လယ်ကွေ့နိုင်ငံများကို ပြင်ပကမ္ဘာက စောင့်ကြပ်ကြည့်ရှုမှု လိုအပ်တယ်လို့ နိုင်ငံပေါင်းစုံက မဟာဗျူဟာ ပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။ ဒီလိုသုံးသပ်မှုတွေအပေါ်မှာလဲ သက်ဆိုင်ရာ အစိုးရများက လိုက်နာ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီအထဲမှာ အထင်ရှားဆုံးနဲ့ အရေးပါဆုံးနိုင်ငံကတော့ အမေရိကန် ပြည်ထောင်စုပါပဲ။ စစ်အေးလွန်ကာလများတလျှောက်မှာ ပင်လယ်ကွေ့ဒေသဟာ အမေရိကန်တပ်တွေရဲ့ စစ်အင်အား အကြီးမားဆုံး တပ်ချခံရတဲ့ ဒေသပဲ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေရဲ့ central command ကို institutionalization လုပ်ခဲ့တဲ့ ဒေသတခုဖြစ်သလို၊ ပါရှန်းပင်လယ်ကွေ့တလျှောက်မှာ လှည့်လည်ပြီး ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ အမေရိကန်ရေတပ်ရဲ့ 5th fleet လဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်ကာလများတွေမှာ ဒီဒေသနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒကတော့ ဒီဒေသတွင်းက နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ အီရတ်ကို balance of power ညှိထားဖို့ ဖြစ်ပါတယ်။ ဒီလိုတဘက်က ညှိထားရင်း dual containment policy ကို အကောင်အထည်ဖော်ထားခဲ့ပါတယ်။ တပြိုင်နက်တည်းမှာလဲ ဒီအင်အားကြီးနိုင်ငံနှစ်ခုရဲ့ ပါဝါကို ထိန်းညှိနိုင်ဖို့အတွက် ဒေသတွင်းတခြားနိုင်ငံများက အမေရိကန် ရေတပ်ကို အားကိုးထားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒေသတွင်းမှာ နိုင်ငံကြီးတနိုင်ငံတည်းကပဲ အင်အားကြီးလာတာမဖြစ်နိုင်တော့ပါဘူး။ ဒီအခါမှာ ဒေသတွင်းလုံခြုံရေးဟာ တည်ငြိမ်မှုရှိလာပါတယ်။ ဒီလို ဒေသတွင်းတည်ငြိမ်မှ ကမ္ဘာ့ရေနံဈေးကွက်ကို စီးဆင်းနေတဲ့ ရေနံတွေဟာ သင့်လျော်တဲ့ ဈေးနှုန်းတွေနဲ့ ဆက်လက်စီးဆင်းနေမှာဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ တပ်များက အီရတ်စစ်ပွဲကို ဆင်နွှဲတာနဲ့ပတ်သက်ပြီး၊ အီရတ်ရဲ့ ရေနံတွေကို ခိုးယူဖို့၊ အမေရိကန်အကျိုးစီးပွားအတွက် စသဖြင့် ပြောဆိုဝေဖန်ကြတာတွေ ရှိပါတယ်။ မှန်တယ်၊ မှားတယ်ဆိုတာတွေ မသုံးသပ်လိုပါဘူး။ မဟာဗျူဟာရှုထောင့်က ကြည့်ရင်တော့ အီရတ်နိုင်ငံဟာ ကမ္ဘာ့ရေနံဈေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရှိရပါတယ်။ ပထမအကြိမ်ပင်လယ်ကွေ့စစ်ပွဲသာ မဖြစ်ခဲ့ဘူးဆိုရင်၊ ဒီအချိန်တုန်းက နိုင်ငံတကာကသာ ၀င်ရောက်တိုက်ခိုက်မှု မပြုခဲ့ဘူးဆိုရင် ပင်လယ်ကွေ့ဒေသ oil reserves တွေကို ထိန်းချုပ်နိုင်ခွင့် ပါဝါဟာ ဆာဒန်ဟူစိန် လက်ထဲကို ကျရောက်ခဲ့ပြီးသား ဖြစ်ခဲ့ပါလိမ့်မယ်။ ဒီလိုနဲ့ ပင်လယ်ကွေ့စစ်ပွဲပြီးသွားတဲ့ကာလနောက်ပိုင်း ရောက်လာတဲ့အခါမှာလဲ အီရတ်ဟာ ကမ္ဘာ့ရေနံ ဈေးကွက်အတွက် ခြိမ်းချောက်နေဆဲပဲ ဖြစ်နေခဲ့ပါတယ်။ အီရတ်လက်ထဲကို weapons of mass destruction ရောက်သွားခဲ့ရင် အီရတ်ဟာ ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသကို လွှမ်းမိုးချုပ်ကိုင်လာနိုင်မယ်။ ရေနံဈေးကွက်ကို ကစားနိုင်လာပါမယ်။ ဒီအခါမှာ ဒီဒေသရဲ့ ရေနံကို မှီခိုနေရတဲ့ အာရှပစိဖိတ်ဒေသနဲ့ ဥရောပတိုက်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်လာနိုင်ပါတယ်။ အာရှ-ပစိဖိတ်ဒေသထဲကို တင်သွင်းနေတဲ့ ရေနံပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အရှေ့အလယ်ပိုင်းဒေသက ဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသက ထုတ်လုပ်တဲ့ ရေနံပမာဏ စုစုပေါင်းရဲ့ ၂၅ % ကို ဥရောပက သုံးစွဲနေပါတယ်။

တကယ်တော့ ကမ္ဘာ့ရေနံဈေးကွက်က ရေနံဈေးနှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေနံဈေးတွေ ကမ္ဘာ့ဈေးကွက်မှာ မြင့်တက်လာတဲ့အခါ ဖွံ့ဖြိုးဆဲ နိုင်ငံအစိုးရများက subsidies လုပ်ပေးရပါတယ်။ အဲဒီအခါမှာ တခြားပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုနိုင်တဲ့ ပမာဏ လျော့ကျသွားပါတယ်။ နိုင်ငံတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်မယ်။ ဒါကြောင့်လဲ ပင်လယ်ကွေ့ဒေသဟာ အမေရိကန်တင်မက ကမ္ဘာတ၀ှမ်းလုံးအတွက် အရေးကြီးတဲ့ ဒေသတခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ၂၀၀၃ အီရတ်စစ်ပွဲ မှန်တယ်၊ မှားတယ် ကျွန်မသုံးသပ်ပြောဆိုနေတာ မဟုတ်ပါဘူး။

9/ 11 အပြီးမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို pre-emption policy က လွှမ်းမိုးလာခဲ့ပါတယ်။ dual containment မူဝါဒကို ထောက်ခံမှုတွေက အားနည်းလာခဲ့တယ်။ စီးပွားရေးပိတ်ဆို့မှု မူဝါဒတွေက မထိရောက်ခဲ့ဘူး။ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးမှာ terrorism ရဲ့ ခြိမ်းချောက်မှုတွေက အားကြီးလာတယ်။ ဒီလိုအခြေအနေမှာ မဟာဗျူဟာ ရှုထောင့်ကကြည့်ရင် preemption နဲ့ nation- building ပေါ်လစီတွေကသာ အမေရိကန်အတွက် ရွေးချယ်သင့်တဲ့ ပေါ်လစီတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Statism, survival, self-help ဆိုတာတွေအပေါ်မှာ အခြေခံတဲ့ realism ၀ါဒရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဝေဖန်စရာတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်မအနေနဲ့ မှန်တယ်၊ မှားတယ် သုံးသပ်မပြောဆိုလိုပါဘူး။ အဓိက ကျွန်မပြောဆိုလိုတာကတော့ အီရတ်ပြည်သူတွေ အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အချက်တခုတည်းဟာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အီရတ်နိုင်ငံထဲဝင်ပြီး အာဏာရှင်ဖြုတ်ချပေးစေခဲ့တဲ့ တွန်းအား မဟုတ်ခဲ့ဘူး ဆိုတာပဲဖြစ်ပါတယ်။ ဒေသရဲ့ မဟာဗျူဟာ အချက်အချာကျမှုနဲ့ စစ်ရေး၊ စီးပွားရေး အခြေအနေများစွာဟာ အီရတ်စစ်ပွဲရဲ့ တွန်းအားတွေ ဖြစ်ခဲ့တယ်ဆိုတာ အသေအချာပါပဲ။ ဒါတွေကို အမှန်အတိုင်းသိမြင်သုံးသပ်နိုင်မှလဲ အာဏာရှင်နိုင်ငံတွေက ပြည်သူလူထုရဲ့ အမေရိကန် ကယ်တင်ရှင်မျှော်တဲ့ မျှော်လင့်ချက်မှားတွေ မထွက်လာမှာ ဖြစ်ပါတယ်။

အခုဆက်လက်ပြီး ၂၀၀၃ အီရတ်စစ်ပွဲအပြီးကာလ အရှေ့အလယ်ပိုင်းဒေသ အခြေအနေတွေကို အီရတ်၊ အီရန်နဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနိုင်ငံများ ဆိုပြီး သုံးပိုင်းခွဲ တင်ပြပါမယ်။

အီရတ်နိုင်ငံ

(၁၉၉၈) ခုတုန်းက အမေရိကန် သမ္မတ ကလင်တန်က ၂၁ ရာစုကမ္ဘာဟာ အီရတ်ရဲ့ ခြိမ်းချောက်မှုကို ရင်ဆိုင်ရမယ်လို့ ဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၃ အီရတ်စစ်ပွဲကတော့ ဒီခြိမ်းချောက်နိုင်မှု အန္တရာယ်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ အီရတ်နိုင်ငံရဲ့ အခန်းကဏ္ဍကတော့ အခုအချိန်ထိ မသေချာ မရေရာသေးပါဘူး။ သူ့ရဲ့ အခန်းကဏ္ဍက မသေချာသေးပေမယ့် အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံရေးအပြောင်းအလဲအပေါ် ရိုက်ခတ်မှုရှိမယ်ဆိုတာကို ပညာရှင်များက သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ် မတိုင်ခင်ကာလအထိတုန်းကတော့ အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်မှု ရှိမှာ မဟုတ်ဘူးလို့လဲ ပြောဆိုဝေဖန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇၊ ဖေဖော်ဝါရီလမှာ အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေရဲ့ command ကို General Petraeus က တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ ပုန်ကန်မှုချေမှုန်းရေး အပေါ် ရှုထောင့်သစ်နဲ့ ချဉ်းကပ်မှုဟာ တစတစနဲ့ အောင်မြင်လာခဲ့ပါတယ်။ တချိန်က ပြည်တွင်းစစ်တွေနဲ့ပဲ အီရတ်ဟာ နိဂုံးချုပ်သွားမှာပဲလို့ ယူဆခဲ့သူအများစုဟာ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်တချို့ကို တွေ့မြင်လာပြီး၊ အကောင်းမြင်လာကြပါတယ်။ ဒီတော့ အီရတ်နိုင်ငံရဲ့ အခုလို အကောင်းဘက်ကို ဦးတည်လာတဲ့ ပြောင်းလဲမှုတွေဟာ တခြား အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများကို ဘယ်လို ရိုက်ခတ်မှုရှိလာသလဲ။ အီရတ်နဲ့ ဒေသတွင်း နိုင်ငံများရဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေဟာ ဘယ်လိုလဲ။ လေ့လာကြည့်ရအောင်ပါ။

အီရန် နိုင်ငံအတွက်ကတော့ ၂၀၀၃ ခုနှစ်၊ အီရတ်စစ်ပွဲဟာ မဟာဗျူဟာ အရ အရေးပါတဲ့ စစ်ပွဲတခုပါ။ အီရန်နိုင်ငံအတွက်လဲ အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆာဒန်ဟူစိန် အာဏာရှင် အုပ်စုက suuni လူမျိုးစုက ဖြစ်ပါတယ်။ အီရန် မှာ အုပ်ချုပ်နေတာက shia'a လူမျိုးစုက ဖြစ်ပါတယ်။ ဒါကြောင့် suuni regime ကို ဖယ်ရှားပေးတဲ့ စစ်ပွဲဖြစ်တဲ့အတွက် Shai'a လူမျိုးတွေအတွက် အကျိုးအမြတ်ဖြစ်စေပါတယ်။ ဒါပေမယ့်လဲ အီရတ်က shai'a တွေအပေါ် အီရန်ရဲ့ လွှမ်းမိုးနိုင်မှုနဲ့ ပတ်သက်ပြီး၊ စိုးရိမ်မကင်း ဖြစ်လာကြရပြန်ပါတယ်။ အီရန်ဘက်က ကြည့်မယ်ဆိုပြန်တော့လဲ အီရတ်ရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အောင်မြင်လာမှုဟာ အီရန်ရဲ့ အာဏာရှင်အစိုးရကို ခြိမ်းချောက်နေပြန်ပါတယ်။

အီရန်အပြင် တခြားအကျိုးဆက်ရှိလာမယ့် နိုင်ငံများကတော့ ဂျီစီစီနိုင်ငံများလို့ ခေါ်ဆိုကြတဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လက္ခဏာတွေက စတင်ပြီးဖြစ်နေတာကြောင့် အီရတ်ရဲ့ လစ်ဘရယ်ဒီမိုကရေစီ အောင်မြင်မှုဟာ ဒီနိုင်ငံတွေမှာလဲ ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒီတော့ မေးစရာရှိလာပါတယ်။ အီရတ်ရဲ့ ဒီမိုကရေစီအသွင် ပြောင်းလဲမှုဖြစ်စဉ်ဟာ ရေရှည်မှာ အောင်မြင်နိုင်ပါ့မလား။ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်နိုင်ချေ အရှိဆုံးလို့ နိုင်ငံရေးသိပ္ပံပညာရှင်များ ဆိုထားကြတဲ့ လူဦးရေနည်းမှု၊ လူမျိုး-ဘာသာကွဲပြားခြားနားတဲ့ political segments နည်းပါးမှု၊ elite control နှုန်း မြင့်မားမှု စတဲ့အချက်တွေကိုတော့ အီရတ်ရဲ့ နိုင်ငံရေး လူ့အဖွဲ့အစည်း တည်ဆောက်မှုသဏ္ဍာန်မှာ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် အောင်မြင်နိုင်ချေ များပြားတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လဲ အီရတ်ရဲ့ ပင်လယ်ကွေ့ဒေသ အခန်းကဏ္ဍကတော့ မသေချာ၊ မရေရာ ဖြစ်နေတုန်းပါပဲ။ အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ အီရတ်နိုင်ငံသားများက ဦးဆောင်ပြောင်းလဲမှုမဟုတ်ပဲ နိုင်ငံတကာက ဦးဆောင်ပါဝင် ကူးပြောင်းမှုဖြစ်နေတာကြောင့်၊ ဒါရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ သံတမန်ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေး မူဝါဒ စတာတွေမှာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ နိုင်ငံအုပ်ချုပ်တဲ့ အစိုးရရဲ့ သဘောထားမှန်နဲ့ နိုင်ငံတကာ တပ်များရဲ့ မူဝါဒရေးတို့တွေနဲ့ ရောနှောနေပါတယ်။ ဒီလိုပါပဲ။ အီရန်နဲ့ ဂျီစီစီနိုင်ငံများရဲ့ အီရတ်အပေါ်ထားရှိတဲ့ သံတမန်ရေး၊ နိုင်ငံခြားရေးမူဝါဒတွေကလဲ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အမေရိကန်နဲ့ နိုင်ငံတကာ တပ်တွေ ထွက်သွားပြီး နောက်ပိုင်းမှာမှ ဒါတွေကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးရှုထောင့်က ကြည့်ရင်တော့ full-fledged civil war တခုတည်းနဲ့တင် အီရတ်ရဲ့ democratization process ဟာ democratic consolidation stage ကို မရောက်လာပဲ အာဏာရှင်စနစ်ကို ပြန်ဦးတည်သွားနိုင်တာတွေလဲ ဖြစ်လာနိုင်တာကြောင့် ဒီမိုကရေစီကို အခြေခံတဲ့ advanced polity ကို မြှင့်တင်ပေးနိုင်မယ့် လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) အားကောင်းလာမှုကို တိုးမြှင့် ဆောင်ရွက်သင့်တယ်လို့ ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။ အခုဆက်လက်ပြီး ပင်လယ်ကွေ့ဒေသရဲ့ အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ အီရန်နိုင်ငံရဲ့ အခန်းကဏ္ဍကို ဆက်လက်တင်ပြပါမယ်။

အီရန်နိုင်ငံ

ပင်လယ်ကွေ့ဒေသ လုံခြုံရေးနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်တဲ့အခါတိုင်းမှာ အီရန်ရဲ့ ဒေသတွင်း အခန်းကဏ္ဍကို အဓိကထားပြီး လေ့လာကြရပါတယ်။ အခုအချိန်ကာလအထိ အီရန်ဟာ ပင်လယ်ကွေ့ဒေသနိုင်ငံများအတွင်းမှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်နေပါတယ်။ အီရန်ရဲ့ တင့်ကားတပ်ရင်းများနဲ့ တိုက်လေယာဉ်ပိုင်ဆိုင်မှုဟာ ဒေသတွင်း တခြားနိုင်ငံတွေထက် ပိုပြီးများပါတယ်။ နယူးကလီးယား လက်နက်စွမ်းရည်ကို ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကိုလဲ တွေ့နေရပါတယ်။ နောက်တချက်ကတော့ proxy empire ထူထောင်နေတဲ့ အသွင်သဏ္ဍန်ဖြစ်ပါတယ်။ ဒီအကြောင်းကို အသေးစိတ်ဆက်လက်ဆွေးနွေးထားပါတယ်။

လက်ရှိနိုင်ငံတကာရေးရာ အခြေအနေမှာတော့ အီရန်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ အီရန်ဟာ စစ်ရေး၊ နိုင်ငံရေးအရ အလွန်အရေးကြီးတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ သုံးသပ်ထားကြပါတယ်။ စစ်ရေးပထ၀ီဝင်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ အီရတ်နဲ့ အာဖရိကန်မှာ အမေရိကန်နဲ့ နိုင်ငံတကာတပ်တွေ တပ်စွဲထားမှုဟာ တဘက်ကနေ အီရန်ကို ၀န်းရံထားသလိုလဲ ဖြစ်နေပါတယ်။ အီရန်ရဲ့ တောင်ပိုင်း ကမ်းရိုးတန်းဘက်မှာကလဲ အမေရိကန် ရေတပ်ရဲ့ ပင်လယ်ကွေ့ လည့်လည်စောင့်ကြပ်ကြည့်ရှုရေး လုံခြုံရေး စစ်သင်္ဘောတွေ ရှိနေပါတယ်။ နောက်တချက်က ဒေသတွင်းမှာလဲ တခုတည်းဖြစ်နေတဲ့ Shia'a state ပါ။ ဒီဒေသရဲ့ အုပ်ချုပ်ရေးအာဏာကို အများဆုံးရယူထားကြတဲ့အစိုးရတွေက Sunni monarchies တွေပါ။ ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးမှာ အဓိက လွှမ်းမိုးနေရာယူထားခဲ့တာက အမေရိကန်ပြည်ထောင်စုဖြစ်ပေမယ့် အီရန်ကလဲ သူ့ဟာသူ natural hegemon လို့ မြင်ပါတယ်။ ဒါကြောင့်လဲ ဒေသတွင်းမှာ သူ့အင်အားကို ကြီးမားလာအောင် တိုးချဲ့တည်ဆောက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အီရတ်နဲ့ကတော့ ပုံသဏ္ဍာန်ကွာခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ အီရန်ရဲ့ မူဝါဒတွေတည်းမှာ အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်သိမ်းပိုင်းဖို့ မပါပါဘူး။ ဆာဒန်ဟူစိန်လက်ထက် အီရတ်နိုင်ငံရဲ့ ဒေသတွင်း ပေါ်လစီက territorial status quo ကို ထိန်းထားဖို့ဖြစ်ပါတယ်။ အခုအီရန်ရဲ့ အင်အားကြီးနိုင်ငံ တည်ဆောက်ရေး မူဝါဒကတော့ ဒီလို မဟုတ်ပါဘူး။ အတွေးအခေါ် စစ်ပွဲတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အင်အားကြီးမားနိုင်မှုစွမ်းရည်ကို ကန့်သတ်ရေးပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ဒေသတွင်းလုံခြုံရေးကို တာဝန်ယူထားပြီး၊ ဒေသတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဦးစားပေးဆောင်ရွက်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပဋ္ဋိက္ခဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့နှစ်နှစ်နိုင်ငံအကြားမှာ ရည်ရွယ်ချက်တွေကတော့ မတူညီပါဘူး။ အီရန်က ပင်လယ်ကွေ့ဒေသအပေါ် အမေရိကန်ရဲ့ လွှမ်းမိုးမှုကို confrontation လုပ်ချင်ပြီး၊ အမေရိကန်ကတော့ containment policy ကိုပဲ ကျင့်သုံးထားပါတယ်။ ဒါပေမယ့် အီရန်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကိုတော့ ထောက်ခံပါတယ်။

ဒီနေရာမှာ နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ၊ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှုဆိုတာကို ဘယ်လိုအတိုင်းအတာကို ခေါ်ဆိုတယ်ဆိုတာကို မှန်မှန်ကန်ကန် သိမြင်ဖို့ လိုအပ်ပါတယ်။ တချို့နိုင်ငံတကာ လှုပ်ရှားမှု လုပ်သူုတွေက နိုင်ငံတကာ ထောက်ခံမှုဆိုတာကို နိုင်ငံတကာက သူတို့ဘက်မှာ လုံးဝ ရှိနေပြီ။ လိုအပ်လာရင် ၀င်ကူညီဖြေရှင်းပေးတော့မယ်၊ အာဏာရှင်ကို ၀င်တိုက်ပေးတော့မယ်လို့ ယူဆမျှော်လင့်တတ်ကြပါတယ်။ ဘာနဲ့တူသလဲဆိုတော့ ကလေးဆီက ကစားစရာပစ္စည်းကို အရူးက ၀င်လုသွားတဲ့အခါ ကလေးက လူကြီးတွေကို သူတို့ဘက်ကနေ အရူးကို ၀င်ချပေးဖို့ မျှော်လင့်သလိုပါပဲ။ ဒါပေမယ့် အရူးကို သွားချဖို့ဆိုတာကတော့ rational thinking ရှိတဲ့ မိဘလူကြီးတွေအတွက် နည်းနည်းတော့ စဉ်းစားရပါတယ်။ အရူးကို သွားရိုက်လိုက်လို့ အရူးက ပြန်အန္တရာယ်ပြုနိုင်တဲ့ အတိုင်းအတာလဲ စဉ်းစားရပါသေးတယ်။ အရူးမှာက လက်နက်ရှိနေရင် ပိုဆိုးပါတယ်။ ကလေးအရုပ်ကို သွားပြန်လုပေးဖို့မှာ အရူးကို ၀ိုင်းရိုက်ရင် နိုင်နိုင်ပေမယ့်၊ အရူးပြန်ရိုက်လို့ ကိုယ်နာမှာလဲ ရှိနေသေးတော့ ကလေးအရုပ်အတွက် ကိုယ်က အနာခသင့်သလား၊ မသင့်ဘူးလားဆိုတာကလဲ ရှိပါသေးတယ်။ ကလေးအတွက်တော့ ဒီအရုပ်က တန်ဖိုးရှိပေမယ့် လူကြီးတွေအတွက်ကတော့ ကလေးထားသလောက် တန်ဖိုးက ရှိချင်မှ ရှိမှာပါ။ ဒါက မိသားစုရေးရာအဆင့်မှာပါ။ နိုင်ငံတကာရေးရာမှာကျတော့ ဒီထက် ပိုအရေးကြီးတဲ့ စဉ်းစားတွေးခေါ်မှုတွေက လိုအပ်လာပါတယ်။

ဒီနေရာမှာ ထောက်ခံမှုဆိုတဲ့ စကားအပြင် ဒီနိုင်ငံနှစ်နိုင်ငံကြားက နိုင်ငံခြားရေး မူဝါဒတွေကို ထည့်တွက်မှလဲ မှန်ကန်တဲ့ အဖြေကို ရရှိမှာဖြစ်ပါတယ်။ containment policy မူဝါဒအဆင့်မှာပဲဆိုရင် ၀င်ရောက်ကူညီပေးမှု မပြုလုပ်ပါဘူး။ တော်ရုံတန်ရုံ အကြောင်းပြချက်တွေလောက်နဲ့လဲ confrontation အဆင့်တွေကို အမေရိကန်အပါအ၀င် နိုင်ငံကြီးတွေက မတက်လှမ်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို humanitarian intervention, military intervention တွေ ပြီးရင် အာဏာရှင်အစိုးရတွေကို ဖြုတ်ချလိုက်ရုံနဲ့ ပြီးတာမဟုတ်ပဲ state-building ကိုပါ တာဝန်ယူပေးရလို့ ဖြစ်ပါတယ်။ ဒီလိုတာဝန်ယူပေးရတဲ့အခါမှာ အာဏာရှင်နောက်လိုက်ဟောင်းတွေက ပုန်ကန်ခြားနားမှုတွေကို အစိုးရသစ်ကိုယ်စား ချေမှုန်းပြီး၊ law and order restoration လုပ်ရတာတွေကလဲ ရှိပါတယ်။ ဒီလိုတွေ လုပ်ရတဲ့အခါမှာ နိုင်ငံတကာတပ်တွေအတွက် အထိအခိုက် အကျအဆုံးတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံက ပြည်သူတွေက ကျေနပ်မှုမရှိတဲ့အခါမှာ ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ အစိုးရအဖွဲ့ဝင်တွေ နောင်ရွေးကောက်ပွဲ မဲရနိုင်ချေကို ထိခိုက်လာပါတယ်။ နောက်ထပ်အရေးကြီးတဲ့ ကိစ္စကတော့ ဘဏ္ဍာရေး ကိစ္စပါ။ တခြား နိုင်ငံငယ်အရေးတွေမှာ မဆိုထားနဲ့။ ဥရောပထဲမှာ ဖြစ်နေတဲ့ ဘော့စနီးယား အရေး စတာတွေမှာတောင် post-conflict reconstruction နဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စရိတ်စကတွေက လိုအပ်ချက်တွေတိုင်းကို မပြည့်မှီပါဘူး။ ဒါကြောင့် နိုင်ငံကြီးတွေက သူတို့ဝင်ရောက်ကူညီရတာတွေ၊ humanitarian intervention လုပ်ရတာတွေထက်စာရင် သူ့ဘာသာသူ ပြောင်းလဲသွားမှုတွေကိုပဲ ပိုလိုလားပါတယ်။ ဒီလိုဆိုလို့ ဒီမိုကရေစီအရေးကို မထောက်ခံတာမဟုတ်ပါဘူး။ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာတွေမှာ အတိုင်းအတာတရပ်အထိ ထောက်ခံအားပေးတာပဲ ပြုလုပ်ကြပြီး၊ အာဏာရှင်နဲ့ လှုပ်ရှားသူတွေအကြားမှာ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပေါ် တက်နိုင်အောင် ပြုလုပ်တာ၊ အာဏာရှင်အစိုးရတွေကို ဖြုတ်ချပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ ကြားဖြတ်အစိုးရကို ထောက်ခံတာ စတာတွေကို ပိုမိုအားပေးကြပါတယ်။

ဒါပေမယ့် ဒီမိုကရေစီ လှုပ်ရှားတဲ့ နိုင်ငံတွေက နိုင်ငံတကာကင်ပိန်းပြုလုပ်သူတွေရော၊ ပြည်တွင်းလှုပ်ရှားမှု ပြုလုပ်သူတွေကပါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားမှု မလုပ်ကြပဲ နိုင်ငံတကာ ထောက်ခံမှုဆိုတာကို ၀င်ရောက်ကူညီပေးမှုလို့ မျှော်လင့်တွက်ချက်ပါတယ်။ လှုပ်ရှားမှုတွေကို ထောက်ခံတယ်ဆိုပြီး၊ ၀င်ရောက်မကူညီပေးတာကို အပြစ်တင်လာကြပြန်ပါတယ်။ စကားနဲ့မပြောပဲ အလုပ်နဲ့ သက်သေပြဖို့ တောင်းဆိုလာကြပြန်ပါတယ်။ ဒါတွေကလဲ ဖြစ်လေ့ဖြစ်ထ ရှိနေတဲ့ ကိစ္စရပ်တွေပါပဲ။ တကယ်တန်းကျတော့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတယ်ဆိုတာက လိုအပ်ရင် စစ်ရေးအရ အရေးယူပေးပါ့မယ်လို့ ကတိစကား ပြောကြားတာ မဟုတ်လေတော့ ဒါကို မှားယွင်းပြီး အဓိပ္ပာယ်ကောက်မိတဲ့အခါ အခက်အခဲတွေ၊ မဖြစ်သင့်တာတွေ ဖြစ်လာစေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပင်လယ်ကွေ့စစ်ပွဲအပြီးကာလတုန်းက ဖြစ်ရပ်လေးတခုကို တင်ပြပါမယ်။ ဒီတုန်းက နိုင်ငံတကာတပ်တွေနဲ့ အီရတ်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီပြီးစ ကာလမှာပါ။ အမေရိကန်တပ်တွေလဲ အီရတ်မှာ နေရာချထားဆဲပါ။ အီရတ်ရဲ့ တပ်တွေရဲ့ အခြေအနေက ရှုံးနိမ့်ပြီး အလွန်ကို ဆိုးဆိုးရွားရွား အနေအထားမှာပါ။ တိုင်းပြည်က လူထုကလဲ ဆာဒန်ဟူစိန်ရဲ့ ကူဝိတ်ကျူးကျော်မှု၊ ရလာဒ်အဖြစ် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေနဲ့ စစ်ဖြစ်ရမှု၊ အီရတ်တပ်သား အများအပြား သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆာဒန်ကို မလိုလားကြတဲ့ ကာလပါ။ အဲဒီအချိန်မှာပဲ အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မြို့အချို့ကို သိမ်းပိုက်တပ်စွဲခဲ့ကြပါတယ်။ နိုင်ငံတကာကလဲ ဒီလှုပ်ရှားမှုကို ထောက်ခံတယ်လို့ ကြေညာခဲ့ကြတယ်။ ဒီအချိန်မှာပဲ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ၊ ရေနံကိစ္စတွေနဲ့ ဆွေးနွေးနေကြတဲ့ အီရတ်ထိပ်တန်းအရာရှိတွေက အမေရိကန်အပါအ၀င်နိုင်ငံတကာနဲ့ အပေးအယူလုပ်ခဲ့ကြပါတယ်။ အီရတ်ရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေမှာ ၀င်မပါဖို့ပါ။ နိုင်ငံတကာကလဲ သဘောတူခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ အမေရိကန်က ဒီဒေသအပေါ်ထားတဲ့ပေါ်လစီက double containment ပါ။ ပင်လယ်ကွေ့စစ်ပွဲဆင်နွှဲရတာကလဲ အီရတ်အာဏာရှင်ရဲ့ aggression ကို ရပ်တန့်ဖို့ပါ။ oil reserves ကို ကာကွယ်ဖို့ပါ။ တော်လှန်ရေးလှုပ်ရှားမှုကို ထောက်ခံတယ်ဆိုတာကလဲ အာဏာရှင်ကို ၀င်ရောက်ဖြုတ်ချပေးဖို့အထိ ရည်ရွယ်တာ မဟုတ်ပါဘူး။ state-building အထိလဲ ပေါ်လစီက မချမှတ်ထားရသေးပါဘူး။ ဒါကြောင့်သဘောတူခဲ့ကြတာပါ။

ဒီလိုသဘောတူပြီး မကြာခင်မှာပဲ ဆာဒန်ဟူစိန်တပ်တွေက တော်လှန်ရေးသမားတွေကို ရက်ရက်စက်စက်ဖြိုခွဲနှိမ်နင်းပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး documentaries တွေမှာ အမေရိကန် ထိပ်တန်းအရာရှိတွေက ပြန်ပြောင်း ပြောဆိုထားကြတာတွေရှိပါတယ်။ အာဏာရှင်စစ်တပ်တွေ တော်လှန်ရေးသမားတွေကို ချေမှုန်းနေတဲ့ မြို့တွေနဲ့ မလှမ်းမဝေးမှာ အမေရိကန်တပ်တွေ ရှိနေပေမယ့်၊ တော်လှန်ရေးသမားတွေကို ၀င်ရောက်ကူညီပေးဖို့ကကျတော့ အထက်အမိန့်မရတာကြောင့် ဘာမှ မလုပ်နိုင်ခဲ့ဘူးဆိုတဲ့အချက်ပါ။ အာဏာရှင်တပ်တွေက ချေမှုန်းသတ်ဖြတ်နေစဉ်မှာပဲ ဒီလှုပ်ရှားမှုကို နိုင်ငံတကာက ထောက်ခံတယ်ဆိုတဲ့အကြောင်း သတင်းကြေညာချက်တွေ ထွက်ပေါ်နေဆဲပါပဲ။ ဒါနဲ့ ပတ်သက်ပြီး အီရတ်ကျောင်းသားတချို့က နိုင်ငံတကာကို အပြစ်ဆိုခဲ့ကြဖူးပါတယ်။ ဒါပေမယ့် နိုင်ငံတကာအနေနဲ့ကျတော့လဲ ထောက်ခံတယ်ဆိုတာက စစ်ပွဲပြန်စပြီး အာဏာရှင်ကို ဖြုတ်ချပေးမယ်လို့ ဆိုခဲ့တာမဟုတ်ပါဘူး။ တကယ်လို့ ဒီတော်လှန်ရေးပေါ်ပေါက်ခဲ့မှုဟာ တိုင်းပြည်ရဲ့ ဖရိုဖရဲ ဖြစ်နေချိန်မှာ တော်လှန်ရေးသမားတွေဘက်က အောင်ပွဲရယူဖို့ ဆိုတာဆိုရင်တော့ ဒီမဟာဗျူဟာက မှန်ကန်ပါတယ်။ ဒါပေမယ့် ဒီလိုတော်လှန်ရေးဖြစ်လာရင် နိုင်ငံတကာကတော့ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး၊ ၀င်ကူညီပေးမှာပဲလို့ မျှော်မှန်းပဲ မိမိတို့ စွမ်းဆောင်ရည်ကို သေချာမတွက်ချက်ပဲ မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာဆိုရင်တော့ ဒါဟာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမှားပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို strategic calculation အမှားတခုရဲ့ နောက်ကွယ်မှာ တော်လှန်ရေးခေါင်းဆောင်များစွာရဲ့ အသက်တွေ ပေးဆပ်ခဲ့ရတာမို့၊ တော်လှန်ရေးမျိုးဆက်အားနည်းသွားပြီး၊ အီရတ်စစ်ပွဲ ထပ်မဖြစ်လာခင်အထိ နောက်ထပ် ဆယ်စုနှစ်ကျော်ကာလတလျှောက် အီရတ်ပြည်သူတွေဟာ အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကို တော်တော်ခံခဲ့ကြရပါတယ်။

တော်လှန်ရေးဆိုတာ ကောက်ခါငင်ခါ မျက်စိတမှိတ်၊ လျှပ်တပြက်လုပ်လို့ ရတာမဟုတ်ပါဘူး။ အတွေးအခေါ်နဲ့ တည်ဆောက်မှု ကို ဦးစားပေးရပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်လာပြီဆိုမှ အချိန်အခါနဲ့အညီ တိုက်ပွဲနဲ့ ပေါင်းစပ်ရတာ ဖြစ်ပါတယ်။ ဒီလိုပေါင်းစပ်ရင်းနဲ့ တိုက်ပွဲနဲ့ အတွေးအခေါ်ဟာ ညီညွတ်ရေးကို အလိုလို တည်ဆောက်ပေးသွားပါတယ်။ ကနဦးအစကတော့ အတွေးအခေါ်နဲ့ တည်ဆောက်မှုပါပဲ။ အတွေးအခေါ်နဲ့ တည်ဆောက်မှု မပါရင် တိုက်ပွဲဖော်ဆောင်နိုင်တဲ့ အခါအခွင့် သင့်ရင်တောင်မှ ဖော်စရာ အင်အားမရှိဖြစ်တတ်ပါတယ်။ အဲဒီအခါ သားကောင်မြင်မှ ပစ်စရာ သေနတ်ဘယ်လိုက်ရှာရမှန်းမသိသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးမျိုးဆက်ဆိုတာကို တပြိုင်နက်တည်း တည်ဆောက်ဖို့ လိုအပ်လှပါတယ်။ အဲလိုမဟုတ်ပဲ မျိုးဆက်ပြတ်သွားရင် အရှိန်ပြန်ယူဖို့ ခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီရတ်မှာတော့ ဒီပြဿနာကို နှစ်ပေါင်းများစွာ ဆက်ခံလိုက်ရပါတယ်။ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေကသာ အမေရိကန်ရဲ့ containment policy ကို preemption မူဝါဒဆီကို မပြောင်းလဲနိုင်စေခဲ့ရင် တခြားအာဏာရှင်နိုင်ငံက ပြည်သူတွေလိုပဲ ဒီမိုကရေစီ ရောင်ခြည်သန်းလာတာကို တွေ့မြင်ကြရမှာ မဟုတ်ပါဘူး။

အီရန် အခြေအနေမှာကျတော့ အီရတ်နဲ့ ကွာခြားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်က ဒီမိုကရေစီ လူထုလှုပ်ရှားမှုတွေမှာ အင်အားကြီးနိုင်ငံတွေက ထောက်ခံတယ်ဆိုတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အီရန်ကို virtually surrounded အနေအထားမှာ ရှိနေတဲ့ အမေရိကန်က ၀င်ရောက် ကူညီတိုက်ခိုက်ပေးခြင်း မရှိတာကို ဝေဖန် နေကြပါတယ်။ ဒါပေမယ့် အီရန်နဲ့ ပတ်သက်ပြီး အမေရိကန်ပေါ်လစီက အခုအချိန်ထိ containment မူဝါဒပဲ ရှိပါသေးတယ်။ နောင်တချိန်ပြောင်းချင်လဲ ပြောင်းလာမှာပဲ။ ဒါပေမယ့် အခုချက်ချင်းပြောင်းလဲမယ့် လက္ခဏာကတော့ မရှိသေးပါဘူး။ အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ပြောင်းလဲမှုကနေ ဒေသတွင်းနိုင်ငံများမှာ ပျံ့နှံ့ဖို့လောက်အထိကိုပဲ ပညာရှင်တွေက သုံးသပ်ထားကြတာပါ။ ပေါ်လစီပြုလုပ်သူတွေကလဲ မျှော်မှန်းထားကြတာပါ။ နောက်တခါ အခုလို အကြမ်းဖက်မှုတွေက ခြိမ်းချောက်နေတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကာလကြီးမှာ အီရန်အာဏာရှင်ကို ဖြုတ်ချနိုင်တယ်ပဲထား၊ state-building အတွက် ဘတ်ဂျက်၊ အီရန်က proxy empire အဖြစ် ကူညီပံ့ပိုးပေးနေတဲ့ အစွန်းရောက်နိုင်ငံရေး၊ ဘာသာရေးအဖွဲ့တွေကနေ ခြိမ်းချောက်လာနိုင်မယ့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဂယက်၊ အစိုးရတွေရဲ့ သူတို့ သက်ဆိုင်ရာ နိုင်ငံ မဲပေးသူတွေအကြားက public Relations စတာတွေကိုလဲ အမေရိကန်အပါအ၀င် နိုင်ငံတကာအနေနဲ့က ထည့်စဉ်းစားကြရပါလိမ့်မယ်။ ဒါကြောင့် အောင်ပွဲကတော့ အီရန်လူထုလှုပ်ရှားမှု ခေါင်းဆောင်သူများရဲ့ အရည်အချင်း၊ တွက်ကိန်းတွေနဲ့ လူထုပေါင်းစပ်ပါဝင်မှု အတိုင်းအတာပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

နိုင်ငံတကာက ၀င်ရောက်ကူညီပေးမှုဆိုတာကတော့ အီရန်ရဲ့ နယူးကလီးယားလက်နက် စွမ်းရည်နဲ့ ရေနံအရင်းအမြစ်တွေအပေါ် ထိန်းချုပ်ရန် ကြိုးပမ်းမှု၊ proxy empire စတာတွေပေါ်မှာ မူတည်ပြီး တချိန်မှာတော့ အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပညာရှင်များကတော့ နယူးကလီးယားနဲ့ ပတ်သက်တဲ့ အီရန်အိပ်မက်တွေဟာ အခုကနေ ၂၀၁၄ မှာ အကောင်အထည်ပေါ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။ နိုင်ငံတကာ ဖိအားတွေ ရှိပေမယ့်လဲ point of no return ကို ရောက်နေပြီဆိုတာကိုတော့ မဟာဗျူဟာ လေ့လာသူအားလုံးက တညီတညွတ်တည်း လက်ခံထားခဲ့ကြပါတယ်။ နယူးကလီးယား အီရန်ဟာ လက်နက်ကိုင်ဆောင်ထားတဲ့ အီရန်ဟာ strait of Hormuz ကို ပိတ်ပစ်ဖို့ ခြိမ်းချောက်နိုင်တာ၊ ဆော်ဒီရဲ့ oil facilities တွေကို ခြိမ်းချောက်နိုင်တာ စတာတွေကြောင့် ၂၀၁၄ မတိုင်မီမှာ အီရတ်ရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဟာ အီရန်ကိုလဲ ရိုက်ခတ်ကူးစက်ပြီး၊ ဒီမိုကရေစီ လှုပ်ရှားမှု အင်အားကောင်းလာနိုင်မယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းလာတာနဲ့အမျှ နိုင်ငံရေး အစွန်းရောက်မှုတွေ လျော့နည်းလာမယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ တကယ်လို့ ၂၀၁၄ အထိ မပြောင်းလဲရင်တော့ နိုင်ငံတကာရဲ့ မူဝါဒအပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်လာပါမယ်။

အီရန်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက နောက်ထပ် စိုးရိမ်မကင်းဖြစ်စရာ ကိစ္စတရပ်ကတော့ proxy empire တည်ဆောက်မှုပါ။ တိတိကျကျ ဆိုရရင် ပုန်ကန်ခြားနားတဲ့ အုပ်စုတွေကို နောက်ကွယ်ကနေ ပံ့ပိုး ထိန်းချုပ်မှုတွေပါ။ ဒါက ပင်လယ်ကွေ့ဒေသတွင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ ပင်လယ်ကွေ့ဒေသထဲမှာ အီရန်ရဲ့ အင်အားကြီးမားလာမှုကိုတော့ တနည်းတဖုံနဲ့ အထောက်အကူ ပြုပါတယ်။ လက်ဘနွန်နဲ့ ဂါဇာ ကမ်းမြောင်ဒေသက ပုန်ကန်ခြားနားသူတွေကို အီရန်က ပံ့ပိုးပေးနေပါတယ်။ ၂၀၀၆ ခုနှစ် လက်ဘနွန်စစ်ပွဲ၊ အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ ဟက်စ်ဘိုလာနဲ့ ဟားမားစ် အဖွဲ့တွေကို အီရန်က ပံ့ပိုးနေတဲ့အကြောင်း နိုင်ငံတကာ ဖော်ထုတ်သိရှိပြီးတဲ့နောက်မှာ ဒီလို အီရန်ရဲ့ proxy warfares တွေနဲ့ proxy empire တည်ဆောက်နေမှုဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် ထင်ရှားတဲ့ ခြိမ်းချောက်မှု ဖြစ်လာပါတယ်။ နိုင်ငံရေးပညာရှင် အချို့ကတော့ အီရန်ရဲ့ မဟာဗျူဟာရည်မှန်းချက်တွေက proxy စစ်ပွဲတွေနဲ့ သူ့ရဲ့ ပါဝါကို ချဲ့ထွင်နိုင်ဖို့နဲ့ ပင်လယ်ကွေ့ဒေသ ရေနံကို ထိန်းချုပ်နိုင်ဖို့လို့ သုံးသပ်ပြောဆိုကြပါတယ်။ ဒီမဟာဗျူဟာ ရည်မှန်းချက်တွေ ပြည့်မှီနိုင်လား၊ မမှီနိုင်လား ဆိုတာကတော့ နယူးကလီးယား လက်နက် ထုတ်လုပ်မှု စွမ်းရည်နဲ့ နိုင်ငံတကာ အခင်းအကျင်းတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အလားအလာ တွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အခုဆက်လက်ပြီး ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီဝင် နိုင်ငံများနဲ့ ပတ်သက်တာတွေကို ဆက်လက်တင်ပြပါမယ်။

ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ

ဆော်ဒီအာရေးဗီးယား၊ ယူအေအီး စတဲ့ နိုင်ငံတွေ ပါဝင်တဲ့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီဆိုတာ ဒေသတွင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအဖွဲ့ ပေါ်ပေါက်လာတာကတော့ အီရန်တော်လှန်ရေးနဲ့ အနည်းငယ် ပတ်သက်စပ်ဆိုင်ခဲ့ပါတယ်။ ဒီနိုင်ငံတွေဟာ ဒေသတွင်း နိုင်ငံရေးကို လွှမ်းမိုးချုပ်ချယ်နိုင်စွမ်း မရှိပဲ အီရတ်၊ အီရန် နိုင်ငံကြီး နှစ်ခုပေါ်မူတည်ပြီး သူတို့ရဲ့ မူဝါဒတွေက ပြောင်းလဲ နေပါတယ်။ ဒါမေယ့် သူတို့ နိုင်ငံတွေထဲမှာ ရှိနေကြတဲ့ internal tensions တွေကလဲ ပင်လယ်ကွေ့ဒေသက ရေနံတွေ ကမ္ဘာ့ဈေးကွက်ကို သင့်လျော်တဲ့ ဈေးနဲ့ စီးဆင်းနှုန်း ကို ထိခိုက်စေနိုင်ပါတယ်။

၂၀၀၃ အီရတ်စစ်ပွဲမတိုင်ခင်ကာလက ဂျီစီစီနိုင်ငံများကို အမေရိကန်ရဲ့ လုံခြုံရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒနဲ့ ပတ်သက်ပြီး မဟာဗျူဟာလေ့လာရေးပညာရှင်တယောက်က အီရန်နဲ့ အီရတ်တို့အကြားက အင်အားယှဉ်ပြိုင်မှုဟာ ပင်လယ်ကွေ့ဒေသ က တခြားနိုင်ငံများကို ခြိမ်းချောက်သလို ဖြစ်လာစေခဲ့ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။ အီရတ်စစ်ပွဲနောက်ပိုင်းကာလမှာ ဒီအသွင်သဏ္ဍာန်ဟာ ပြောင်းလဲ လာခဲ့ပေမယ့် အီရန်ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ proxy warfare နဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေ၊ နယူးကလီးယားလက်နက် ထုတ်လုပ်ရေး စတာတွေဟာ ဂျီစီစီအဖွဲ့ဝင် နိုင်ငံများရဲ့ လုံခြုံရေးကို ခြိမ်းချောက်နေသလို ဖြစ်လာခဲ့တယ်။ ဒါကြောင့်လဲ ဂျီစီစီနိုင်ငံများရဲ့ စစ်အသုံးစရိတ်ဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။ ၂၀၀၇ ခုနှစ်က ယူအေအီးမှာ လုပ်ခဲ့တဲ့ လက်နက်ပြပွဲမှာ ဆော်ဒီနိုင်ငံဟာ တိုက်လေယာဉ်၊ ဒုံးကျည်၊ ချေမှုန်းရေးရဟတ်ယာဉ်နဲ့ တင့်ကား သုံးရာကျော်ကို ဒေါ်လာ ၅၀ ဘီလီယံ အကုန်အကျခံပြီး ၀ယ်ယူခဲ့တယ်။ ယူအေအီးနိုင်ငံကတော့ လက်ရှိ ပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေးဟာ လမ်းဆုံတခုကို ရောက်နေသလို ဖြစ်နေတယ်လို့ ထင်မြင်တာကြောင့် စစ်လက်နက်အင်အား တိုးချဲ့မှုကို ပြုလုပ်လာခဲ့တယ်။

ဒါပေမယ့် ဂျီစီစီနိုင်ငံများရဲ့ စစ်လက်နက်အင်အားချဲ့မှုဟာ အီရန်လို ဒေသတွင်းလွှမ်းမိုးရေး ရည်ရွယ်ချက်တွေနဲ့ တော့ မဟုတ်ဘူး။ သူတို့ရဲ့ energy reserves ကို ကာကွယ်ပေးဖို့နဲ့ ပင်လယ်ကွေ့ဒေသကို အမေရိကန်ရဲ့ လုံခြုံရေး အကာအကွယ်ပေးနေမှုကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်နှစ်ခုကလွဲရင် ဂျီစီစီ တိုင်းပြည်တွေက ပင်လယ်ကွေ့ဒေသရဲ့ လက်ရှိ လုံခြုံရေး အခြေအနေကို ပြောင်းလဲ လိုစိတ်မရှိကြပါဘူး။ ဒါပေမယ့်လဲ သူတို့ရဲ့ ပြည်တွင်းရေးမှာ ပြောင်းလဲနိုင်တဲ့ အလားအလာတွေဟာ ဒေသတွင်း အခြေအနေတွေကိုပါ ထိခတ်မှုရှိလာနိုင်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယား နိုင်ငံကို ဥပမာ ပေးလိုပါတယ်။ ဆော်ဒီဟာ ကမ္ဘာ့ oil reserves ရဲ့ ၂၁.၉ % ကို ပိုင်ဆိုင်ထားပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဆော်ဒီနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ tensions တွေဟာ နိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်လာနိုင်စေတယ်လို့ သုံးသပ်ကြပါတယ်။ အဓိက တင်းမာမှုတွေကတော့ Crown Prince Abdulla နဲ့ သူ့ရဲ့ half-brother ပြည်ထဲရေးဝန်ကြီး Prince Nayef တို့ အကြားက တင်းမာမှုဖြစ်ပါတယ်။ ပညာရှင်တွေက Abdulla ကို လစ်ဘရယ် ပြုပြင်ပြောင်းလဲသူလို့ သတ်မှတ်ကြပြီး၊ Nayef ကတော့ အမေရိကန်ဆန့်ကျင်ရေး ဘာသာရေးခေါင်းဆောင် clerics တွေဘက်က ရပ်တည်သူလို့ သတ်မှတ်ကြပါတယ်။

ဆော်ဒီမှာ ဖြစ်လာနိုင်မယ့် ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး scenario နှစ်ခုရှိနေပါတယ်။ ပထမတမျိုးကတော့ စီးပွားရေးကျဆင်းမှုတွေနဲ့ house of saud ရဲ့ အာဏာတည်မှုကို ခြိမ်းချောက်နေမှုတွေကြောင့် အမေရိကန်နဲ့ အနောက်ဆန့်ကျင်ရေး သမားတွေဘက်ကို အနိုင်ရသွားစေနိုင်မှုဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင်တော့ oil flow ကို ထိခိုက်စေနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေတခုကတော့ တင်းမာမှုတွေ ဆက်ဖြစ်နေပေမယ့် လက်ရှိ အုပ်ချုပ်ရေးကိုတော့ မထိခိုက်နိုင်တဲ့ အခြေအနေပါ။ ဒီ scenario နှစ်ခုထက် ပိုပြီး ခြိမ်းချောက်နေတဲ့ အချက်ကတော့ oil facilities တွေကို ဖျက်ဆီးဖို့ ကြိုးစားမယ့် အကြမ်းဖက်လုပ်ရပ်တွေပါပဲ။ ဒါကို ကာကွယ်ဖို့ ပိုအရေးကြီးတယ်လို့လဲ တချို့ အကြမ်းဖက် လေ့လာရေး ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။

မြန်မာ့အရေး

ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ဒီပင်လယ်ကွေ့ဒေသအကြား ဆက်နွယ်မှုတွေကတော့ အသွင်သဏ္ဍာန်သုံးမျိုး ရှိနေပါတယ်။ ပထမတမျိုးကတော့ အာရှ- ပစိဖိတ်ဒေသထဲကို တင်သွင်းနေတဲ့ ရေနံတွေဟာ ပင်လယ်ကွေ့ဒေသကဖြစ်တာကြောင့် ဈေးနှုန်းအတက်အကျဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် ထိခတ်မှုတွေရှိပါတယ်။ နောက်တမျိုးကတော့ ပင်လယ်ကွေ့ဒေသက ရေနံတွေကို တရုတ်ရဲ့ တင်သွင်းမှု အခြေအနေဖြစ်ပါတယ်။ တရုတ်ရဲ့ မြန်မာပြည်အပေါ် စိတ်ဝင်စားမှုကို ဆွဲဆောင်ထားတဲ့ အရေးကြီးဆုံး အချက်ကတော့ energy security အတွက် ဖြစ်နေတာကြောင့်ပါပဲ။ နောက်ထပ်တမျိုးကတော့ အတွေးအခေါ်နဲ့ မျှော်လင့်ချက်တွေပါ။ အီရတ် ၂၀၀၃ စစ်ပွဲအပြီးမှာ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ လှုပ်ရှားသူတွေက အီရတ်ကို အမေရိကန်ဝင်တိုက်သလို မြန်မာနိုင်ငံကိုလဲ လာတိုက်ပေးမှာပဲလို မျှော်လင့်ကြပါတယ်။ မျှော်လင့်နေသူတွေလဲ ရှိနေဆဲပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး ပထ၀ီဝင်အနေအထားဟာ အီရတ်လို မဟုတ်ပါဘူး။ အီရတ်မှာတုန်းက နိုင်ငံတကာဝင်ရောက်မှုကို ဆန့်ကျင်ကန့်ကွက်မယ့် အင်အားကြီးနိုင်ငံတွေ ဒေသတွင်းမှာ မရှိပါဘူး။ အင်အား အတိုင်းအတာတခုရှိတဲ့ အီရန်က လူမျိုးရေးကိစ္စရှိနေတာကြောင့် နှုတ်ဆိတ်နေပါတယ်။ ပြီးတော့ အမေရိကန်ကလဲ ဒီဒေသရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ နိုင်ငံဖြစ်တာကြောင့် အမေရိကန်ဦးဆောင်တဲ့ တပ်တွေ အီရတ်ကို ၀င်ရောက်တိုက်ခိုက်မှုအတွက် အခက်အခဲ မရှိလှပါဘူး။ အီရတ်ကို မ၀င်ရောက်ခင်မှာ ကျင့်သုံးခဲ့တဲ့ dual containment မူဝါဒက မအောင်မြင်ခဲ့ပါဘူး။

မြန်မာပြည်အရေးမှာကျတော့ မြန်မာနိုင်ငံဟာ စစ်ရေးပထ၀ီဝင်အရ အချက်အချာကျတဲ့ နေရာမှာ တည်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ဟာ ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို ထိခိုက်နေပေမယ့် ကမ္ဘာ့လုံခြုံရေးကို အီရတ်လို ထိခိုက်နိုင်မယ့် degree က မမြင့်ပါဘူး။ မြန်မာက ဆင်နွှဲနေတဲ့ proxy warfare မရှိပါဘူး။ ဒေသတွင်းမှာ အင်အားကြီး နိုင်ငံနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ ရှိနေပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဒီဒေသပေါ်မှာ ထားတဲ့ strategic interest ကတော့ တရုတ်ရဲ့ အင်အားကြီးမားလာတဲ့ ပါဝါကို ထိန်းညှိပေးနိုင်ဖို့ အိန္ဒိယ ပါဝါကို မြှင့်တင်ရေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်ကို Balance of Power အဖြစ် ထိန်းညှိရင်း တရုတ်နိုင်ငံကိုတော့ containment policy ကိုပဲ ကျင့်သုံးပါတယ်။ တချိန်တည်းမှာပဲ ကုန်သွယ်မှု အကျိုးအမြတ်တွေ ရရှိဖို့ကိုလဲ အာရုံစိုက်ပါတယ်။ ဒါကြောင့် ဒေသတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာက စစ်အင်အားသုံးပြီး ၀င်ရောက်ကူညီဖြေရှင်းမှု ဆိုတာတွေက ဖြစ်နိုင်ချေနည်းပါတယ်။ လိုအပ်လာရင်တောင် အိန္ဒိယနိုင်ငံနဲ့ ဒေသတွင်း တပ်တွေရဲ့ အခန်းကဏ္ဍကို ရှေ့တန်းတင်လာရနိုင်ပါတယ်။ ဒါကလဲ နောက်ဆုံး အခြေအနေမှ ဖြစ်ပါတယ်။ တခါ post-conflict reconstruction အသုံးစရိတ်တွေကို မြန်မာနိုင်ငံအတွက် လာသုံးပေးသင့်၊ မသုံးပေးသင့်ဆိုတာကလဲ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုး ဒဏ်ကို ပြည်သူတွေ ခံနေကြရပါလားဆိုပြီး ကိုယ်ချင်းစာစိတ်နဲ့ သူတို့နိုင်ငံတပ်တွေကို အထိအခိုက်ခံပြီး၊ သူတို့ကို မဲပေးရွေးချယ်ထားတဲ့ ပြည်သူလူထုက ကန့်ကွက်မှာကို ဆန့်ကျင်ပြီး၊ ကုလသမဂ္ဂရဲ့ အားနည်းချက်တွေကို ကျော်လွှားနိုင်ပြီး မြန်မာ့မြေပေါ်ကို အမေရိကန် စစ်တပ်ရောက်လာဖို့ ဆိုတာကတော့ အတော်ကို ရှားရှားပါးပါး ဖြစ်နိုင်ချေပဲ ဖြစ်ပါတယ်။

ဒီလိုဆိုလို့ နိုင်ငံတကာက မြန်မာပြည်ကို စစ်အင်အားသုံးပြီး ၀င်ရောက်ကူညီဖြေရှင်းမှာမဟုတ်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး အာဏာရှင်ကို လုပ်ချင်တာ လုပ်ခွင့်ရအောင် မြှောက်ပေးနေတာလား၊ လူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးနေတာလားလို့ မေးစရာ ရှိလာပါတယ်။ အာဏာရှင်ဆိုတာက လက်တွေ့မှာ နိုင်ငံတကာနဲ့ သံတမန်ကြောင်းအရ ဆက်ဆံနေရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေ၊ နိုင်ငံခြားရေး မူဝါဒတွေ၊ မဟာဗျူဟာ တွက်ကိန်းတွေကို ကျွန်မတို့ အတိုက်အခံတွေထက် ပိုပြီး သိနားလည်နိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာ ဖိအားဆိုတာတွေကို ဂရုမစိုက်ပဲ ထင်ရာစိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ၊ စတိတ်မင့်တွေ၊ လာရောက်ဆွေးနွေးပြောဆိုမှုတွေ၊ နားချတိုက်တွန်းမှုတွေဆိုတာက သူတို့အတွက် ကစားစရာလေးတွေတောင် ဖြစ်နေပါသေးတယ်။ နိုင်ငံတကာလှုပ်ရှားမှုဆိုတာတွေကိုပဲ အာရုံစိုက်နေသရွေ့ သူတို့အတွက်က မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေပါပဲ။

လူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးနေတာလား ဆိုတာနဲ့ ပတ်သက်ပြီးကတော့ ဥပမာ အားဖြင့် ဆိုရရင် လူရမ်းကားတထောင်လောက်ဟာ လက်နက်အင်အားသုံးပြီး၊ လူတသိန်းလောက်ကို သံတိုင်တွေနဲ့ ကာရံထားတဲ့ အချုပ်ထဲမှာ ဖမ်းဆီးပိတ်လှောင်ထားတယ်ဆိုပါစို့။ လူရမ်းကား တွေဖြစ်တာကြောင့် နေ့စဉ်နဲ့အမျှ လူတွေကိုလဲ နှိပ်စက်မယ်၊ အစာရေစာ မကျွေးပဲ အငတ်ထားမယ်၊ ရောဂါဘယတွေလဲ တစတစ ထူပြောနေမယ်။ ဒီလိုအခါမျိုးမှာ ဒီသံတိုင်ရဲ့ ပြင်ပ လုံခြုံရာ နေရာမှာ ရောက်နေတဲ့သူတွေက ဘာတွေကို လုပ်သင့်ကြသလဲ။ သံတိုင်ထဲက လူတွေနဲ့ ဆက်ဆံရေး စနစ် တည်ဆောက်ရမယ်။ သံတိုင်ထဲက လူတွေကို ညီညီညွတ်ညွတ်နဲ့ ပိတ်လှောင်ခံရတဲ့ ဘ၀ကနေ လွတ်မြောက်နည်းတွေကို ဆွေးနွေးကြဖို့ တိုက်တွန်းရမယ်။ ဒီသံတိုင်တွေကို ဘယ်လိုနည်းနဲ့ ချိုးပစ်နိုင်မလဲ ဆိုတာ စဉ်းစားရမယ်။ မချိုးနိုင်ရင်တောင် လူအားနဲ့ ကွေးပစ်နိုင်မလား တွေးကြရမယ်။ လူရမ်းကားတွေကို တဖြည်းဖြည်းချင်း ဖဲ့ထုတ်စည်းရုံးရမယ်။ အစာရေစာ ငတ်နေသူတွေကို လက်ငင်းမှာ ဘယ်လို ကူညီနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေ ရှာကြရမယ်။ လူထုအားနဲ့ စုပေါင်းပြီး သံတိုင်တွေကို ချိုးပစ်နိုင်မယ့်အချိန်၊ လူရမ်းကားတချို့ထဲက ဖဲ့ထုတ်စည်းရုံးထားသူတွေက လူတွေနဲ့ ပူးပေါင်းနိုင်မယ့် အချိန်၊ အပြင်က လူတွေကို ကိုယ့်လူကိုယ်စုပြီး သွားရောက်ကူညီပေးနိုင်မယ့် အချိန်၊ ဒါတွေကို ဟန်ချက်ညီ၊ တပြေးညီ ပေါ်ထွက်လာဖို့ ကြိုးစားကြရမယ်။ ဒါဟာ ဒီလိုအခြေအနေမှာ လူအများ လုပ်သင့်တဲ့ လုပ်ဆောင်နည်းတွေပါပဲ။ အဲလို မဟုတ်ပဲ အပြင်ကနေ ထိုင်ပြီး၊ သံတိုင်ထဲက လူတွေကို အင်အားကြီးမားတဲ့ ဂေါ်ဇီလာကြီးတွေကို ခေါ်ထားတယ်။ အဲဒီဂေါ်ဇီလာကြီးတွေက သံတိုင်တွေကို ချိုးပြီး လူတွေကို ကယ်ထုတ်မှာ။ အခုတော့ ဂေါ်ဇီလာကြီးတွေ အိပ်နေလို့။ သူ့တို့ကိုနည်းမျိုးစုံနဲ့ ၀ိုင်းနှိုးဖို့ ကြိုးစားနေပါတယ်လို့ ပြောနေကြရင်တော့ ဒါဟာ မျှော်လင့်ချက်ပေးရာမရောက်ပဲ သံတိုင်ထဲက လူတွေကို မျှော်ရင်းမျှော်ရင်း အင်အားချည့်နဲ့နေအောင် လုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

နောက်တချက်က ဒီလို အမေရိကန်၊ ဥရောပ နိုင်ငံတကာကင်ပိန်းတွေက သုံးတတ်ရင် ဆေးဖြစ်ပေမယ့် တန်ဆေး၊ လွန်ဘေး ဖြစ်တတ်တာ ရှိပါတယ်။ အဓိကကတော့ အသုံးမတတ်ရင် အာဏာရှင် လက်နက် ဖြစ်သွားစေတတ်လို့ပါပဲ။ မြန်မာပြည်ရဲ့ ပကတိ အခြေအနေမှန်မှာက နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို စောင့်ရှောက်ရမယ့် တပ်မတော်က နိုင်ငံတော်လုံခြုံရေးကို ပြန်လည်ထိခိုက်နေပြီး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ခြိမ်းချောက်လာတာဖြစ်ပါတယ်။ ဒါကလဲ တပ်မတော်တရပ်လုံးကြောင့် မဟုတ်ပါဘူး။ အာဏာရှင် တစုကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဒီအာဏာရှင် တွေက အမှန်တရားကို တပ်မတော်သားတွေ မတွေ့မြင်ပဲ သူတို့ပေးတဲ့ အမိန့်ကို နာခံလာအောင် လုပ်ဖို့က နံပါတ် (၁) အရေးကြီးပါတယ်။ သူတို့ရဲ့ ပါဝါတည်တံ့ခိုင်မြဲရေးဆိုတာက စစ်တပ်နဲ့ တခြားဒေါက်တိုင် အဖွဲ့အစည်းတွေက ထောက်မပေးမှ ဖြစ်နိုင်ပါတယ်။ အမိန့်ပေးမှုဆိုတာလေးနဲ့တင် မလုံလောက်ပါဘူး။ နိုင်ငံတော်တော်များများမှာ လူထုနဲ့ ပူးပေါင်းသွားတဲ့ တပ်မတော်သားတွေ အများအပြား ရှိခဲ့ဖူးပါတယ်။ ဒီတော့ ဒီလို စစ်တပ်နဲ့ တခြားဒေါက်တိုင်တွေ သူတို့ အမိန့်ကိုပဲ နာခံနေအောင်၊ ထောက်မပေးနေအောင် ဘာတွေ လုပ်သင့်ပါသလဲ။ စိတ်ပညာရှုထောင့်က ကြည့်မယ်ဆိုရင်တော့ လူတွေဆိုတာ ရန်သူ တစုံတရာ ရှိနေတယ်လို့ ထင်မြင်နေရင် အလိုလို စည်းရုံးလာတတ်ပါတယ်။ ခေါင်းဆောင်ရှာတတ်လာပါတယ်။ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာလာတတ်ပါတယ်။ အန္တရာယ်ကျရောက်နေတယ်လို့ ထင်မြင်ယူဆတဲ့အခါမှာ ဘယ်လောက်ပဲ စိတ်ဝမ်းတွေ ကွဲနေပေမယ့် ခဏလေးတော့ စည်းရုံးလာတတ်ပါတယ်။ ခဏခဏငြင်းခုံနေကြတဲ့၊ တဦးနဲ့ တဦး မတည့်တဲ့ လူခုနစ်ယောက်ကို ကျားဆိုးရှိတယ်ပြောပြီး တောနက်ထဲ သွားချလိုက်ရင် ကျားဆိုးဆိုတဲ့ ပြင်ပရန်ကို ကာကွယ်ဖို့ကိုပဲ အာရုံစိုက်လာနိုင်ပါတယ်။ ဘယ်သူက ဒီလိုအခြေအနေမျိုးမှာ survival အတွက် အတွေ့အကြုံရှိမလဲ။ ဒီလိုလူကို ရှာလာကြတယ်။ ဆရာတင်လာကြပါတယ်။ တယောက်နဲ့ တယောက်လဲ ခွဲခွာ မသွားရဲပဲ တပူးတွဲတွဲ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ လူ့သဘာဝပါ။ လူ့အပြုအမူတွေပါ။

ကျွန်မတို့ မြန်မာလူ့အဖွဲ့အစည်းဟာ နယ်ချဲ့စနစ်ဆိုးရော၊ ဖက်ဆစ်စနစ်ဆိုးရောရဲ့ဒဏ်ကို အတော်ခံစားခဲ့ကြရပါတယ်။ လက်ဆင့်ကမ်း နှုတ်စကားနဲ့ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဘာသာ၊ ကိုယ့်စာ ဆိုတာကိုလဲ သားစဉ်မြေးဆက် မျိုးချစ်စိတ် အမွေအနေနဲ့ ပေးကြပါတယ်။ ဒါကြောင့် မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာ နိုင်ငံခြားသားနဲ့ အနေဝေးရုံသာမက အတွေးအခေါ်အနေနဲ့လဲ စိမ်းပါတယ်။ လူနဲ့ စနစ်ကို ခွဲခြား မမြင်နိုင်အောင်လဲ အာဏာရှင်တွေက ပြုမူစီမံထားကြပါတယ်။ ဒီတော့ သာမန်ကြီးပြင်းလာတဲ့ ကလေးတယောက်ဟာ စာစသင်ရတာနဲ့ သမိုင်းဆိုးရဲ့ ရုပ်ပုံလွှာတွေနဲ့ စထိတွေ့ရပါတယ်။ စနစ်ကို မုန်းတီးတတ်အောင်၊ စစ်ကို ရှောင်နိုင်အောင် သင်ပေးတာ မဟုတ်ပဲ လူမျိုးရေး မုန်းတီးမှုနဲ့ မျက်ကန်းမျိုးချစ်ဝါဒတွေကို အခြေခံပြီး သင်ကြားပေးထားတဲ့ ဒီသင်ရိုးတွေနဲ့ ကြီးပြင်း အရွယ်ရောက်လာပါတယ်။ လူငယ်တွေရဲ့ စိတ်ကို အများဆုံး လွှမ်းမိုးစေနိုင်တဲ့ ဂီတ၊ ရုပ်ရှင်တွေမှာကလဲ မျက်ကန်းမျိုးချစ်ဝါဒကို တွန်းအားပေးထားပါတယ်။ သမိုင်းကို သမိုင်းမှန်အနေနဲ့ မှတ်တမ်းတင်သရုပ်ဆောင်မှုတွေတင် မဟုတ်ပဲ၊ နာကျည်းမှု၊ အထင်အမြင် လွဲမှားမှု၊ လူမျိုးရေး မုန်းတီးမှု၊ လက်စားချေမှုတွေကို ဦးတည်တဲ့ ဇာတ်လမ်းပြကွက်တွေကလဲ အတော်များပြားပါတယ်။

ဒီလို ပုံသဏ္ဍာန်နဲ့ ကြီးပြင်းလာတဲ့ လူငယ်တွေဟာ အထက်တန်းကျောင်းပြီးပြီး၊ အရပ်သားဘ၀နဲ့ လူတွေနဲ့ ထိတွေ့မှုအချိန်တိုကာလလေးအတွင်းမှာပဲ စစ်ကျောင်းတွေကို ရောက်သွားပါတယ်။ ဒီလိုနဲ့ အရာရှိဖြစ်လာတဲ့ လူငယ်တွေကို ပြည်ပနိုင်ငံတွေ၊ အနောက်အုပ်စုတွေက မြန်မာနိုင်ငံကို ကျူးကျော်ဖို့ လုပ်နေတယ်ဆိုပြီး ဘုံရန်သူ လက်ညှိုးထိုးပေးထားခဲ့ပါတယ်။ တခြားလူ့အဖွဲ့အစည်းအတွင်းက လူငယ်အချို့ကိုလဲ ၀ါဒဖြန့်ချိရေးအသွင်၊ အဖွဲ့အစည်းအသွင်တွေနဲ့ စည်းရုံးပြီး ဒေါက်တိုင် တည်ဆောက်မှုတွေ လုပ်လာခဲ့ပါတယ်။ အခွင့်အရေး အမျိုးမျိုးပေးပြီး စည်းရုံးလာခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ ပြည်သူလူထုဘက်က ရပ်တည်သူတွေကို အနောက်နိုင်ငံတွေရဲ့ ရုပ်သေးကြိုးဆွဲတွေ၊ အမျိုးသားရေး သစ္စာဖောက်တွေအနေနဲ့ သတ်မှတ်ပြီး ဘုံရန်သူ သတ်မှတ်ပေးထားပါတယ်။ ပြည်သူလူထုကိုတင် ကြောက်စိတ်သွင်းထားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဒေါက်တိုင်တွေကိုလဲ မျက်ကန်းမျိုးချစ်တွေ ဖြစ်လာအောင်၊ ကြောက်ပြီး ရမ်းကားလာအောင် လုပ်ယူတာတွေ ရှိလာပါတယ်။ ဥပမာ- အမေရိကန်က အီရတ်ကို တိုက်ခိုက်စဉ်တုန်းက လေကြောင်းရန်ကာကွယ်ရေးတို့၊ ၀ါးရင်းတုတ်ကိုင် သင်တန်း စတာမျိုးတွေ ပေးပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ နောက်ထပ်အီရတ် ဖြစ်မလာနိုင်ဘူးဆိုတာ စစ်မဟာဗျူဟာနဲ့ နိုင်ငံရေးပထ၀ီဝင် နားလည်တဲ့ ဘယ်သူမဆို တီးမိခေါက်မိသိရှိ တွေးခေါ်နိုင်ပါတယ်။ အာဏာရှင် မသိဘူးဆိုတာကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ ဒါပေမယ့် ဒီလိုသင်တန်းတွေ ပေးလိုက်ခြင်းအားဖြင့် သူတို့ brainwashed လုပ်ထားတဲ့ လူတွေရဲ့ အသိစိတ်ထဲကို ရန်သူရှိနေတယ်ဆိုတဲ့ အသိ ရိုက်သွင်းပစ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာပဲ ကျွန်မတို့ အတိုက်အခံတွေကလဲ နိုင်ငံတကာရယ်ကယ်ပါ၊ ကူပါ၊ အမေရိကန်ရယ်၊ ၀င်ပါ၊ လာပါ၊ စကားနဲ့ မပြောကြပါနဲ့၊ အလုပ်နဲ့ ပြကြပါလို့ တစာစာ အော်နေကြရင်တော့ တပ်မတော်သားတွေ လူထုဘက်က ရပ်တည်လာဖို့၊ အာဏာရှင်ဒေါက်တိုင်တွေ ပြိုကျသွားနိုင်ဖို့ဆိုတာမှာ ခဲယဉ်းပါလိမ့်မယ်။ အာဏာရှင်တွေကို အကာအကွယ်ပေးပြီး၊ အနောက်အုပ်စုကြိုးဆွဲတွေပါဆိုတဲ့ အတိုက်အခံတွေကို ချိန်ရွယ်ထားတဲ့ သေနတ်ပြောင်းဝတွေကို အာဏာရှင်ဘက် ပြန်လှည့်ပေးနိုင်မယ့် တခုတည်းသော နည်းကတော့ အတိုက်အခံတွေဟာ အနောက်အုပ်စုကြိုးဆွဲတွေ မြင်စေတဲ့ မျက်မှန်စိမ်းတွေကို ချွတ်ပေးနိုင်မှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဆိုက်ဝါးဆိုတာမှာ ကိုယ်ဝါးလိုက်တဲ့ ဆိုက်ဝါးက ကိုယ့်လက်နက်ဖြစ်စေတာလား၊ သူ့လက်နက် ဖြစ်သွားစေတာလားဆိုတာကို သေချာ သုံးသပ်ဖို့ လိုပါတယ်။

လက်ရှိအခြေအနေမှာ တကယ်လိုအပ်နေတာကတော့ တပ်ထဲက မြန်မာပြည်တိုးတက်ရေးကို လိုလားသူတွေကလဲ နိုင်ငံတော်လုံခြုံရေးကို ထိပါးစေတာဟာ စစ်အုပ်ချုပ်ရေး စနစ်ဆိုတာကို အမှန်အတိုင်း သိမြင်ဖို့နဲ့ လူထုတရပ်လုံးက သူတို့အပေါ် ကျရောက်နေတဲ့ ဒီစနစ်ဆိုးအရိပ်မည်းကြီးကို ကိုယ်တိုင်တော်လှန်ရမယ်၊ ကိုယ်ဖယ်ရှားမှ ဖြစ်မယ်၊ ကယ်တင်ရှင်လဲ လာမှာမဟုတ်၊ မင်းလောင်းလဲ ပေါ်မှာ မဟုတ်ဆိုတာကို အမှန်အတိုင်း သိလာဖို့ ဖြစ်ပါတယ်။ လူထုကို ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်၊ သွားပေးစရာမလိုပါ။ ခေါင်းဆောင်တွေက ညွန်ကြားတာပါ သွားလုပ်စရာ မလိုပါ။ ဒီနေ့ခေါင်းဆောင်လဲ နက်ဖြန်လူထုကို ခေါင်းဆောင်ချင်မှ ခေါင်းဆောင်နိုင်ပါတယ်။ အတွေးအခေါ်နဲ့ တည်ဆောက်ထားမှုအင်အား အမြစ်တွယ်နေတဲ့အခါ တိုက်ပွဲတွေဟာ ခေါင်းဆောင်တွေကို မွေးဖွားပေးလာမှာ ဖြစ်ပါတယ်။ အတွေးအခေါ်နဲ့ တိုက်ပွဲပေါင်းစပ်လာမှုမှာ ညီညွတ်ရေးကလဲ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ တည်ဆောက်တာမရှိ၊ ဘုံရန်သူမရှိ၊ အတွေးအခေါ်မရှိဖြစ်နေရင်တော့ တိုက်ပွဲဆိုတာကလဲ ခိုင်ခိုင်မာမာ ထွက်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ညီညွတ်ရေးကလဲ ရှိလာမှာ မဟုတ်ပါဘူး။ ဒါတွေမလုပ်ပဲ ညီညွတ်ရေးလုပ်ရမယ်ဆိုပြီး အတွေးအခေါ်ကို ကနဦးမစပဲ လူစုမိရာ အုပ်ဖွဲ့လုပ်နေရင်တော့ အေ၊ ဘီ၊ စီ အဖွဲ့ပေါင်းစုံတွေ များလာတာပဲ အဖတ်တင်ပါလိမ့်မယ်။ ပင်လယ်ကွေ့ဒေသနဲ့ ပတ်သက်ပြီး ကျွန်မတို့ မြန်မာတွေအတွက် သင်ခန်းစာယူစရာတွေ အများကြီး ရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာလဲ ဒီဒေသအပြောင်းအလဲတွေဟာ ကျွန်မတို့နဲ့ တနည်းမဟုတ် တနည်း ဆက်စပ်နေဦးမှာပါပဲ။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ပင်လယ်ကွေ့ဒေသဆိုတာ ကမ္ဘာတ၀ှမ်းလုံးရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကို ဖြည့်ဆည်းပေးနေတဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ပြောင်းလဲမှုတွေဟာ ကမ္ဘာ့ရေနံဈေးကွက်နဲ့ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအပေါ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ်မှာလဲ သက်ရောက်မှုတွေ ရှိနေပါတယ်။ အခုဒီဆောင်းပါးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပင်လယ်ကွေ့ဒေသအကြောင်းကိုတော့ မရေးသားထားပါဘူး။ ဒီအကြောင်းက ကျယ်ပြန့်နက်နဲတာကြောင့် တချိန်မှာ ဆောင်းပါးသစ်တခုအနေနဲ့ သီးခြားရေးပြီး တင်ပြမှာ ဖြစ်ပါတယ်။

ခင်မမမျိုး (၂၈၊ ၆၊ ၂၀၀၉)
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers